Monday, May 12, 2014

အိမ်ရှင်မြန်မာ၊ ယူ-၁၉ ကမ္ဘာ့ဖလား နှင့် ကမ္ဘာ့အဆင့် ပြိုင်ဘက်များ

လာမယ့် အောက်တိုဘာ (၉)ရက်ကနေ (၂၃)ရက်အထိ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် AFC U-19 Championship ပြိုင်ပွဲကြီးမှာ အိမ်ရှင် မြန်မာနိုင်ငံ အပါအ၀င် သြစတြေးလျ၊ အီရန်၊ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်း၊ ယူအေအီး အစရှိတဲ့ ကမ္ဘာ့အဆင့်မီ အသင်းကြီး အသင်းကောင်းတွေ လာရောက် ယှဉ်ပြိုင် ကြမှာဖြစ် ပါတယ်။ ပြိုင်ပွဲပုံစံ အရ အာရှတိုက် တစ်လွှားက နိုင်ငံပေါင်း (၄၀)ဟာ AFC U-19 Championship အတွက် ခြေစစ်ပွဲ ၀င်ခဲ့ကြပြီး ကစားသမား တွေအနေနဲ့ ကတော့ ၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီ (၁)ရက်နေ့ နောက်ပိုင်း ဖွားမြင်သူများသာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရှိတဲ့ သက်ငယ်တမ်း ပြိုင်ပွဲတစ်ရပ် ဖြစ်ပါတယ်။
ခြေစစ်ပွဲတွေကို ကာတာ၊ ဂျော်ဒန်၊ အီရတ်၊ အီရန်၊ ပါလက်စတိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊
ထိုင်းနဲ့ တရုတ်နိုင်ငံ တို့မှာ ကျင်းပပြုလုပ် ခဲ့ကြပြီး အုပ်စု(၉)စု ခွဲကာ ယှဉ်ပြိုင် ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အုပ်စု တစ်ခုချင်းစီက အုပ်စု ပထမ (၉)သင်းရယ်၊ အုပ်စုအားလုံးရဲ့ ဒုတိယနေရာ ပိုင်ရှင်(၉)သင်း အနက်ကမှ ရလဒ် အကောင်းဆုံး (၆)ရယ်၊ အိမ်ရှင် မြန်မာအသင်း ရယ်တို့ဟာ ခြေစစ်ပွဲ အောင်တဲ့ အသင်းတွေ အဖြစ် AFC U-19 Championship ပြိုင်ပွဲကြီးမှာ ၀င်ရောက် ယှဉ်ပြိုင် ကြမှာဖြစ် ပါတယ်။  ပြိုင်ပွဲကာလက နည်းနည်းဝေးနေ သေးပေမယ့် မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အတွက် မျှော်လင့်ချက် ရှိနေတဲ့အပြင် ကမ္ဘာ့အဆင့်၊ အာရှအဆင့် အသင်းကြီးတွေကို လေယာဉ် လက်မှတ်ဖိုး ကုန်စရာ မလို၊ ပင်ပင်ပန်းပန်း ခရီးထွက် စရာမလိုဘဲ ကြည့်ရှု အားပေး နိုင်မှာ ဖြစ်တဲ့ အတွက် ပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ဒီနေရာမှာ ပြိုင်ပွဲဝင် အသင်းတွေက ယူ-၁၉ လူငယ်အသင်း တွေဖြစ်လို့ လက်ရွေးစင် အသင်းကြီးတွေ ကိုသာ စောင့်ကြည့် ဆုံးဖြတ်တဲ့ ဖီဖာအဆင့် သတ်မှတ်ချက်နဲ့ မဆိုင်လှပေမယ့် သူတို့မိခင် နိုင်ငံတွေရဲ့ ဘောလုံး အဆင့်အတန်းကို လွယ်လွယ်ကူကူ ခန့်မှန်း ကြည့်နိုင်စေဖို့ အဆင့်သတ်မှတ်ချက် တွေနဲ့တွဲဖက် ဖော်ပြပေးလိုက် ပါရစေ။

