Tuesday, November 12, 2013

ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ ကာကွယ်ရေးတာဝန်

ငြိမ်းချမ်းရေးအတွက် ကာကွယ်ရေးတာဝန် မြတ်စွာဘုရားသခင်သည် မဟာသမယ 
သုတ်တော်ကို ဟောကြားတော်မူသော
အခါမာရ်နတ်သည် အလွန်ကြီးမား 
များပြားသော နတ်ဗြဟ္မာတို့၏တရား 
နာအစည်းအဝေးကြီးကို မြင်တွေ့
ရသောအခါ သတ္တ၀ါတို့ မဂ်ဖိုလ် နိဗ္ဗာန်ရလျှက် ၀ဋ်ဆင်းရဲမှ လွတ်မြောက် သွားကြမည်ကို စိုးရိမ်လျှက်ရှိ၏။ ထို့ကြောင့် နတ်ဗြဟ္ဗာများ တရားထူး မရအောင် အန္တရာယ်ပြုရန် မာရ်စစ်သည်တို့ကို စေလွှတ်လျှက်
 ကြောက်မက်ဖွယ်အသံ၊ အဆင်း တို့ဖြင့် ခြောက်လှန့်တော့၏။ ဘုရားရှင်သည် ထိုအကြောင်းကို သိတော်မူ၏။ ဤတရားပွဲအစည်းအဝေးကြီးတွင် ကျွတ်တမ်းဝင်မည့် နတ်ဗြဟ္မာပရိတ်သတ်များ ပါရှိကြသည်။ ထိုနတ်ဗြဟ္မာ ပရိတ်သတ်သည် ဘုရားရှင်၏ ကာကွယ်စောင့်ရှောက်ပေးမှုကြောင့် မာရ်နတ်နှင့် မာရ်စစ်သည်တို့၏ ကြောက်မက်ဖွယ်အဆင်း၊ အသံတို့ကို မမြင်မတွေ့လိုက်ကြရတော့ပေ။ ဤသည်မှာ ငြိမ်းချမ်းရေးအတွက် အကာအကွယ်ပေးခဲ့သော သာဓက တစ်ခုပင်ဖြစ်သည်။
“ပြေမြန်မာခေတ်ထူး၊ ရာဇ၀င်မှာ စာတင်လို့ ကျူးခဲ့ကြ၊ ငထွေရူး  လုံးလက်ဖယ်၊ ညောင်ဦးနယ် ကိုရွှေဖီး ရွှေထီးလောင်း မင်းကျန်စစ်၊ ထီမထင်အောင် ပြည်ခွင်ကို ချစ်ခဲ့ကြ” ဟုတင်စားခဲ့သည်မှာ ငြိမ်းချမ်းရေးအတွက် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခဲ့ကြ၍ ဖြစ်ပေသည်။ ပထမမြန်မာနိုင်ငံတော်ဖြစ်သော အနော်ရထာမင်းမြတ် လက်ထက်တွင် ဥဿာပဲခူးသို့ ဂျွန်းစစ်သည်များ ကျူးကျော်နယ်ချဲ့စစ်ဆင်လာခဲ့သည်။ မြန်မာလူစွမ်းကောင်းများ ဖြစ်သည့် ကျန်စစ်သား၊ ငထွေရှူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ၄ ဦးတို့သည် စစ်သည် ၄ သိန်းစွမ်းရည်မျိုးဖြင့် ဂျွန်းစစ်သည်များအား သုတ်သင်ချေမှုန်းခဲ့သည်။ အောင်ပွဲရခဲ့သည်။ ရန်သူသာအောင်နိုင်ပါက ပုဂံနေပြည်တော် အထိ ချီတက်ချေမှုန်းကာ ဖျက်ဆီးကျွန်ပြုမည်ဖြစ်ပေသည်။ ထိုအခါ စေတီပုထိုး၊ ဆည်မြောင်းကန်ချောင်းများလည်း ပျက်ဆီးကာ အလှတရားကင်းမဲ့ပေလိမ့်မည်။ ယခုအချိန်အထိ မှတ်ကျောက်တင်နိုင်ခဲ့သည့် ယဉ်ကျေးမှု အမွေအနှစ် မြို့တော် ပထမမြန်မာနိုင်ငံတော်ကြီး၏ ငြိမ်းချမ်းရေးအတွက် ကာကွယ်ပေးခဲ့သော ကာကွယ်ရေးတာဝန်တစ်ခုပင် ဖြစ်ပါသည်။
