Saturday, November 9, 2013

ဆီးဂိမ်းစ်ပြိုင်မည့် မလေးရှား ယူ၂၃ ကို မြန်မာ ယူ၁၉အသင်း အနိုင်ယူပြီး ဗိုလ်လုပွဲတက်

မြန်မာ့လက်ရွေးစင် ယူ၁၉ အသင်းသည် BIDC Cup 2013 ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ယနေ့ ညနေ (၄း၀၀)နာရီက မလေးရှား ယူ၂၃ အသင်းနှင့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ အိုလံပစ် အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ (၁-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့သည်။
မလေးရှား ယူ၂၃ အသင်းသည် လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ၀င်ရောက် ကစားမည့် အသင်းဖြစ်ပြီး မြန်မာ ယူ၁၉ နှင့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဒဏ်ရာရ ကစားသမား များမှအပ
ကျန်အဓိက ကစားသမား များအား လူစုံထုတ် ကစားသွား ခဲ့သည်။ ဂျာမန် နည်းပြ ဂတ်ဆီဇီ၏ မြန်မာ ယူ၁၉ အသင်းမှာ ငယ်ရွယ်နုပျို သောကစားသမား များပီပီ မလေးရှား အသင်းအား မိနစ် (၉၀)အပြည့် ကစား အားမကျဆင်းဘဲ မာမာထန်ထန် ယှဉ်ပြိုင် ကစားသွားခဲ့သည်။ မြန်မာ အသင်းတွက် ပွဲကစားချိန် မိနစ် ၂၀ တွင် ရှိုင်းသူရက တစ်လုံးတည်း သောအနိုင် ဂိုးသွင်းယူပေး ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ၁၉ အသင်းသည် ပထမပိုင်း ပြီးဆုံးသည်အထိ မလေးရှား ယူ၂၃ အသင်းအား ခြေအသာ၊ ဂိုးအသာဖြင့် ဦးဆောင် ထားနိုင်ခဲ့ သော်လည်း ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်တွင် မောင်မောင်စိုး အနီကတ်ပြ ထုတ်ပယ် ခံရ၍ ၁၀ ယောက်တည်းဖြင့် မလေးရှား အသင်း အားယှဉ်ကစား ခဲ့ရသည်။ ယနေ့ ပွဲစဉ်တွင် မလေးရှား ယူ၂၃ အသင်း အပိုင်ကန်သွင်း ချက်များကို မြန်မာဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင် ခဲ့ပြီး ကွင်းလယ်နှင့် နောက်တန်း အချိတ်အဆက် မိမှုများ ကြောင့်လည်း မလေးရှား ယူ၂၃ အသင်း ထိထိရောက်ရောက် လှုပ်ရှားခွင့် မရခဲ့ပေ။ မိနစ် ၉၀ ကျော်လွန်ပြီးနောက် နာကျင်အချိန်ပို (၅)မိနစ် အထိ ပေးထားသော်လည်း မလေးရှားအသင်း ဂိုးသွင်းခွင့် မရခဲ့ဘဲ မြန်မာယူ၁၉ အသင်းကသာ ဒုတိယဂိုး ရရှိရန်ပင် ပို၍နီးစပ်ခဲ့သည်။

ဆီမီးဖိုင်နယ် ပထမ ပွဲစဉ်တွင် ထိုင်း ယူ ၂၃ အသင်းနှင့် အိမ်ရှင် ကမ္ဘောဒီးယား ယူ၂၃ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သာမန် ပွဲကစားချိန် အတွင်း (၁-၁)ဂိုးစီ သရေကျ နေခဲ့ပြီး အချိန်ပို မိနစ် ၃၀ ဆက်ကစား ခဲ့ရသည်။ အချိန်ပို ၁၁၂ မိနစ်တွင် ထိုင်းက ဆာဆတ်၏ သွင်းဂိုးဖြင့် (၂-၁)ဂိုး အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်သွားခဲ့သည်။ မြန်မာ ယူ၁၉ အသင်းသည် လာမည့် နိုဝင်ဘာ (၁၀)ရက်နေ့ ညနေ ၄း၀၀ နာရီတွင် ထိုင်း ယူ၂၃ နှင့် BIDC Cup 2013 ဗိုလ်လုပွဲစဉ် ဆက်လက် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာ ယူ၁၉ အသင်းသည် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ၁၉ ချန်ပီယံရှစ် (2014 AFC U19 Championship)နောက်ဆုံးအဆင့်  ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်သည့် အနေဖြင့် ဖွဲ့စည်း လေ့ကျင့်နေသော အသင်းဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲများအား အတွေ့အကြုံ ရရှိစေရန် မကြာခဏ သွားရောက် ယှဉ်ပြိုင်လျက် ရှိသည်။

မြန်မာ ယူ၁၉ အသင်း၏ ယခုနှစ်အတွင်း ပြည်တွင်း ပြည်ပ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မှုများ
၁။ Myanmar National League 2 (ပြည်တွင်းလိဂ်)
၂။ တရုတ် ဖိတ်ခေါ်ဖလား ( Weifang Cup 2013) - တရုတ်
၃။ ၂၀၁၃ အာဆီယံ ယူ၁၉ ချန်ပီယံရှစ်  (အင်ဒိုနီးရှား)
၎။ ၂၀၁၃ ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ (Newspaper Cup- ဗီယက်နမ်)
၅။ BIDC Cup 2013

No comments:

Post a Comment