အိမ်ကွင်း ခြေစွာတဲ့ ကာတာ
အုပ်စု(က)မှာ ကာတာ၊ ဥဇဘက် ကစ္စတန်၊ အိန္ဒိယ၊ တာ့ခ်မင် နစ္စတန်နဲ့ နီပေါတို့ ပါဝင် ခဲ့ကြပြီး အုပ်စုပွဲ အိမ်ရှင်ဖြစ်တဲ့ ကာတာ က စိတ်ကြိုက် ကစားခွင့် ရခဲ့ပါတယ်။ AFC လက်အောက်ခံ အသင်းတွေ ထဲမှာ အာရှအဆင့် သိပ်မကွာတဲ့ အသင်းတွေ တွေ့ဆုံခဲ့တာ ဖြစ်ပေမယ့် ကာတာကတော့ အိန္ဒိယကို (၀-၂) ဂိုးရလဒ်၊ တာ့ခ်မင် နစ္စတန်ကို (၇-၀) ဂိုးရလဒ်၊ နီပေါကို (၂-၀)ဂိုးရလဒ်၊ ဥဇဘက် ကစ္စတန်ကို (၁-၂) ဂိုးရလဒ် တို့နဲ့ ရှုံးပွဲမရှိ အုပ်စု ပထမအဖြစ် ပေါ်ထွက် လာခဲ့ပါတယ်။ ကာတာက လက်ရှိ အာရှအဆင့် (၁၁)ဖြစ်ပြီး အုပ်စုပွဲစဉ် တွေကို ဂိုးကွာခြားချက် (+၁၂)နဲ့ ဖြတ်သန်းလာတဲ့ အနေအထားက လျှော့တွက်လို့ မရပါဘူး။ ကာတာမှာ Al Nasr ဆိုတဲ့ တိုက်စစ်မှူးကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂိုးသွင်းစက် ယူအေအီး
ဂျော်ဒန်နိုင်ငံမှာ ပြုလုပ်ကျင်းပ ခဲ့တဲ့ အုပ်စု(ခ) ပွဲစဉ်တွေ မှာတော့ အိမ်ရှင်တို့ အားမသာ ခဲ့ပါဘူး။ အာရှမှာ နာမည်ရ ထားတဲ့ ယူအေအီးကပဲ ယီမင်ကို (၁-၂) ဂိုးရလဒ်၊ မော်လဒိုက်ကို (၅-၀) ဂိုးရလဒ်၊ အာဖဂန် နစ္စတန်ကို (၆-၀) ဂိုးရလဒ်၊ ဂျော်ဒန်ကို (၀-၂) ဂိုးရလဒ် တို့နဲ့ ရှုံးပွဲမရှိ အုပ်စု ပထမအဖြစ် ရပ်တည်နိုင် ခဲ့ပါတယ်။ လာမယ့် မေလမှာ မြန်မာအသင်း သွားရောက် ကစားရမယ့် AFC Challenge Cup အိမ်ရှင် မော်လဒိုက် အသင်းပါဝင်တဲ့ ဒီအုပ်စုရဲ့ ရလဒ်တွေက စိတ်ဝင်စား စရာ ကောင်းသလို ခြေစစ်ပွဲ အောင်လာတဲ့ အသင်းတွေ ထဲမှာ ယူအေအီးရဲ့ ဂိုးကွာခြားချက် (+၁၄)က အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ယူအေအီး (အာရှအဆင့် ၅) တစ်သင်းလုံး ဂိုးသွင်းနိုင်စွမ်း ရှိတဲ့ အချက်က စိုးရိမ်ဖွယ်ပါပဲ။

စောင့်ကြည့်ရမယ့် အီရတ်
အုပ်စု(ဂ) ပွဲစဉ်တွေ မှာတော့ အီရတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊ ပါကစ္စတန် တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အိမ်ရှင် အီရတ်ကပဲ ဘင်္ဂလားဒေ့ရှ်ကို (၆-၀) ဂိုးရလဒ်၊ ပါကစ္စတန်ကို (၀-၃) ဂိုးရလဒ် တို့နဲ့ အနိုင်ရခဲ့ပြီး အိမ်နီးချင်း ကူဝိတ်ကို (၀-၀) ဂိုးရလဒ်နဲ့ သရေကျခဲ့ပါတယ်။ အီရတ်ဟာ အာရှမှာတော့ အသင်းကောင်း တစ်သင်းဖြစ်ပြီး နိုင်ငံရဲ့ အခြေအနေ ဘယ်လောက်ပဲ မတည်မငြိမ် ဖြစ်နေပါစေ၊ ခြေစွမ်းပိုင်း တည်ငြိမ်တာကို တွေ့ရပါတယ်။ အာရှအဆင့် (၁၂) အီရတ်ကို ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရမှာ ပါပဲ။

