Wednesday, May 14, 2014

တရုတ်က စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာမည်လော

နှစ်ဆယ်ရာစုနှစ် နှောင်းပိုင်းကာလမှ
စ၍ စီးပွားရေးလျင်မြန်စွာတိုးတက်ဖွံ့ဖြိုး
လာခဲ့သော တရုတ် ပြည်သူ့သမ္မတနိုင်ငံ
၏ စီးပွားရေးကအခြားသော စက်မှုအင်
အားကြီးချမ်းသာသောနိုင်ငံများ ကို
 ကျော်ဖြတ်ကာ အမေရိကန်၏ နောက်
တွင်ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးမားဆုံးနိုင်ငံအဖြစ်
သို့ ရောက်ရှိလာခဲ့သည်။ ယခုအခါတွင်မူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးအင်အားက အမေရိကန်ကိုပင် ကျော်ဖြတ်ကာ လာမည့်နှစ် အနည်းငယ်အတွင်း ကမ္ဘာပေါ် တွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာနိုင်ကြောင်း စီးပွားရေး ပညာရှင်အချို့က သုံးသပ် ခန့် မှန်းလာကြသည်။
ကမ္ဘာ့ထိပ်တန်းစီးပွားရေး စာရင်းဇယား အချက်အလက်ဆိုင်ရာအဖွဲ့အစည်းများကဆိုလျှင် အမေရိ ကန်၏ စီးပွားရေးသည် ၂ဝ၁၄ ခုနှစ်အတွင်းမှာပင် တရုတ်နိုင်ငံ၏ ကျော်ဖြတ်မှုကို ခံရကာ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ လျော့ကျလိမ့်မည်ဟု မျှော်လင့် ထားကြ သည်။ အမေရိကန်သည် ၁၈၇၂ ခုနှစ်တွင် ယူနိုက်တစ်ကင်းဒမ်းနိုင်ငံကို သာလွန်ကာ ကမ္ဘာ့စီး ပွားရေး အင်အားအကြီးဆုံးနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ စီးပွားရေးပညာရှင် အများစုကမူ တရုတ်အနေဖြင့် ၂ဝ၁၉ ခုနှစ်ခန့်တွင် အမေရိကန်ကို စီးပွားရေးအင်အားအရသာ လွန်သွားလိမ့် မည်ဟု မကြာမီကပင် သုံးသပ်ပြောကြားခဲ့ကြသည်။
သို့ရာတွင် တရုတ်နိုင်ငံအဖို့အခြားသော စီးပွားရေးအင်အားကြီးနိုင်ငံများကဲ့သို့ပင် ကမ္ဘာ့စီးပွားရေး ပျက် ကပ်၏ အကျိုးဆက်များကိုမလွဲမရှောင်သာ ခံစားခဲ့ရသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုး တက်မှုနှုန်းမှာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် နှေးကွေးကျဆင်းခဲ့ရသည်။ ထို့ကြောင့်လည်း တရုတ်နိုင်ငံအတွင်း၌ပင် ငွေကြေးဆိုင်ရာ အကျပ်အတည်းတစ်ခု တွေ့ကြုံလာရဖွယ် ရှိနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းကြသည်။ အကယ်၍ မူဝါဒချမှတ်သူများအနေနှင့် ထိုအခြေအနေကို လျင်မြန်စွာလေ့လာသုံးသပ်၍ ဖြေရှင်းနိုင်ပါကအဆိုပါ အကျပ်အတည်းက လာမည့်နှစ်အနည်း ငယ်အတွင်း ပေါ်ပေါက်လာနိုင်ကြောင်းကိုလည်း တစ်ဖက်မှ သုံးသပ် ထားကြပြန်သည်။
တရုတ်နိုင်ငံအနေဖြင့် ငွေကြေးဆိုင်ရာ လုပ်ငန်းချဲ့ထွင်မှု အကျယ်ပြန့်ဆုံး အခြေအနေကာလကို သမိုင်းတွင် ကျော်ဖြတ်ခဲ့သည်။ လွန်ခဲ့သောခြောက်နှစ်အတွင်းမှာပင် တရုတ်နိုင်ငံ၏ စီးပွားရေး၌ ငွေကြေးလည် ပတ်မှုတန်ဖိုးက သုံးဆခန့် တိုးတက်လာခဲ့သည်။ ထိုကာလအတွင်း အမေရိကန်ပြည်ထောင်စုအနေနှင့်မူ ၎င်း၏ စီးပွားရေး၌ ငွေကြေးလည်ပတ်မှုကို လေးဆခန့်သာ တိုးချဲ့နိုင်ခဲ့သည်။
နှစ်ဆယ့်တစ်ရာစုအစ ကာလအတွင်း ကမ္ဘာ့စီးပွားရေးကို လေ့လာကြည့်ပါက အပြောင်းအလဲ များဖြစ် ပေါ်ခဲ့သည်ကို တွေ့ရနိုင်သည်။ အဓိကမှာ အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံကြီးများ၏ ကမ္ဘာ့စီးပွားရေးတွင် အရေးပါမှု တိုးတက်လာခဲ့ခြင်းဟု ဆိုရပေမည်။ အိန္ဒိယဆိုလျှင် ကမ္ဘာ့စီး ပွားရေး တွင် ဒသမမြောက် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်မှ တတိယမြောက်စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိ လာခဲ့သည်။ ၎င်း၏ စီးပွားရေးအင်အား ပမာဏ က၂ဝဝ၅ ခုနှစ်၌ အမေရိကန်စီးပွားရေး၏ ၁၉ ရာခိုင်နှုန်းသာ ရှိရာမှ ၂ဝ၁၁ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်း သို့ နှစ်ဆနီးပါးတိုးတက်လာခဲ့သည်။
ရုရှား၊ ဘရာဇီး၊ အင်ဒိုနီးရှားနှင့် မက္ကဆီကိုတို့ကလည်း ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ ၁၂ နိုင်ငံစာရင်းတွင် ပါဝင်လာခဲ့ကြသည်။ နေထိုင်မှုစရိတ်ကြီးမြင့်ခြင်းနှင့် ဖွံ့ဖြိုးမှုနည်းလာခြင်း တို့က ယူနိုက်တစ် ကင်းဒမ်းနှင့် ဂျပန်နိုင်ငံတို့ကို ကမ္ဘာ့စီးပွားရေးအင်အားအ ကြီးဆုံးနိုင်ငံများ အတွင်း ၂ဝဝ၅ ခုနှစ်၌ ပို၍ပင် အဆင့်နိမ့်ကျသွားစေခဲ့သည်။ သို့ရာတွင် ကမ္ဘာပေါ်၌ချမ်း သာသောနိုင်ငံများက တစ်ကမ္ဘာလုံး အသားတင်ကုန် ထုတ်လုပ်မှုပမာဏ၏ ၅ဝ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြကြောင်း၊ လူဦးရေအရမူချမ်းသာသော နိုင်ငံများ၌ ကမ္ဘာ့ စုစုပေါင်းလူဦးရေ၏ ၁၇ ရာခိုင်နှုန်းသာ နေထိုင်လျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။ ၎င်းက ကမ္ဘာပေါ်တွင် ချမ်းသာသောနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကွာဟမှုကို ဖော်ပြနေခြင်းလည်းဖြစ်သည်။

