Monday, May 27, 2013

ရှုံးပွဲမရှိပေးဂိုးမရှိအုပ်စုဗိုလ်အဖြစ်မြန်မာအမျိုးသမီးအသင်း အာရှခြေစစ်ပွဲအောင်

၂၀၁၄ အာရှ အမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(D) နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တရုတ်(တိုင်ပေ)အမျိုးသမီးအသင်းတို့ မေ(၂၅)ရက် ည(၈း၀၀) နာရီ (မြန်မာစံတော်ချိန် ည ၁၁း၃၀ နာရီ)က ပါလက်စတိုင်းနိုင်ငံ ရာမာလာရှ့်မြို့ရှိ  Faisal Al Huseni Stadium ကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိ သရေဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။မြန်မာ အ သင်း သည် အုပ်စုတွင်း ပွဲစဉ်များ တွင် (၃)ပွဲကစား ရှုံးပွဲမရှိ၊ပေးဂိုးမရှိ ရမှတ်(၇)မှတ်ဖြင့် တရုတ်
(တိုင်ပေ)နှင့် ရမှတ်တူသော်လည်း ဂိုးကွာခြားချက်အရ အုပ်စုပထမရရှိကာ ခြေစစ်ပွဲ ထိုက်တန် စွာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ပွဲစသည်နှင့် အနိမ့်ဘောများအသုံးပြုကာ ထိုးဖောက်တိုက်စစ်ဆင်ခဲ့သော် လည်းတရုတ်(တိုင်ပေ)နောက်တန်းအကောင်းဆုံးဖျက်ထုတ်နိုင်ခဲ့သဖြင့် ဂိုးသွင်း ခွင့် ပိုင်ပိုင်နိုင်နိုင်မ ရရှိခဲ့ပေ။ တရုတ်(တိုင်ပေ)အသင်းမှာ အရပ်အမောင်းကောင်းပြီး  တစ်ဦးချင်း ကျွမ်းကျင်မှုရှိသော ကစားသမားများဖြင့် စုဖွဲ့ထားသဖြင့် မြန်မာအသင်း အခက်တွေ့ခဲ့ရသည်။ ပွဲချိန်(၅)မိနစ်တွင် ဂိုးသမားကန်တင်သည့် ဘောလုံးအား ရီရီဦး ၁၈ ကိုက်ထိပ်မှ ခုန်ပျံ၍ ပိတ်ဆို့ရာမှ မြန်မာအသင်း ဂိုးရရန်အခွင့်အရေးရရှိခဲ့သော်လည်း တိုင်ပေ နောက်တန်းလူများ အလျင်အမြန် ကာကွယ် သွားနိုင် ခဲ့သည်။တရုတ်(တိုင်ပေ)ဘက်မှပထမပိုင်းမိနစ်(၂၀)၀န်းကျင်ခန့် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် မြန်မာ အသင်းအား အမြင့်ဘောများ အသုံးပြု ထိုးဖောက်ခဲ့ရာ မိုးမိုးဝါ၊ ခင်သန်းဝေ၊ နန်းကြေးငုံနှင့် ဖူးပွင့်ခိုင်တို့ အသည်းအသန် ဖျက်ထုတ်နေခဲ့ရသည်။ တရုတ် (တိုင်ပေ)မှ ကျောနံပါတ် ၁၆၊ ၉၊ ၁၉၊ ၂၃ နှင့် ၁၁ စသည့် ကစားသမားများမှာ အရပ်အမောင်းကောင်းပြီး မြန်မာအသင်း၏ ဘယ်ခြမ်းမှ သာ ဖြတ်တင်ဘောများ ပေးပို့ တိုက်စစ်ဆင်သွားခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် ခင်မိုးဝေ အားအ ဖျက်ကြမ်းခဲ့သည့်အတွက် ဘီးကုပ်ထိပ်တွင် မြန်မာအသင်း ပြစ်ဒဏ်ဘောကန် ခွင့်ရရှိခဲ့ရာ အ သင်းခေါင်းဆောင် ခင်မာလာထွန်း အပြင်းကန်သွင်းယူသော်လည်း ဂိုးဘေးနားကပ်ထွက်သွား သဖြင့် မြန်မာအသင်း နစ်နာသွားခဲ့ရသည်။ ပထမပိုင်း ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး မြန်မာအသင်း ဘက်မှ ဒဏ်ရာရရှိသွားသည့် နော်အားလို ၀ါးဖောအစား မာဂရက်မေရီကို ထည့်သွင်းခဲ့သည်။