အာရှအဆင့်(၁) အီရန်
အခုနောက်ဆုံး ထုတ်ပြန်ထားတဲ့ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် တွေအရ အီရန်ဟာ နံပါတ်(၁) နေရာမှာ ရပ်တည်နေပါတယ်။ တစ်သင်းလုံး နီးပါး ကစားအား ကောင်းတဲ့ အီရန်ဟာ သူတို့နိုင်ငံ၊ သူတို့ရေမြေ ပေါ်မှာ ကစားရတဲ့ အုပ်စု(ဃ) ပွဲစဉ်တွေ မှာလည်း အုပ်စု ပထမ ရခဲ့ပြန်ပါတယ်။ တာဂျီ ကစ္စတန်ကို (၂-၀) ဂိုးရလဒ်၊ လက်ဘနွန်ကို (၁-၆) ဂိုးရလဒ်၊ ဆော်ဒီ အာရေဗျကို (၁-၀) ဂိုးရလဒ် တို့နဲ့ အနိုင်ယူလာတဲ့ အီရန်ဟာ AFC U-19 Championship ကို စိတ်ဓာတ် အသာနဲ့ လာရောက်ကစား ကြမှာ ဖြစ်တဲ့အပြင် အာရှ အဆင့်(၈) ဆော်ဒီ အာရေဗျကို ကျော်ဖြတ်လာတဲ့ ခြေစွမ်းအပေါ် ယုံမှား သံသယရှိဖို့ မလို သလောက်ပါပဲ။

တပ်ပျက်ဗိုလ် အိုမန်
အိုမန်ဆိုတဲ့ နာမည်က ကမ္ဘာ့အဆင့် ဘောလုံးလောက မှာတော့ မြင်ရကြားရ ခဲလှစွာသော နာမည်တစ်လုံး ဖြစ်နေနိုင် ပေမယ့် အာရှ ဘောလုံး စစ်မျက်နှာ မှာတော့ လက်သံပြောင်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ပါလက်စတိုင်းမှာ ကစားခဲ့ကြတဲ့ အုပ်စု(င) ပွဲစဉ်တွေမှာ ဘာရိန်း၊ အိုမန်၊ ပါလက်စတိုင်းနဲ့ ဆီးရီးယားတို့ ပါဝင် ခဲ့ပေမယ့် ဆီးရီးယားက ခြေစစ်ပွဲ မ၀င်တော့ဘဲ နှုတ်ထွက် သွားခဲ့တဲ့ အတွက် အိုမန်ဟာ ဘာရိန်းကို (၂-၀) ဂိုးရလဒ်၊ ပါလက်စတိုင်းကို (၀-၁) ဂိုးရလဒ်တို့နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်လှမ်းနိုင် ခဲ့ပါတယ်။

အိမ်ကွင်း၊ အဝေးကွင်း မရွေးတဲ့ ဗီယက်နမ်
မလေးရှား နိုင်ငံမှာ ကျင်းပပြုလုပ် ခဲ့တဲ့ အုပ်စု(စ) ပွဲစဉ်တွေ မှာတော့ ဗီယက်နမ်၊ သြစတြေးလျ၊ ဟောင်ကောင်နဲ့ တရုတ်(တိုင်ပေ) တို့ ရင်ဆိုင်တွေ့ ခဲ့ကြတယ်။ အာရှအဆင့် (၆) ရှိရုံ သာမက ကမ္ဘာ့အဆင့် မှာပါ ခြိမ်းခြောက်မှု ပေးနိုင်တဲ့ သြစတြေးလျ ပါဝင်လာလို့ ကျန်တဲ့ အသင်းတွေ အခြေအနေ မဟန်လောက်ဘူး လို့ ထင်ခဲ့ကြပေမယ့် အာရှအဆင့် (၁၇)ပဲ ရှိတဲ့ ဗီယက်နမ်က တရုတ်(တိုင်ပေ) ကို (၆-၁) ဂိုးရလဒ်၊ ဟောင်ကောင်ကို (၁-၅) ဂိုးရလဒ်၊ သြစတြေးလျကို (၁-၅) ဂိုးရလဒ်တို့နဲ့ အနိုင် ရခဲ့ပါတယ်။ ဗီယက်နမ်က တိုက်စစ်မှူး Nguyen Cong Phuong ဟာ တစ်ပွဲကို တစ်ဂိုးနဲ့အထက် ပုံမှန် သွင်းယူနိုင်တဲ့ ခြေစွမ်းရှိသူ ဖြစ်လို့ ဘယ်လိုမှ လျှော့တွက်လို့ မရပါဘူး။
 

