Monday, May 13, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် အမှာစကား ပြောကြား

From : ..သမ္မတရုံး, May 13, 2013  M



နေပြည်တော် မေ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး အတွင်း ကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်ရေးအခမ်းအနားသို့တက်ရောက်၍အမှာစကား   ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်နိုင်သိန်း၊ ဦးကျော်ဆန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဥာဏ်ထွန်းအောင်၊ ဒေါက်တာမြအေး၊   ဒေါက်တာဖေသက်ခင်နှင့် ဦးဝင်းရှိန်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ဦးသာအေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သမဝါယမအသင်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရ သစ်သည် စတင်တာဝန်ယူ ချိန်မှစပြီး ပြည်သူများ၏ လိုအင်ဆန္ဒ ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး တို့ကို အဓိကဦးတည် အကောင်အ ထည်ဖော် ဆောင် ရွက်ခဲ့ပါကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် ဒီမိုကရေစီဖော်ဆောင်ရန်မှာ တည်ငြိမ်အေးချမ်းမှုသည် အဓိက အရေးကြီးသည်ဟု နားလည်ခံယူ ထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် အလေးထားဆာင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုအတွက် အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးသည် အခြေခံကျခြင်းကြောင့် မတူသည်များ ဘေးဖယ်ထားပြီး တူသည်များကို ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ အယူအဆ မတူညီကြသော နိုင်ငံအတွင်းမှ ပါတီ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ ရောက်ရှိနေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း ဥပဒေနှင့် အညီ ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ ပါကြောင်း။

ပြည်တွင်းမှ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ အနေဖြင့် ပါတီနိုင်ငံရေးတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နိုင်ငံရေး ပါတီဆိုင်ရာ ဥပဒေများကို ပြင်ဆင်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် အမျိုးသားပြန်လည်စည်းလုံးရေးကို အတိုင်းအတာတစ်ခုထိ ကြိုးပမ်း လုပ်ဆောင်ခဲ့ပါကြောင်း။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး တစ်နည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးသည်လည်း အဓိကအခြေခံကျသော အချက်တစ်ချက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါကြောင်း၊ ကျန်သည့် KIO/ KIA နှင့်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး  မကြာမီ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ ဆက်လက်ပြီး ထာဝရ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးနိုင်ရန် အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် ယနေ့အချိန်အခါတွင် ယခင်က တည်ငြိမ် အေးချမ်းမှု မရှိခဲ့သော နယ်စပ်ဒေသများတွင် အပစ်အခတ်များ ရပ်စဲပြီး ငြိမ်းချမ်းရေး ကိုတည်ဆောက်ရန် အလားအလာကောင်းများ ရရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့အတူ တစ်ဖက်မှလည်း မငြိမ်းချမ်းမှုကြောင့် ဒုက္ခရောက်ကြရသော ပြည်သူများအတွက် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။

ပြည်သူများလိုလားသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်လည်း လွတ်လပ်စွာ ထုတ်ဖော်   ပြောဆိုခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်၊ စာပေ စာနယ်ဇင်းဆိုင်ရာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေး စသည့် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အခြေခံကျသော အချက်များကိုလည်း ပြုပြင်ပြောင်းလဲဖော်ဆောင် ပေးခဲ့ပြီး လိုအပ်သည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ရုပ်သိမ်းခြင်း၊ လိုအပ်ချက်အလိုက် ပြင်ဆင်ချက်ဖြင့် ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

အလားတူ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လိုအပ်သော ကောင်းမွန်သော အုပ်ချုပ်မှု (Good  Governance) ၊ သန့်ရှင်းသော အစိုးရ (Clean Government) ဖြစ်စေရေး၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးနိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်လျက် ရှိနေပါကြောင်း။

ထို့အတူ တိုင်းပြည်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် ကြိုးပမ်းဖိတ်ခေါ် ဆောင်ရွက်ခဲ့ပါကြောင်း။

၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် (၅) ဆ တိုးတက်ခဲ့ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလီယံ၊ လုပ်ငန်းအရေအတွက် ၉၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ထရီလီယံကျပ်၊ လုပ်ငန်းအရေအတွက် ၆၅ ခု၊ အလုပ်အကိုင် အခွင့်အလမ်း ၈၂၇၉၂ ဦး ဖန်တီးပေးနိုင် ခဲ့ပါကြောင်း၊ အလုပ်များပြားသည့်ကြားမှ ယခုကဲ့သို့  တိုးတက်အောင် ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များကို ကျေးဇူး တင်ပါကြောင်း၊ ယခုအခါ အရှိန်ရနေပြီ ဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီကို အရပ်ဘက်ပုဂ္ဂိုလ် ၅ဝ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းပေးပြီး မျိုးဆက်သစ်များဖြင့် ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။