ဤသို့သော ကမ္ဘာ့စီးပွားရေး၌ပြောင်းလဲမှုများရှိနေသော ကာလတွင် တရုတ်နိုင်ငံ၏ ငွေကြေး ဆိုင်ရာ လည်ပတ်မှုက တစ်ကြိမ်မျှ မကြုံခဲ့ဖူးလောက်အောင် တိုးချဲ့လာခဲ့ခြင်းက တရုတ်စီး ပွားရေး တိုးတက်မှုနှုန်း အထူးမြင့်မားလာခဲ့ရခြင်း၏ မူလအကြောင်းရင်းအဖြစ်လည်း တစ်စိတ်တစ်ဒေသ အားဖြင့် ပါဝင်လျက်ရှိပေ သည်။ သို့ရာတွင် ၂ဝ၁၃ ခုနှစ်အတွင်းကမူ တရုတ်နိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် အလုပ်လုပ်နိုင်သူအရေ အတွက် လျော့ကျမှု စတင်ဖြစ်ပေါ်ခဲ့သည်။ ထိုအခြေအနေ ကနောက်ထပ် ဆယ်စုနှစ် နှစ်ခုအတွင်းဆက်လက် ဖြစ်ပေါ်နေလိမ့်ဦးမည်ဟုလည်း ခန့်မှန်းရသည်။ အကယ်၍တရုတ်နိုင်ငံအနေဖြင့် လုပ်ငန်းခွင်သို့ အမျိုးသမီးများ ပို၍ ဝင်ရောက်စေခြင်း သို့မဟုတ် သက်ကြီးပိုင်းပုဂ္ဂိုလ်များအား အငြိမ်းစားယူခြင်းမပြုရန် တိုက်တွန်းဖျောင်း ဖျခြင်းစသည့် နည်းလမ်း များဖြင့် နိုင်ငံ၏အလုပ်လုပ်နိုင်သူဦးရေ ပမာဏကိုတိုးတက်အောင် မြှင့်တင်မပေးနိုင် ခဲ့ပါက တရုတ်အနေနှင့် တစ်နှစ်လျှင်အလုပ်လုပ်နိုင်သူဦးရေ ၁ ရာခိုင်နှုန်းခန့် လျော့ကျမှုအား မလွဲမသွေရင်ဆိုင် ရဖွယ်ရှိနေသည်။ တရုတ်နိုင်ငံအနေနှင့် စီးပွားရေးတိုးတက်မှုနှုန်းကို ၇ ရာခိုင်နှုန်းကျော် ရှိစေ၍အမေရိကန်၏ စီးပွားရေးအင်အားကိုအမီလိုက်နိုင်ရန်မှာ စီးပွားရေး တစ်ရပ်လုံးတွင် ကုန်ထုတ်လုပ်မှုတိုးတက်မှုနှုန်းကလည်း တစ်နှစ်လျှင် ၆ မှ ၇ ရာခိုင်နှုန်းခန့် တိုးတက် ရန်လိုအပ်ပေမည်။ ၎င်းက မည်သည့်နိုင်ငံ၌မဆို လုပ်ဆောင်ရန် အလွန်ခက်ခဲသော အခြေအနေတစ်ရပ်လည်း ဖြစ်သည်။ တရုတ်နိုင်ငံ၌အလုပ်သမားရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေ ရသော ဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများကနိုင်ငံစီးပွားရေး၏ ထက်ဝက်ခန့်ကို ပိုင်ဆိုင်ထားပေရာ အထက်ပါ ရည်မှန်းချက်များမှာ ဖြစ်နိုင်ဖွယ်ရာ မရှိလုနီးပါးဟုပင် ဆိုရန် ရှိနေသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းအများစုမှာ ယခုထက်သာလွန်၍ ကုန်ထုတ် လုပ်နိုင်စွမ်းရှိသော်လည်း မဆောင်ရွက်နိုင် ဖြစ်နေရသည်။ အဓိက လိုအပ်ချက်အဖြစ် ၎င်းတို့တွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုနှုန်းက ၁ဝ ဂဏန်းပမာဏအထိ ရှိလာပေမည်။ ၎င်းတို့တွင် သံမဏိထုတ်လုပ်ရေးလုပ်ငန်းက ပို၍ အရေးကြီးပေသည်။ တရုတ်အနေနှင့် တစ်နှစ်လျှင် ၎င်း၏ စက်ရုံများမှ သံမဏိ တန်ချိန်တစ်ဘီလျံခန့်အထိ ထုတ်လုပ်နိုင်သည်။ သို့သော် ယခုအခါ ၎င်းတို့၏သုံးပုံတစ်ပုံခန့်မှာ စွမ်းအားပြည့်မလည်ပတ်နိုင်ဖြစ်နေရသည်။ စွမ်းအားပြည့် လည်ပတ်နိုင်ပါလျက်နှင့်တစ်ခါတစ်ရံ ဝယ်လိုအားကျဆင်းမှုကို ရင်ဆိုင်ရတတ်ပြန်သည်။ ထိုအခြေအနေမှ ကျော်လွှားရန်မှာထိုစက်ရုံများ စွမ်းအားပြည့်လည်ပတ်မှုကို ထိန်းသိမ်းထားနိုင်ရန် နိုင်ငံအတွင်း အရင်းအနှီးအသစ်များထပ်မံဝင်ရောက်ရန် လိုအပ်ပေသည်။ တရုတ်နိုင်ငံတွင် အဆင့်မြင့်အိမ်ရာများ တိုးချဲ့ တည်ဆောက်မှုကသာများပြားနေခြင်းကလည်း ပြည်သူတို့အတွက် နေထိုင်ရန် စရိတ်မတတ်နိုင် ဖြစ်ရသည်။ ထို့ကြောင့် အိမ်ခြံမြေ ဈေးကွက်တွင်လည်း ဈေးနှုန်းများ သိသိသာသာ ကျဆင်းရန်လိုနေပြန်သည်။ ၎င်းက ငွေကြေးချဲ့ထွင်လည်ပတ်မှုတွင် ပူးပေါင်းပါဝင်လျက်ရှိသော ဘဏ်လုပ်ငန်းများအတွက်လည်း ကြီးမားစွာ ထိခိုက်မှုဖြစ်စေသည်။