တောင် ကိုရီးယားကို အနိုင် ယူလာတဲ့ အင်ဒိုနီးရှား
ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တောင် ကိုရီးယား (အာရှဆင့် ၄) က အာရှအသင်း တစ်သင်းအနေနဲ့ အတော်လေးကို အဆင့်မြင့်မြင့် ရအောင် စွမ်းဆောင် ထားနိုင်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား ယူ-၁၉ အသင်းကတော့ အာရှအဆင့် (၂၉) သာရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပတဲ့ အုပ်စု (ဆ) ပွဲစဉ်တွေ မှာ အိမ်ရှင် လူငယ်အသင်းကို မကျော်လွှား နိုင်ခဲ့ဘဲ (၂-၃) ဂိုးရလဒ်နဲ့ ကပ်ရှုံးခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ လာအိုကို (၄-၀) ဂိုးရလဒ်၊ ဖိလစ်ပိုင်ကို (၀-၂) ဂိုးရလဒ်တို့နဲ့ အနိုင်ရယူပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။ အင်ဒိုနီးရှား လူငယ်အသင်းက Evan Dimas ဟာ တောင် ကိုရီးယားနဲ့ ပွဲစဉ်မှာ တစ်ဦးတည်း သုံးဂိုး သွင်းယူနိုင် သူဖြစ်လို့ စောင့်ကြည့်ရမှာပါ။

လူငယ် ခြေတက်တွေ များတဲ့ မြောက်ကိုရီးယား
ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင်ကစား ခဲ့ကြတဲ့ အုပ်စု (ဇ) ပွဲစဉ်တွေ မှာတော့ ကိုရီးယား ကျွန်းဆွယ် အခြေစိုက် မြောက်ကိုရီးယား အသင်းက ခြေအလွန်စွာ ခဲ့ပါတယ်။ အာရှအဆင့် (၂၀)သာရှိတဲ့ မြောက်ကိုရီးယားဟာ ဘရူနိုင်းကို (၆-၀) ဂိုးရလဒ်၊ စင်ကာပူကို (၀-၄) ဂိုးရလဒ်၊ ထိုင်းကို (၂-၀) ဂိုးရလဒ်တို့ အသီးသီး အနိုင်ယူခဲ့ပြီး အုပ်စု ပထမ နေရာမှာ ရပ်တည်နိုင် ခဲ့ပါတယ်။ မြောက်ကိုရီးယား လူငယ်ကစား သမားတွေရဲ့ ခြေစွမ်းကလည်း အားရစရာ ဖြစ်ပြီး Jong Hyuk ၊ Yu Song အစရှိတဲ့ ကစားသမား တွေက ပွဲကြပ်တွေမှာ ဂိုးသွင်းနိုင်စွမ်း ရှိတာကို တွေ့ရပါတယ်။

ခြေစွမ်းအမြင့်ဆုံး စာရင်းဝင်တဲ့ ဂျပန်
အာရှဘောလုံး အဆင့်(၂)ဖြစ်တဲ့ ဂျပန်ကတော့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အုပ်စု (ဈ) ပွဲစဉ်တွေမှာ တော်တော်ရုန်းကန် ခဲ့ရပါတယ်။ မကာအိုကို (၆-၀) ဂိုးရလဒ်၊ မလေးရှားကို (၁-၅) ဂိုးရလဒ် တို့နဲ့ အလွယ်တကူ အနိုင်ယူလာတဲ့ ဂျပန်လူငယ် အသင်းဟာ အိမ်ရှင် တရုတ်ကိုတော့ (၁-၁) ဂိုးရလဒ်နဲ့ သရေကျခဲ့ပါတယ်။ ဂျပန်-တရုတ် ခြေစစ်ပွဲစဉ်က တရုတ်လူငယ်ရဲ့ ခြေစွမ်းကို မှတ်ကျောက်တင် နိုင်ခဲ့သလို အမှတ်တူ၊ ဂိုးကွာနဲ့ နောက်တစ်ဆင့် တက်ခဲ့တဲ့ ဂျပန်အသင်းကိုလည်း လျှော့တွက်လို့ မရနိုင်ပါဘူး။