တရုတ်(တိုင်ပေ)အသင်းမှာ အနိုင်ရရှိမှသာလျင် ခြေစစ်ပွဲအောင်မည်ဖြစ်၍ ဒုတိယပိုင်းတွင် တိုက်စစ်ဆင်မှုများ ပိုမိုပြုလုပ်လာခဲ့သည်။ သို့သော် မြန်မာအသင်းတွင် အကောင်းဆုံး ခြေစွမ်းပြ ကစားသွားခဲ့သည့် နောက်ခံလူ မိုးမိုးဝါ၏ ခေါင်းတိုက် ဖျက်ထုတ်မှုများ၊ ခင်သန်းဝေ ၏ တားဆီး ပိတ်ဆို့မှုများကြောင့် အခွင့်အရေးမရရှိခဲ့သလို ဘယ်နောက်ခံလူ ဖူးပွင့်ခိုင် မနားတမ်း တက်ဆင်း ဖျက်ထုတ်နိုင်မှုကြောင့်တိုင်ပေအသင်း ဖြတ်တင်ဘော ပေးပို့ရန်အခက်တွေ့ရသည်။ မြန်မာအသင်းမှာ နောက်တန်း မှ ဘောလုံးရသည်နှင့် ခင်မာလာထွန်း၊သန်းသန်းထွေးတို့ ကောင်တာတိုက်စစ်ဖြင့် ဂိုးရရန် ကြိုးပမ်း ခဲ့သည်။ပွဲချိန်မိနစ်၆၀တွင် မြန်မာအသင်း ထောင့်ကန်ဘောမှ နောက်ခံလူမိုးမိုးဝါ ခေါင်းတိုက်သွင်းယူခဲ့သော်လည်း ဂိုးဘေးနား ကပ်ထွက်သွားခဲ့သည်။ တရုတ်(တိုင်ပေ)အသင်းမှာ ဒုတိယပိုင်းတွင် ဂိုးသွင်းခွင့် ၂ ကြိမ်ရရှိခဲ့သော်လည်း ဂိုးသမား မေခင်ယမင်း ကာကွယ်မှုကြောင့် အလဟဿ ဖြစ်သွားခဲ့သည်။ နာကျင် အချိန်ပို(၂)မိနစ်တွင် မြန်မာအသင်း ဂိုးမပေးရရေးအတွက် တစ်သင်းလုံး ခုခံကာကွယ်နိုင်ခဲ့ ပြီး ထိုင်း ကွင်းလယ်ဒိုင်၏ ပွဲသိမ်းခရာမှုတ်သံအဆုံးတွင် ၂၀၁၄ အာရှအမျိုးသမီးချန်ပီယံရှစ် ဖိုင်နယ်သွားခွင့်လက်မှတ် ရရှိသွား ခဲ့သည်။ မြန်မာအသင်း သည် ခြေစစ်ပွဲ(၃)ပွဲ တွင် ပေးဂိုးမရှိ သကဲ့သို့ အ၀ါကတ်၊အနီကတ် တစ်ကြိမ်မျှ ပြသခံရခြင်းမရှိဘဲ ထိုက်ထိုက်တန်တန် အုပ်စုဗိုလ်နေ ရာရရှိခဲ့ခြင်းဖြစ်သည်။

ပွဲထွက်လူစာရင်း

ဂိုး- မေခင်ယမင်း
နောက်တန်း- ဖူးပွင့်ခိုင်၊ မိုးမိုးဝါ၊ ခင်သန်းဝေ၊ နန်းကြေးငုံ
အလယ်တန်း- နီလာမြင့်၊ခင်မာလာထွန်း၊ သန်းသန်းထွေး၊နော်အားလို ၀ါးဖော
ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ





No comments:

Post a Comment