          ငြိမ်းချမ်းရေးအတွက် ကာကွယ်ရေးတာဝန်ထမ်းရွက်ကြရာတွင် သူရဲကောင်းကြွယ်ဝမှုသည်လည်း ပဓာနကျပေသည်။ တစ်ခါသော် နရပတိစည်သူမင်းကြီးသည် ပုဂံနေပြည်တော်မှနေ၍ အင်းဝရှိ ရွှေကြက်ယက် ဘုရားနှစ်ဆူကို ထီးတော်တင်ရန် ဖောင်တော်ဖြင့် ဆန်လေသည်။ ထိုအခိုက် မြစ်ကြောင်းရေအောက်မှ မိကျောင်းကြီး တစ်ကောင်က ဖောင်တော်ကို ကျောကုန်းထက်ရွက်ကာ မလှုပ်မရှားနိုင်အောင် ချုပ်ကိုင် ထားလေသည်။ ဖောင်တော်သည် ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်လျက်ရှိ၏။ ဖောင်ပေါ်ရှိလူအားလုံး အထိတ်တလန့်ဖြစ်နေကြသည်မှာ ပြောဖွယ်ရာမရှိ။ မိကျောင်းကြီး၏ ရန်မှ မည်သို့လွတ်မြောက်မည်ဆိုသည်ကို အဖြေရှာမရ။ ဘုရားတနေသည့်အချိန်ဖြစ်သည်။ ဤ အခြေအနေတွင် သူရဲကောင်းတစ်ဦး ပေါ်ထွက်လာပေသည်။ အခြားသူမဟုတ် သူရဲကောင်း ရန်မန်ငထွေးဖြစ်၏။ သူသည် သန်လျက်ကို ကိုင်စွဲလျက် ရေထဲသို့ခုန်ဆင်းလိုက်၏။ မိကျောင်းကြီးရှိရာသို့ ရဲရဲဝံ့ဝံ့သွား၏။ မိကျောင်းကြီးနှင့် သတ်ပုတ်တိုက်ခိုက်၏။ ဘတစ်ပြန် ကျားတစ်ပြန် သဲထိတ်ရင်ဖို အံ့နဘန်းဖြစ်၏။ အများအတွက် အသက်စွန့်ရန် ၀န်မလေးသော သတ္တိရှင်အဖို့ ရန်သူကို လွယ်လင့်တကူ ရင်ဆိုင်နိုင်၏။ သို့ဖြင့် မိကျောင်းကြီးသည် ရန်မန်ငထွေး၏ လက်ချက်ကြောင့် သွေးချင်းချင်း နီရဲသွား၏။ ရေပေါ်တွင် မိကျောင်းသွေးများ ဖုံးလွှမ်းသွား၏။ လျှံတက်လာသော သွေးနှင့်အတူ မိကျောင်းကြီး သေပွဲဝင်ခဲ့ရပေသည်။ ထို့ကြောင့် ရန်မန်ငထွေးကဲ့သို့သော သူရဲကောင်းမျိုး၊ ပုဂံပြည်ကို မစ္ဆဂီရိစား ပုန်ကန်ခြားနား၍ နှိမ်နင်းရာတွင် တာဝန်ကို ဦးဆွေးဆံမြေ့ ထမ်းသည့် အုတ်လှငယ်ကဲ့သို့သော လူစွမ်းကောင်းမျိုး၊ ငဆောင်ချမ်း အရပ်တွင် မွန်ဂိုတာတာတို့အား ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ်တို့ဖြင့် ရန်သူများ ဖိန့်ဖိန့်တုန်အောင် တိုက်ပွဲဝင်ခဲ့သော အနန္တပစ္စည်းလို သူရဲကောင်းမျိုးများ လိုအပ်လှပေသည်။
အင်းဝ ပထမမင်းခေါင်ကြီး လက်ထက်တွင် မော်တုံမော်ကယ်စားအရေးနှင့်ပတ်သက်၍ တရုတ်တပ်များ ချီတက်လာ၏။ စစ်ပွဲကြီးကြီးကျယ်ကျယ်မဖြစ်ဘဲ သူရဲကောင်းချင်း မြင်းစီးချင်းတိုက်ရန် တရုတ်တို့အဆိုပြုလာ၏။ မြန်မာဘက်မှ မွန်သူရဲကောင်း သမိန်ဗရမ်း(ဥပါကောင်း)နှင့် တရုတ်ဘက်မှ သူရဲကောင်း ဂါမဏိတို့ မြင်းစီးချင်းတိုက်ရာ မြန်မာတို့နိုင်သည်။ ဤတွင် တရုတ်တို့ ပြန်သွားရ၏။ မဟာသီဟသူရ လက်တက်တွင် တရုတ် -မြန်မာ နယ်ခြားသံတိုင်စိုက်မှုနှင့် ပတ်သက်၍ တရုတ်တပ်များ အင်းဝသို့ ချီတက်လာကြသည်။ စစ်ပွဲ ကြီးကြီးကျယ်ကျယ်မဖြစ်ဘဲ သူရဲကောင်းအချင်းချင်း မြင်းစီးချင်းထိုးရန် တရုတ်တို့ အဆိုပြုသည်။ ထို့ကြောင့် မြန်မာဘက်မှ မွန်သူရဲကောင်း ဒုတိယ သမိန်ဗရမ်း(မင်းညီတုံး)နှင့် တရုတ်ဘက်မှ သူရဲကောင်း စလုံကျော်ခေါင်တို့ မြင်းစီးချင်းတိုက်ရာ မြန်မာတို့နိုင်သည်။ ဤတွင်လည်း တရုတ်တို့ပြန်သွားရသည်။ ဤသည်မှာ ငြိမ်းချမ်းရေးအတွက် ကာကွယ်ရေးတာဝန်ထမ်းရွက်ကြရာတွင် သူရဲကောင်းကြွယ်ဝမှုကြောင့်ရရှိခဲ့သည့် အောင်မြင်မှု သာဓက သမိုင်း မှတ်တိုင်များဖြစ်ပေသည်။
ဇာတိသွေး၊ ဇာတိမာန် အပြည့်ရှိသော်လည်း နည်းပညာနောက်ကျမှုကြောင့် မိမိတို့၏ တိုင်းပြည်၊ နိုင်ငံတော်ကို မကာကွယ်နိုင်၍ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးပါ ဆုံးရှုံးခဲ့ရသည်လည်း ရှိပေသည်။ ကုန်းဘောင် ခေတ်နှောင်းပိုင်းကာလ စစ်ဘုရင်တစ်ပါးဖြစ်သည့် ၀န်ကြီး သတိုးမဟာ ဗန္ဓုလ၏အမိန့်တော်ဆင့်စာ(တစ်နည်း) စစ်ထွက်မိန့်ခွန်းတွင် “ရဲမက် သေနတ်တစ်လက်လျင် ဗန့်ပွေးကြီး သုံးလွန်တင် အရှည် ၇ တောင်၊ နားခွက်ဆေးချိန် ၁၀ိ/-၊ ကျည်ယမ်း ၁ ပိဿာ၊ ကျည်လုံးရေ ၁၀၀၊ ယမ်းတောင့် ၅၀၊ မီးကျောက်ပြား ၅၊ ဒုန်းကလားကျောက်ဆတ် ၁၊ အုန်းဆံကာပတ်များ ပါစေ” ဟူ၍ တွေ့ရှိရပေသည်။ ထိုအချိန်က နယ်ချဲ့ အင်္ဂလိပ်တို့တွင် ၁၄ ပေါင်ဒါ၊ ၁၆ ပေါင်ဒါ၊ ၂၀ ပေါင်ဒါစသည့် ခံတပ်ဖြိုလက်နက်များ၊ အော်တိုမစ်တစ် စက်သေနတ်နှင့် ခေတ်မီလက်နက်များ ကိုင်ဆောင်ထားနိုင်နေပြီဖြစ်သည်။ ရင်ဆိုင်ယှဉ်ပြိုင်ကြမည့် တပ်မတော်နှစ်ရပ်၏ စွမ်းရည်များကို နှိုင်းယှဉ် ကြည့်ရုံဖြင့်ပင် အနိုင်၊ အရှုံးကို သိသာထင်ရှားစေပါသည်။ ဤသို့ နည်းပညာနောက်ကျမှုကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုပါ ရိုက်ချိုးခံခဲ့ရပေသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(န၀တ)အစိုးရလက်ထက်က ဖြစ်ပါသည်။ အထူးဒေသ(၁) ဖြစ်သည့် ကိုးကန့်နယ်မြေတွင် ယန်မိုးလျံ၊ ဖုန်းကြားရှင်နှင့် “၀” ခေါင်းဆောင်များအကြား အငြင်းပွားမှုများ ဖြစ်ခဲ့ကြသည်။ ကိုးကန့်ငြိမ်းချမ်းရေးခေါင်းဆောင် ယန်မိုးလျံသည် မုန်းကိုးဒေသတွင် မုန်ဆာလအဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ နှစ်ဖက်စလုံးအထိနာခဲ့ကြသည်။ ထိုအချိန်မှာပင် ယခင်ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင် ပြန်လာပြီး “၀”တပ်ဖွဲ့ဝင်များအင်အားဖြင့် ကိုးကန့်ဒေသအား ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုလာသည်။ ယန်မိုးလျံအဖွဲ့မှာ နယ်မြေလည်း မပေးချင်၊ ဖုန်ကြားရှင်၏ နောက်တွင်လည်း “၀” တပ်ဖွဲ့များပါရှိလာပြီးဖြစ်၍ မပေး၍လည်းမရသော အခြေအနေဖြစ်ပါသည်။ ထိုအခါ တပ်မတော်အား အကူအညီတောင်းခံခဲ့ပါသည်။ တပ်မတော်၏ အုပ်ချုပ်မှု၊ ကာကွယ်ပေးမှုအောက်တွင် ကိုးကန့်တပ်ဖွဲ့အနေဖြင့် ရှိမည်ဟု တင်ပြလာပါသည်။ အရေးကြုံလာသောအခါ တပ်မတော်သည် ရင်ဝယ်သားကဲ့သို့ ကိုးကန့်တပ်ဖွဲ့ဝင်များအား စောင့်ရှောက် ပေးခဲ့ပါသည်။ မိမိလက်အောက်ခံ သား၊ သမီးများအား ထိပါးလာခဲ့ပါက မိမိနှင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း ဖုန်ကြားရှင်နှင့် “၀” ခေါင်းဆောင်များအား ကြေညာခဲ့ပါသည်။ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်နှင့် “၀” ခေါင်းဆောင်များလည်း နောက်ဆုတ်သွားခဲ့ကြသည်။ ထိုအချိန်တွင် မြန်မာ့တပ်မတော်သည် တရုတ်-မြန်မာနယ်စပ် တစ်လျောက် တပ်ရင်း ၁၀ ရင်းခန့် တပ်ဖြန့်နေရာယူထားပြီးလည်းဖြစ်ပေသည်။ ထိုအခါ ယူနန်ပြည်နယ် တာဝန်ခံသည် မြို့တော် ပီကင်းသို့ မြန်မာ့တပ်မတော်သည် တရုတ်-မြန်မာနယ်စပ် တစ်လျောက် များပြားလှသော အင်အားဖြင့် တပ်ဖြန့်ထားကြောင်း တင်ပြအစီရင်ခံခဲ့ပေသည်။ မြန်မာ့တပ်မတော်မှလည်း ရန်ကုန်တိုင်းရှိ စစ်ဌာနချုပ်သို့ နယ်စပ်အခြေအနေများအား အချိန်နှင့် တပြေးညီ တင်ပြခဲ့ကြပေသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအတွက် ထမ်းဆောင်ခဲ့သည့် ကြီးလေးသော ကာကွယ်ရေးတာဝန်တစ်ခုပင်ဖြစ်သည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ(နယက) အစိုးရလက်ထက်တွင်မူ တစ်ဦးတည်း သင်းကွဲမနေဘဲ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအသိုက်အမြုံသို့ ပူးပေါင်းပါဝင်နိုင်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပေသည်။ ဤသည်မှာ တိုင်းသူပြည်သားများ ငြိမ်းချမ်းရေး အတွက် အကာအကွယ်ပေးနိုင်ရန် ကြိုတင်စီမံခဲ့မှုများဆိုက မှားအံ့မထင်ပေ။
ယခုအခါ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဖော်ဆောင်သွားမည့် ဒီမိုကရေစီအစိုးရ လက်ထက်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အစိုးရသည် ``နာဂစ်”ကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၊ ရခိုင်အရေး၊ ဘင်္ဂါလီအရေးနှင့် မိတ္ထီလာကဲ့သို့သော ဆူပူလှုပ်ရှားမှုများအား ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကာကွယ်ဖြေရှင်းပေးခဲ့ရပြီဖြစ်သည်။ ထို့အပြင် “Peace may not be everything, but without peace everything is