ရလဒ် အကောင်းဆုံး အုပ်စုဒုတိယ (၆)သင်း
ခြေစစ်ပွဲ အုပ်စု(၉)ခုကနေ အုပ်စုအလိုက် ပထမရရှိ ခဲ့တဲ့ အသင်း (၉)သင်း ထွက်ပေါ်လာ ပြီးတဲ့နောက်မှာ အိမ်ရှင်ဖြစ်တဲ့ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းနဲ့ပါဆိုရင် ခြေစစ်ပွဲအောင် (၁၀)သင်း ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အုပ်စုဒုတိယ ရရှိခဲ့တဲ့ အသင်း (၉) သင်းကနေ ရလဒ်အကောင်းဆုံး (၆)သင်းကို ရွေးချယ်ထုတ်နုတ် ခဲ့ပါတယ်။ ဒီလိုရွေးချယ်ရာမှာ အချို့အုပ်စုတွေက ပြိုင်ပွဲဝင် (၅)သင်းအထိ ရှိနေခဲ့ပြီး အချို့မှာတော့ (၃)သင်းမျှသာ ရှိတာမို့ မျှတမှုရှိစေဖို့ အုပ်စု အောက်ဆုံးနေရာက အသင်းနဲ့ အုပ်စု ဒုတိယရတဲ့ အသင်းတို့အကြား ကစားခဲ့တဲ့ ပွဲစဉ်များကို ချန်လှပ်ပြီးမှ ရွေးချယ်မှုပြုခဲ့တာပါ။ ဒီလို ရွေးချယ်ရာမှာလည်း အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ စံညွှန်းတွေနဲ့ အဆင့်ခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီအခါမှာတော့ တရုတ်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဥဇဘက် ကစ္စတန်၊ ထိုင်း၊ ယီမင် နိုင်ငံတို့ နောက်တစ်ဆင့် တက်ခွင့်ရခဲ့ ကြပါတော့တယ်။

ကမ္ဘာ့အိပ်မက်နှင့် အိမ်ရှင်အားသာချက်
ဒီလောက်ဆိုရင် မြန်မာ့မြေ၊ မြန်မာ့ရေပေါ်မှာ လာရောက် ကစားကြမယ့် အသင်းတွေရဲ့ ခြေစစ်ပွဲစဉ် ဖြတ်ကျော်မှု သမိုင်းတွေကို သိရှိရ လောက်ပါပြီ။ မြန်မာနိုင်ငံမှာ လက်ခံကျင်းပမယ့် AFC U-19 Championship ပြိုင်ပွဲကြီးက အာရှအဆင့်၊ ကမ္ဘာ့အဆင့်ဝင် ထိပ်ထိပ်ကြဲ အသင်းကြီးတွေ လာရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့ အချက် တစ်ခုတည်းနဲ့တင် တော်တော် ရင်ခုန်စရာ ကောင်းနေတာပါ။ အဲဒါထက်ပိုတဲ့ မက်လုံးတစ်ခုကတော့ ဒီပြိုင်ပွဲကြီးရဲ့ ထိပ်ဆုံး (၄)သင်းဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် 2015 FIFA U-20 World Cup ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့် ရရှိမယ်ဆိုတဲ့ အချက်ပါပဲ။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းဟာ အိမ်ရှင် အားသာချက်၊ အိမ်ကွင်း အားသာချက် တို့ကိုသာ အမိအရ ဖမ်းဆုပ်အသုံးချ နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလား အိပ်မက်ကို မက်ခွင့်ရှိမယ့် အနေအထားဆိုတာ လက်တစ်ကမ်းမှာပါလို့ ရဲရဲကြီး ပြောလိုက်ချင်ပါတယ်။ အသင်းအောင်မြင်မှု ရရှိရေးအတွက် တာဝန်ရှိသူတွေ အားလုံး ၀ိုင်းဝန်းကြိုးပမ်း နေကြသလို ဘောလုံးချစ် ပရိသတ်ကြီးကပါ ပြိုင်ပွဲကျင်းပရာ ကွင်းအသီးသီး ထံမှောက် အရောက်လာကာ အားပေးချီးမြှင့် ကြမယ်ဆိုရင်ဖြင့် အတိုင်းထက် အလွန်၊ တံခွန်နှင့် ကုက္ကားပင် မဟုတ်ပါလား ခင်ဗျာ။
ဟိန်းစိုးထွန်း

No comments:

Post a Comment