ထို့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်း၊ သီလဝါရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း အပါအဝင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှု တိုးတက်မြင့်မားလာရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အခွန်အခ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

တိုင်းပြည် စီးပွားရေး၏ အခြေခံဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေ ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီး လယ်ယာမြေ မှတ်ပုံတင်များ ပြုလုပ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့မှသာ လယ်ယာမြေ ပိုင်ဆိုင်ခွင့်များ ရရှိကြမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ အနေဖြင့် (၂ဝ၁၁ မှ ၂ဝ၃၁ အထိ) နှစ်(၂ဝ) ဆောင်ရွက်မည့် အမျိုးသား ဘက်စုံတိုးတက်ရေး စီမံကိန်း (National Comprehensive Development Plan- NCDP) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အတွက် အလှူရှင်နိုင်ငျာံး၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များပါဝင်သော ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (1st Myanmar Development Cooperation Forum) ကို  နေပြည်တော်တွင် ကျင်းပခဲ့ပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု (Political Reform)၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု (Economic and  Social Reform)၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Administrative Reform) တို့ကို ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ တိုးတက်မှု အတိုင်းအတာ တစ်ခုအထိ ရှိနေပြီဖြစ်ပါကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် (၈) ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။

ယနေ့ ကျင်းပသည့် အခမ်းအနားသည် လုပ်ငန်းစဉ်(၈)ရပ်အနက် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ လိုအပ်နေသော ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် အသေးစားငွေကြေး (Microfinance) လုပ်ငန်းနှင့် သမဝါယမ အသင်းများ အဆင့်မြှင့်တင်နိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခမ်းအနားပင် ဖြစ်ပါကြောင်း၊ အသေးစားငွေကြေး (Microfinance) လုပ်ငန်းသည် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရန်အတွက် အဓိကအခြေခံကျသော လုပ်ငန်းဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် အရင်းအနှီးမရှိ၊ မလုံလောက်သည့်အတွက် အတိုးနှုန်းကြီးမြင့်စွာဖြင့် ပြင်ပတွင် ချေးငွေရယူဆောင်ရွက်ရသဖြင့် ထိုက်သင့်သော အကျိုးအမြတ်မရရှိဘဲ မတည် င်းနှီးငွေ အခက်အခဲထဲတွင် သံသရာလည်လျက် ရှိနေကြပါကြောင်း၊ ယင်းအခက်အခဲမှ သက်သာရာရအောင် နိုင်ငံတော်အစိုးရက အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေကို ပြဋ္ဌာန်းပြီး ယင်းလုပ်ငန်းကို နိုင်ငံတော် အစိုးရ၏ ကိုယ်စား သမဝါယမဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ NGO အဖွဲ့အစည်းများကလည်း မိမိတို့ တတ်နိုင်သလောက် အသေးစား ငွေကြေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက် ရှိကြပါကြောင်း၊ ယနေ့ သမဝါယမဝန်ကြီးဌာနက ဆောင်ရွက်နေသည့် အသေးစားငွေကြေး လုပ်ငန်းသည် ပြည်သူများ လတ်တလော သက်သာ ချောင်ချိမှုရရှိစေရုံ အတွက်သာမဟုတ်ဘဲ နောင်သင့်တင့်သော ကာလတွင် ပြည်သူများ ငွေချေးစရာ မလိုတော့ဘဲ မိမိဘာသာ ရပ်တည်သွားနိုင်သည့် အခြေအနေကို ရောက်အောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက် ပေးနေခြင်း ဖြစ်ပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင်လည်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည့်အတွက် ယင်းစီမံချက်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် နိုင်ရန်အတွက် မတည်ရင်းနှီးငွေများ လိုအပ် ပါကြောင်း၊ ထို့ကြောင့် ယင်းလိုအပ်ငွေများ ရရှိနိုင်ရန်အတွက် Microfinance Bank ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ အကူအညီ (Aids, Grants) များ ရရှိရန်နှင့် ချေးငွေ (Loans) များ ရရှိရန် နိုင်ငံတော်အစိုးရကပါ ပံ့ပိုးကူညီခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