လေ့လာသူများက တရုတ်နိုင်ငံ၏ တံခါးပိတ်အရင်းအနှီးအစီအစဉ်က ပြည်ပသို့ အရင်းအနှီးငွေကြေး များစွာ ယိုဖိတ်ထွက်မကုန်စေရန်တားဆီးရာရောက်ကြောင်း မကြာခဏဆိုသလို ပြောခဲ့ကြသည်။ သို့သော် ¤င်း၏အကျိုးဆက်တစ်ခုက ကုန်သွယ်မှု ပိုငွေ ကြီးမားကြာရှည်စွာဖြစ်ပေါ်လာခြင်းဖြစ်သည်။ တရုတ်၏ လွန်ခဲ့သော ၁ဝ နှစ်အတွင်းကုန်သွယ်မှု ပိုငွေပမာဏက ဂျပန်နိုင်ငံ ၁၉၈ဝ ပြည့်လွန်နှစ်များဆီကကြုံခဲ့ရသော ကုန်သွယ်မှု ပိုငွေပမာဏထက် ပို၍များပြားသည်။ ၎င်းအခြေအနေက တရုတ်ယွမ်ငွေကို ဈေးနှုန်းလျင်မြန်စွာ မြင့်တက်လာခဲ့သည်။ သို့သော် နိုင်ငံခြားအရန်ငွေများ အဆက်မပြတ်တိုးပွားလာမှုကြောင့် လွန်ခဲ့သော ၁ဝ နှစ်အတွင်းယွမ်ငွေသည် ဒေါ်လာနှင့် လဲလှယ်ရာတွင် အများအားဖြင့် တည်ငြိမ်မှုရရှိခဲ့သည်။