nothing.” ငြိမ်းချမ်းရေးသည် အရာအားလုံးကို ဖြစ်မလာနိုင်သော်လည်းငြိမ်းချမ်းရေးမရှိဘဲ အရာအားလုံးသည်လည်း ဖြစ်မလာနိုင်ပေဟုဆိုသည့်အတိုင်း ပြည်ထောင်စုသားတိုင်းရင်းသားအဖွဲ့အစည်း အသီးသီးနှင့်လည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်လျက်ရှိပေသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် တစ်နေ့ထက်တစ်နေ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလာကြသည်။ ထို့အတူ အာဆီယံနိုင်ငံများသည်လည်း ပိုမိုနွေးထွေးမှုများရှိလာကြသည်။ ရင်းနှီးပွင့်လင်းစွာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများအား ပြောဆိုဆွေးနွေးလာကြပြီဖြစ်သည်။ ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီအစိုးရလက်ထက်တွင် အာဆီယံဥက္ကဌ တာဝန်ကိုပါ ထမ်းဆောင်ရမည်ဖြစ်ပါသည်။ အာဆီယံဥက္ကဌ အဖြစ် တာဝန်ယူသည့် မြန်မာနိုင်ငံ၏ပထမဆုံးအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် ပုဂံမှာ ကျင်းပမှာဖြစ်ပါသည်။ ထို့အပြင် နေပြည်တော်အပါအ၀င် အခြားမြို့ကြီးများမှာလည်း ကျင်းပမှာဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်က ထိုင်းနိုင်ငံအာဆီယံဥက္ကဌ တာဝန်ယူကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ ရှပ်နီဆန္ဒပြဖော်ထုတ်သူတွေက လူစု၊ လူဝေးနဲ့ ဖော်ထုတ်တဲ့အတွက် အစည်းအဝေးတက်ရောက်သူတွေ ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်မျိုး ရှိခဲ့ဘူးပါသည်။
ထို့ကြောင့် အမိမြန်မာနိုင်ငံတော် အာဆီယံဥက္ကဌတာဝန်ယူချိန်မျိုးတွင် ထိုကဲ့သို့ မဖြစ်ရလေအောင်နှင့် ယခုဖြစ်ပွားလျက်ရှိသည့် ဗုံးတွေ့ခြင်း၊ ဗုံးလှန့်ခြင်း၊ ဗုံးပေါက်ကွဲခြင်းစသည့်မတည်မငြိမ်ဖြစ်မှုများ၊ ပြည်သူများ အထိတ်တလန့်ဖြစ်မှုများအား လုံခြုံရေးသတိ၊ ကာကွယ်ရေးအသိဖြင့် ဆောင်ရွက်ကြရပါမည်။ သင်တန်းပေးခြင်းများ လုပ်ဆောင်ရပါမည်။ ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့လျင်လည်း ၁၉၈၃ ခုနှစ်က အာဇာနည်ကုန်း ဗုံးကွဲမှုတွင် မြောက်ကိုရီးယား၏လက်ချက်ဖြစ်ကြောင်း ချက်ချင်းဖော်ထုတ်နိုင်သကဲ့သို့ ဆောင်ရွက်ရပါမည်။ ကမ္ဘာ့အလယ်တွင် မြန်မာဟေ့လို့ ကြွေးကြော်နိုင်ရန် တိုင်းပြည်အေးချမ်းသာယာမှုသည် အဓိကကျပါကြောင်းနှင့် ပြည်သူတစ်ရပ်လုံး၏ ငြိမ်းချမ်းရေးအတွက် ပြည်တွင်း၊ပြည်ပရန် ကာကွယ်ရေးတာဝန်သည် အရေးကြီးလှပါကြောင်း တင်ပြ လိုက်ရပေသည်။

ဇာနည်ဘွား

No comments:

Post a Comment