အသေးစားငွေကြေး လုပ်ငန်းသည် ပြည်သူများ လတ်တလော သက်သာချောင်ချိ စေရန်အတွက် သာမက နောင်အနာဂတ်တွင် ပြည်သူများ မိမိ ခြေထောက်ပေါ် မိမိရပ်တည်နိုင်အောင် မျှော်မှန်းဆောင်ရွက်ပေးနေသည့် အတွက် ပြည်သူများအနေဖြင့် မိမိတို့ရရှိသော ချေးငွေများကို မိမိတို့၏ လုပ်ငန်းများတွင် မှန်မှန်ကန်ကန် ထိထိရောက်ရောက် အသုံးပြုရန် လိုအပ်သကဲ့သို့ သတ်မှတ်ကာလ စေ့ရောက်သည့် အခါတွင်လည်း ချေးငွေကို မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရန် အရေးကြီးပါကြောင်း၊ တစ်ဦးချင်း တာဝန်ယူမှု၊ အဖွဲ့စနစ်ဖြင့် တာဝန်ယူမှု၊ သမဝါယမအသင်းများက တာဝန်ယူမှုတို့ဖြင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုပါကြောင်း၊ ချေးငွေရယူသော ပြည်သူများက တာဝန်ကျေရန် လိုအပ်သကဲ့သို့ ဤလုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်နေကြသော သမဝါယမဝန်ကြီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်းများမှ အမှုဆောင်များနှင့် ဝန်ထမ်းများ ကလည်း မှန်မှန်ကန်ကန် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုပါကြောင်း။

ဤအသေးစား ငွေစုငွေချေးလုပ်ငန်းသည် တချို့နိုင်ငံများတွင် အောင်မြင်မှုများ ရှိသကဲ့သို့ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရခြင်းလည်း ရှိပါကြောင်း၊ အောင်မြင်မှု ဆုံးရှုံးမှုများကို သင်ခန်းစာယူပြီး ဆင်းရဲနွမ်းပါးသူများအတွက် အမှန်တကယ် ထိရောက် အကျိုးရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အစိုးရဝန်ကြီးဌာန အသီးသီးမှဝန်ထမ်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ အားလုံးကလည်း ဤလုပ်ငန်းအောင်မြင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ရန် လိုပါကြောင်း။ ထိုသို့ ချေးငွေ ရယူကြသည့် ပြည်သူများ၊ ငွေချေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ပေးကြသော သမဝါယမဝန်ကြီးဌာနနှင့် သမဝါယမ အသင်းအဖွဲ့များ၊ ဝိုင်းဝန်းထိန်းကျောင်းပေးရန် တာဝန်ရှိကြသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အစိုးရဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များစသည့် အစုအဖွဲ့(၃) ခုက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဤစီမံချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ယနေ့ တိုင်းပြည်စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေး စနစ်နှင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာတွင် ပုဂ္ဂလိကကဏ္ဍသည် တိုင်းပြည်စီးပွားရေး၏ ပထမမဏ္ဍိုင်ဖြစ်ပြီး သမဝါယမကဏ္ဍသည် ဒုတိယမဏ္ဍိုင်ဖြစ်ကာ နိုင်ငံတော်က တတိယကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ သမဝါယမကဏ္ဍသည် တိုင်းပြည် စီးပွားရေးတွင် ဒုတိယမဏ္ဍိုင်ဖြစ်သည်နှင့်အညီ တိုင်းပြည် စီးပွားရေးကို အမှန်တကယ် ထိထိရောက်ရောက် အထောက်အကူပြု နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

တိုင်းပြည်စီးပွားရေးကို အမှန်တကယ် ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်ရေးအတွက် သမဝါယမအသင်းများကို အဆင့်တိုးမြှင့်ရန် မလွဲမသွေ လိုအပ်ပါကြောင်း၊ ထိုသို့ အဆင့်တိုးမြှင့်သည့်အခါ ငွေအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်များကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးပြီး ကုန်ထုတ်လုပ်မှု သမဝါယမအသင်းများ အဖြစ်လည်းကောင်း၊ ကုန်သွယ်မှု သမဝါယမ အသင်းများ အဖြစ်လည်းကောင်း၊ စက်မှုလယ်ယာ သမဝါယမအသင်းများ အဖြစ်လည်းကောင်း၊ သမဝါယမအသင်းတစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ်သောအသင်းများ အဖြစ်သို့ လည်းကောင်း၊ ဝန်ဆောင်မှု သမဝါယမအသင်းများ အဖြစ်လည်းကောင်း၊ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ယနေ့အခမ်းအနားတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ကလည်း သမဝါယမအသင်းများ အဆင့်မြှင့်တင်ရာတွင် လိုအပ်သော စက်ကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများ၊ နည်းပညာများကို ပြခန်းများဖြင့် ပါဝင်ပြသထားကြသည်ဟု သိရှိရပါကြောင်း၊ တက်ရောက်လာကြသော သမဝါယမ အသင်းများ၊ အသင်းသားများ အနေဖြင့် မိမိတို့၏သမဝါယမအသင်းများကို မိမိတို့၏ အခြေအနေနှင့် လိုက်လျောညီထွေစွာ အဆင့်မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီး၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ထိုပြခန်းများတွင် နည်းလမ်းများ ရရှိအောင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