ခြုံ၍ဆိုရလျှင်မူ လုပ်သားအင်အား ရှားပါးမှုပြဿနာ၊ ငွေကြေးအရင်းအနှီးလိုအပ်နေသော တရုတ် နိုင်ငံ၏ ထုတ်လုပ်မှုလုပ်ငန်းများ၊ တရုတ်စက်မှုလုပ်ငန်းများတွင်အမေရိကန်မှ သွင်းကုန်ကို ငါးပုံ တစ်ပုံခန့် မှီခိုနေရမှုတို့က တရုတ်စီးပွားရေးကို မညီမမျှ အခြေအနေဖြစ်စေသည်။ နိုင်ငံစီးပွားရေးတိုးတက်မှုကို ဟန့်တားနှေးကွေးစေသည်။ ဤအတိုင်း ကြာရှည်ဖြစ်ပေါ်နေပါကမူ ရလဒ်က ပို၍ဆိုးဝါးလာနိုင်သည်ဟုပင် သုံးသပ်ကြသည်။ သို့သော် ဤသို့သော အခက်အခဲများကြားမှပင် တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားမှာ ၂ဝဝ၅ ခုနှစ်က အမေရိကန် စီးပွားရေးအင်အား၏ ၄၃ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂ဝ၁၁ ခုနှစ်တွင်မူ ၈၇ ရာခိုင်နှုန်း ခန့်ရှိသည်အထိလျင်မြန်စွာ တိုးတက်လာသည်ကိုတွေ့ရပြန်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားမှာ ၂၄ ရာခိုင်နှုန်းခန့် ပိုမိုကြီးထွားလာနိုင် ကြောင်း၊ အမေရိကန်အနေနှင့်မူထိုကာလအတွင်း စီးပွားရေးအင်အား ၇ ဒသမ ၆ ရာခိုင်နှုန်းသာ ကြီးထွား လာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ထို့ကြောင့် လာမည့်နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံအနေနှင့်ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး
နေရာကို ရယူနိုင်ရန်မှာ အခက်အခဲများစွာရှိနေသလို ဖြစ်နိုင်ခြေလည်းများစွာရှိနေကြောင်း သုံးသပ်ရပေသည်။

Ref: Financial Times (ထွေးကိုထွန်း ဘာသာပြန်သည်)

 

No comments:

Post a Comment