သမဝါယမဝန်ကြီးဌာန အနေဖြင့်လည်း သမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးငွေကြေး၊ နည်းပညာ၊ ဈေးကွက်၊ လူ့အရင်းအမြစ် ရရှိနိုင်ရေးအတွက် နည်းလမ်းနှင့် စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း သမဝါယမအသင်းများ အဆင့်မြှင့် တင်နိုင်ရေး၊ နိုင်ငံတော်၏ စီးပွားရေး ဒုတိယမဏ္ဍိုင်အဖြစ် တိုင်းပြည် စီးပွားရေးကို အမှန်တကယ် အထောက်အကူပြု လာနိုင်စေရေးအတွက် အဘက်ဘက်က ပံ့ပိုးကူညီ ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း။

ယနေ့အခါ သမဝါယမအခြေအနေကို ကြည့်လျှင် ဖွံ့ဖြိုးနေသောနိုင်ငံ များအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ အများအပြား၌ သမဝါယမလုပ်ငန်းများနှင့် ကြိုးပမ်း အကောင်အထည်ဖော် လျက်ရှိကြပြီး သမဝါယမလုပ်ငန်းများ အောင်မြင်နေတာ ကိုလည်း တွေ့မြင်နိုင်ပါကြောင်း။

ဥပမာ-အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် သမဝါယမအသင်း အများဆုံးရှိသော နိုင်ငံဖြစ်ပြီး နိုင်ငံသား ၄ဝ ရာခိုင်နှုန်းက သမဝါယမ အသင်းသားများ ဖြစ်ကြပါကြောင်း၊ Farmer Cooperative of America ဆိုသည့် သမဝါယမ အသင်းသည် အမေရိကန်နိုင်ငံတွင် အောင်မြင်နေသော သမဝါယမအသင်းဖြစ်ပြီး လယ်ယာ၊ စားသောက်ကုန်၊ ကျန်းမာရေး၊ ငွေကြေး စသည့်လုပ်ငန်းများကို လုပ်ဆောင်နေ ပါကြောင်း၊ အသင်းပေါင်း ၂၉၂၁၄ သင်းဖြင့် အသင်းသား သန်း ၁၁ဝ ရှိသည်ဟု သိရပါကြောင်း။

အလားတူ ဂျပန်နိုင်ငံ၌ လယ်ယာလုပ်ငန်း အားလုံးကို သမဝါယမ လယ်ယာ အသင်းများက ရာနှုန်းပြည့် လုပ်ကိုင်ပါကြောင်း၊ ဂျာဆန်ချူ (JA-Zenchu) စိုက်ပျိုးရေးသမဝါယမ အသင်းစုချုပ်သည် အောင်မြင်နေသော သမဝါယမ အသင်းဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သီးနှံရောင်းဝယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ သွင်းအားစုများပံ့ပိုးရေးနှင့် အသေးစားငွေချေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အသင်းဝင် အသင်းပေါင်း ၉၉၆ သင်း ရှိပြီး အသင်းသား ကိုးသန်း ကျော်ရှိသည်ဟု သိရပါကြောင်း။

အလားတူ အိန္ဒိယနိုင်ငံ၌ India Farmers Fertilizer Cooperative- IFFCO ဓာတ်မြေသြဇာ ထုတ်လုပ်ရောင်းချရေး သမဝါယမအသင်းသည် အောင်မြင်နေသော သမဝါယမအသင်း တစ်သင်း ဖြစ်ပြီး အသင်းပေါင်း ၃၉၈၂၄ သင်း၊ အသင်းသား လယ်သမား သန်း ၆ဝ ကျော်ရှိသည်ဟု သိရပါကြောင်း။

ယင်းတို့မှာ ဥပမာအနေဖြင့် အနည်းငယ် ထုတ်နုတ်တင်ပြခြင်းဖြစ်ပြီး သမဝါယမလုပ်ငန်း အောင်မြင်နေသော နိုင်ငံအများအပြား ရှိနေသေးသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ သမဝါယမအသင်းများ အနေဖြင့်လည်း နိုင်ငံတကာမှ အောင်မြင်နေသော သမဝါယမ အသင်းများနည်းတူ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက် လာအောင် ယခုအချိန်မှစပြီး လူသစ် စိတ်သစ် စနစ်သစ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့အခမ်းအနားသည် မြန်မာနိုင်ငံတော်သစ်၏ သမဝါယမ တစ်ခေတ်ဆန်းမည့် အခမ်းအနားဖြစ်သကဲ့သို့ တိုင်းပြည်၏ လူအများစုဖြစ်သော ကျေးလက်နေ ပြည်သူများ၊ မြို့ပြနေအခြေခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး အတွက် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် အစပြုသည့်နေ့ ဟုလည်း ဆိုနိုင်ပါကြောင်း၊ ထို့ကြောင့် ယနေ့ အခမ်းအနားကို တက်ရောက် လာကြသော ကျေးလက်နှင့်မြို့ပြမှ သမဝါယမအသင်းသားများ၊ သမဝါယမအသင်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သမဝါယမဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များအားလုံးက အသေးစား ငွေကြေးလုပ်ငန်းနှင့် သမဝါယမ အသင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဝန်ကြီးဌာန အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် ဦးတည်ချက် (၂) ရပ်နှင့် လုပ်ငန်းစဉ် (၅) ရပ် ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အတွင်းရှိ သမဝါယမ အသင်းများသို့ အသေးစားချေးငွေများကို ပေးအပ်ကြသည်။

ထို့အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက သမဝါယမဝန်ကြီးဌာနနှင့် Good Brothers ကုမ္ပဏီတို့ ပေါင်းစပ်၍ အရစ်ကျစနစ်ဖြင့် ပံ့ပိုးပေးသည့် လယ်ယာသုံးစက်ကိရိယာများကို သမဝါယမအသင်းများသို့ ပေးအပ်ခဲ့ပြီး ပုသိမ်ကြီးမြို့နယ်မှ အသင်းသား တောင်သူ ဦးစိန်ထွန်းက ပံ့ပိုးပေးမှုအတွက် ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၃၁ မြို့နယ်ရှိ သမဝါယမအသင်းပေါင်း ၁၇၂ဝ မှ အသင်းသား ၁၁၉၅၅၃ ဦးအတွက် ထုတ်ချေးငွေမှာ ငွေကျပ် ၅၅၆ဝ၄ ဒသမ ၇၅ သိန်းဖြစ်သည်။

အလားတူ မြို့နယ် ၃ဝ ရှိ သမဝါယမအသင်း ၁ဝ၉ သင်းသို့ ငွေကျပ် ၃၆၄၅ ဒသမ ၃၆၃ သိန်း တန်ဖိုးရှိ လက်တွန်းထွန်စက် ၆၃ စီး၊ ထွန်စက် ငါးစီး၊ Faw ကား နှစ်စီး၊ ကောက်စိုက်စက်နှင့် ရိတ်သိမ်းစက် တစ်စီးစီ၊ ခြွေလှေ့စက် နှစ်စီး၊ ထော်လာဂျီ အစီး ၅ဝ၊ သုံးဘီးဆိုင်ကယ် ၁၆ စီး၊ ရေစုပ်စက် ၈၅ လုံး၊ မြက်ဖြတ်စက် နှစ်လုံး၊ အင်ဂျင်/ဒိုင်နမိုအမျိုးမျိုး ၂၂ လုံး စုစုပေါင်း လယ်ယာသုံး စက်ကိရိယာ ၁၁ မျိုးကို အရစ်ကျစနစ်ဖြင့် ပံ့ပိုးပေးခဲ့ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် အမျိုးသားဇာတ်ရုံဥပစာတွင် ခင်းကျင်းပြသထားသည့် သမဝါယမဝန်ကြီးဌာန၏ လှုပ်ရှားမှုဓာတ်ပုံပြခန်း၊ ဝန်ကြီးဌာန များနှင့် ဦးစီးဌာနများ၏ ပြခန်းများနှင့် လယ်ယာသုံး စက်ကိရိယာများ ခင်းကျင်း ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် အမရပူရမြို့နယ်ရှိ သမဝါယမဝန်ကြီးဌာန အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဆောင်းဒါး ရက်ကန်းကျောင်း အဆင့်မြှင့်တင်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေတို့က ဆောင်းဒါးရက်ကန်း ကျောင်းအပါအဝင် ရက်ကန်းကျောင်းများအား အဆင့်မြှင့်တင်မည့် အစီအစဉ်၊ ပုဂ္ဂလိက ချည်ထည်လုပ်ငန်း အခြေအနေနှင့် ရက်ကန်းသင်တန်းများ ဖွင့်လှစ် သင်ကြားနေမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ဆွေးနွေးမှာကြားရာတွင် ဤသင်တန်းကျောင်းသည် အစဉ်အလာ ကြီးမားသည့် သင်တန်းကျောင်းကြီး ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် အသက်မွေး ဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးသည့် ကျောင်းဖြစ်သဖြင့် တက္ကသိုလ်အဆင့်အထိ တိုးတက်ဖွင့်လှစ် သင်ကြားပေးနိုင်အောင် ကြိုးစား ဆောင်ရွက် ကြစေလိုကြောင်း။

လူတစ်ဦး၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးရာတွင် လက်ရှိအခြေအနေ၌ ပြည်သူတစ်ရပ်လုံး၏ စားရေးအတွက် ဖူလုံပိုလျှံလျက်ရှိပြီး နောင်တွင် တိုးတက်လာမည့် လူဦးရေသန်း ၁ဝဝအတွက် စားရေး ဖူလုံမှုရှိအောင် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ဝတ်ရေးအတွက်မူ အဝတ်အထည်များ ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်း မရှိသေးသဖြင့် ပြည်ပမှအဝတ်အထည်များ ဈေးကွက်တွင် ဝင်ရောက်နေရာ ယူနေကြောင်း၊ လက်ရက်ကန်းဖြင့် ထုတ်လုပ်သော Hand Made  ချည်ထည်များကို ကမ္ဘာ့နိုင်ငံတိုင်းက အမြတ်တနိုး တန်ဖိုး ထားကြကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း လက်ရက်ကန်းဖြင့် ချည်ထည်များ ရက်လုပ်မှုမှာ ရိုးရာအမွေအနှစ် ဖြစ်သဖြင့် မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ သို့သော်အဝတ်အထည် ဖူလုံရန်အတွက် အရေအတွက် များများ ထုတ်လုပ်နိုင်သည့် စက်ရက်ကန်းလုပ်ငန်း ကိုလည်း ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နေရေးအတွက်မှာလည်း လိုအပ်သည့် သစ်၊ ဝါး၊ အုတ်၊ သဲ၊ ကျောက်စသည်တို့မှာ ပြည်တွင်းမှာပင် လုံလောက်စွာ ရရှိနိုင်သည့်အတွက် စားဝတ်နေရေးဟူသည့် အရေးသုံးပါးတွင် ဝတ်ရေးကို ဖူလုံပြည့်စုံအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊ နယ်စပ်ဒေသနေ တိုင်းရင်းသားများမှာ လက်ရက်ကန်းကို လုပ်ကိုင်ကြသဖြင့် ရက်ကန်း သင်တန်းကျောင်းများတွင် တိုင်းရင်းသားသင်တန်းသားများကို ခေါ်ယူသင်ကြား ပေးစေ လိုကြောင်း၊ ဤသင်တန်းကျောင်းမှ ထူးချွန်ထက်မြက်သည့် သင်တန်းသားများအား သမဝါယမအသင်းများက အရင်းအနှီးများ မတည်ပေးခြင်းဖြင့် ရက်ကန်းလုပ်ငန်းရှင်များ ပေါ်ထွန်းလာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည် ဖြစ်ကြောင်း၊ ထို့အတူ စက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဂဟေဆက် သင်တန်း၊ လက်သမားသင်တန်း၊ သံချည်သံကွေး သင်တန်း၊ ပန်းရန်သင်တန်း စသည်တို့ကိုလည်း သင်တန်းကျောင်း များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖွင့်လှစ် သွားရန်ဖြစ်ကြောင်းဖြင့် မှာကြားပြီး ရက်ကန်းကျောင်းရှိ လေ့ကျင့်ရေး စက်ရက်ကန်းရုံနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ထုတ်လုပ်သည့် အဝတ်အထည်ပြခန်းများ၊ သင်တန်းကျောင်း၏ အထည်ရက်လုပ်မှု ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။

ဆောင်းဒါးရက်ကန်းကျောင်းကို ၁၉၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် သက်တမ်း (၉၉)နှစ်ရှိပြီ ဖြစ်သည်။ အဆိုပါရက်ကန်းကျောင်း မဖွင့်လှစ်မီက အထည်ရက်လုပ်သည့် မြန်မာ့ရိုးရာ လက်ထိုးရက်ကန်းစင်မှာ လွန်းကိုလက်ဖြင့် တွန်းပို့၍ ရက်လုပ်ရပြီး အထည်သားအနံ ၂၄လက်မသာ ရက်လုပ်နိုင်ခဲ့သည်။ ၁၉၁ဝခုနှစ်တွင် အထက်မြန်မာပြည် တရားရေးမင်းကြီး Mr. L. H. Saunders က အင်္ဂလန်မှ လွန်းပြန်လက်ခတ်ကို ယူဆောင်ကာ မြန်မာ့ရိုးရာ လက်ရက်ကန်းစင်ပေါ် တင်၍ အမရပူရမြို့နယ်ရှိ ရက်ကန်း လုပ်ငန်းရှင်များကို ရက်ခတ်ပြသပေးခဲ့ရာ ကြိုက်နှစ်သက်ကြသဖြင့် သင်တန်းများ ဖွင့်လှစ်ပေးရာမှ ရက်ကန်းသင်တန်းကျောင်း စတင်ပေါ်ပေါက် လာခြင်းဖြစ်သည်။

လွန်းပြန်လက်ခတ်ရက်ကန်းစင်မှာ လွန်းကိုလက်ဖြင့် မထိုးရဘဲ လက်ခတ်ကို တွန်းထိုးရုံမျှဖြင့် လွန်းအလိုအလျောက် သွားခြင်းကြောင့် အချိန်ကုန်သက်သာ၍ အထည်သား ပိုမိုကောင်းမွန်သည့် အထည်အရေအတွက်များများ ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင်အထည်သားအနံ ၄၅လက်မ(အနံကြီး) ထုတ်လုပ်နိုင်ခဲ့သည်။

၁၉၅၂-၁၉၅၃ခုနှစ်တွင် စက်ရက်ကန်းစင်များ တပ်ဆင်၍ စက်ရက်ကန်းသင်တန်းများ ဖွင့်လှစ်ခဲ့သည်။ ယနေ့အချိန်တွင် အထည်အလိပ် အတတ်ပညာ သင်တန်း၊ ရိုးရာလွန်းရာကျ အချိတ်သင်တန်း၊ ရွှေချည်ငွေချည်ထိုး သင်တန်း၊ ဂျပ်ခုတ်စာစည်းကြိုး သင်တန်းနှင့် စက်ပြင်/စက်မောင်း သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။ ထို့အပြင် ဒိုဘီ စက်ခေါင်းဖြင့် အပွင့်ဖော်ခြင်း၊ အထည်ဒီဇိုင်း၊ ချည်မျှင်နှင့် အထည်ဓာတုဆိုးဆေးနှင့် သဘာဝဆိုးဆေး၊ အထည်ပန်းပုံ ရိုက်နှင့် ဘောင်ဖြင့် ပန်းပုံရိုက် သင်တန်းတို့ကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်သည်။ ဆောင်းဒါးရက်ကန်းကျောင်းအား သိပ္ပံအဆင့်တိုးမြှင့်ပြီး ဒီပလိုမာ လက်မှတ်ပေးအပ်ရန် တက္ကသိုလ်များ ဗဟိုကောင်စီက သဘောတူညီပြီးဖြစ်ကြောင်း သိရှိရသည်။

သမဝါယမဝန်ကြီးဌာနအောက်တွင် ဆောင်းဒါးရက်ကန်းကျောင်းအပြင် အထက်တန်း ရက်ကန်းကျောင်း ရှစ်ကျောင်းနှင့် အခြေခံ ရက်ကန်းကျောင်းငါးကျောင်းတို့ကို ဖွင့်လှစ်ထားသည်။

ရက်ကန်းကျောင်းများအား အဆင့်မြှင့်တင်ရာတွင် ရက်ကန်းပညာ (ရိုးရာလက်ရက်ကန်းနှင့် စက်ရက်ကန်း)၊ မြန်မာ့ရိုးရာ လွန်းရာကျ အချိတ်နှင့် ရွှေချည်ထိုးပညာတို့ကို သင်ကြားပေးရန် ရည်ရွယ်ထားသည်။ ရက်ကန်းကျောင်းများ၏ သင်တန်း ကာလနှင့် သင်ရိုးညွှန်းတမ်းကို လက်တွေ့လုပ်ငန်းခွင် လိုအပ်ချက်များနှင့် အညီပြောင်းလဲမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း သင်တန်းအသစ် များကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။

နိုင်ငံတစ်ဝန်းရှိ မြို့နယ်၄၄ခုတွင် ပုဂ္ဂလိက ချည်ထည် လုပ်ငန်းရှင်စုစုပေါင်း ၂၄၃၃ဦး ရှိပြီး စက်ရက်ကန်းစင် ၁၃၅၁၆ခု နှင့် လက်ရက်ကန်းစင် ၁ဝ၂၈ဝဖြင့် ကျား/ မ ဝတ်လုံချည် အမျိုးမျိုး၊ ချည်အင်္ကျီစအမျိုးမျိုး၊ ပိုးထည်များ၊ စောင်၊ တဘက်၊ လွယ်အိတ်၊ ပဝါအမျိုးမျိုး၊ ကုလားထိုင်ခင်း၊ အိပ်ရာခင်းစသည်တို့ကို ထုတ်လုပ်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးတွင် ချည်ထည်လုပ်ငန်းရှင် ၁၉၅၉ဦး ရှိပြီး စက်ရက်ကန်းစင် ၁၂၁၃၂ ခုနှင့် လက်ရက်ကန်းစင် ၁၉၇၂ခု တို့ဖြင့် အထည်အမျိုးမျိုးကို ထုတ်လုပ်လျက် ရှိသည်။ စက်ရက်ကန်းစင်များမှ တစ်လလျှင် ကျား/ မဝတ် လုံချည်ပျမ်းမျှ ၅၂သိန်း၊ တစ်နှစ်လျှင်ပျမ်းမျှ ၆၂၄သိန်း ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်မှုတန်ဖိုးမှာ တစ်လလျှင် ခန့်မှန်း ငွေကျပ် ၁၄ဒသမ ၅၅၈ဘီလီယံ၊ တစ်နှစ်လျှင် စုစုပေါင်း ငွေကျပ် ၁၇၄ ဒသမ ၇ ဘီလီယံ ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတသည် ဆောင်းဒါးရက်ကန်းကျောင်းမှ တစ်ဆင့် မန္တလေးတိုင်း ဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Myanmar Dairy Industries Ltd. တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးနို့ချက် စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတွင်နို့မှုန့် ထုတ်လုပ်နေမှုနှင့် စက်ရုံကထုတ်လုပ်သည့် နို့နှင့်နို့ထွက် ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် Myanmar Dairy Industries Ltd. မန်နေဂျင်း ဒါရိုက်တာ ဦးစောဘလာထူးတို့က နို့ချက် စက်ရုံပေါ်ပေါက်လာပုံ၊ စက်ရုံမှ ထုတ်လုပ်သည့် နို့ထွက်ပစ္စည်းများနှင့် စက်ရုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများ အလုပ်အကိုင်များများ ရရှိရေးနှင့် ပြည်ပမှနို့နှင့်နို့ထွက် ပစ္စည်းများ တင်သွင်းနေရမှုကိုလျှော့ချနိုင်ရေးတို့အတွက် ဦးတည်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ထို့အတူ ၂ဝ၁၅ခုနှစ်တွင် အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိတော့မည်ဖြစ်ရာ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကိုပါ ထိုးဖောက်နိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ဖက်စပ် လုပ်ကိုင် သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နို့နှင့်နို့ထွက် ပစ္စည်းစက်ရုံများကို နေရာ အနှံ့အပြားတွင် တည်ဆောက်လုပ်ကိုင်မနေဘဲ သမဝါယမအသင်းများ၏ စုစည်းအားဖြင့် တစ်နေရာတည်းတွင် စက်ရုံကြီးတစ်ရုံကို တည်ဆောက် လုပ်ကိုင်သွားကြရန် ဖြစ်ကြောင်း၊ ယင်းသို့ တည်ထောင်ရာတွင် နွားမွေးမြူသည်မှ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သည်အထိ Supply Chain တစ်ခုလုံးကို ခေတ်မီ နည်းပညာများဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

အဆိုပါစက်ရုံကို ၁၉၈၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး စက်ရုံမှနို့ဆီ၊ နို့စိမ်း၊ နို့မှုန့်၊ ထောပတ်နှင့်ရေခဲမုန့်တို့ကို ထုတ်လုပ်လျက်ရှိသည်။

နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မွန်းလွဲ၂နာရီခွဲတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင်နေပြည်တော်သို့ ပြန်လည် ရောက်ရှိသည်။
.. www.MyanmarExpress.net

No comments:

Post a Comment