Tuesday, May 14, 2013

အင်တာနက်မှာ ဖတ်မိသမျှ (၁)

“အဖေ”
“ဟေ.... ဘာလဲသား”
“ကျောင်းမှာ သား ခဲတံပျောက်သွားလို့”
“ဟင်...မင်းဆရာမကို သွားမတိုင်ဘူးလား”
“တိုင်တယ် အဖေ ပျောက်ပျောက်ချင်းပဲ သွားတိုင်လိုက်တာ”
“အေး...သားတော်တယ်၊ အဲ့ဒီတော့ ဆရာမက သားခဲတံပျောက်တာကို ဘယ်လိုအရေးယူလဲ”
“ဆရာမက ခေါင်းဆောင်ပြီး၊ အတန်းခေါင်းဆောင်ကို ရှာဖွေရေးအဖွဲ့ ဖွဲ့ခိုင်းတယ်အဖေ၊ အဲဒီတော့ သားတို့ အတန်းခေါင်းဆောင်က အတန်းသား သုံးယောက်ကိုဆင့်ခေါ်ပြီး ဆရာမစိတ်ကြိုက် အဖွဲဖွဲ့ရတာပေါ့”
“အင်... အဲ့ဒီလိုလုပ်လို့ အဆင်ပြေပါ့မလား သားရဲ့”
“ပြေတယ် အဖေရ”
“ဟုတ်ရဲ့လား.... ဘယ်လိုပြေတာတုန်း”
“သားတို့ အတန်းခေါင်းဆောင်က အတန်းထဲမှာရှိတဲ့ လူတွေရဲ့ အိတ်တွေကို စစ်ဆေးပြီး ဆရာမ ဆီကို စစ်ဆေးပြီး ရလာတဲ့အဖြေကို စာတင်ရတယ် အဖေရဲ့”
“အဲ့ဒီတော့ သားခဲတံပြန်တွေ့ရောလား”
“တွေ့တော့ မတွေ့ဘူးအဖေ....ဒါပေမယ့် သားကျေနပ်တယ်”
“ဟင်....ဘယ်လိုကြီးတုန်း သားရဲ့”
“အတန်းခေါင်းဆောင်ရဲ့ အစီရင်ခံစာအရ.... သားရဲ့ခဲတံဟာ အိမ်ကနေ ကျောင်းအထိ ပါလာတာ မသေချာကြောင်း၊ သေချာပါကလည်း မည်သူတစ်ဦးတစ်ယောက်ဆီမှာမျှ မတွေ့သောကြောင့် အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်ကြောင်း၊ အတန်းထဲတွင် ပျောက်တာမဖြစ်နိုင်သောကြောင့် အခြားနေရာများကို စဉ်းစားကြည့်သောအခါ ကာယကံရှင်အား မေးမြန်းချက်အရ မည်သည့်နေရာ ကိုမျှမယူသွားကြောင်းထွက်ဆိုခြင်းကြောင့် အတန်းထဲရှိ ထောင့်တစ်နေရာများ ကျနေနိုင်ကြောင်း၊ သို့သော်တစ်ခန်းလုံးအားပိုက်စိပ်တိုက်ရှာကြည့်သောအခါမည်သည့်နေရာမျှရှာမတွေ့သောကြောင့် ထိုစဉ်းစားချက်မှာလည်း မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်ပါသောကြောင့် ပျောက်ဆုံးသွားသော ခဲတံအား ရှာဖွေခြင်းပြီးမြောက်ဖို့အတွက် အောက်ပါအချက်များထဲမှ နည်းလမ်းတစ်ခုအား ဆောင် ရွက် သင့်ကြောင်း ဆရာမအား အကြံပြုအပ်ပါသည် -
(၁) ပျောက်ဆုံးသွားသောခဲတံအားအသစ်ပြန်ဝယ်ပေးခြင်း၊
(၂) ထိုပျောက်သွားသော ခဲတံအား ထပ်မံရှာဖွေရန် လုံလောက်သော လူအင်အား ထပ်မံ ဖြည့် တင်းပေးခြင်း၊
(၃) ပျောက်သွားသောခဲတံအား ထပ်မရှာဘဲနေခြင်းတို့ ဖြစ်ပါသည်။လို့ ဆိုထားတယ်အဖေ”
“ဟ...မင်းတို့ဟာက ရှည်လျားလှပါလား၊ ပျောက်နေတဲ့ခဲတံလည်း ပြန်မတွေ့ဘူး၊ ဖတ်ရတာက လည်း ဘာကိုဆိုလိုမှန်း မသိဘူး”
“ဒါပေမယ့် သားကျေနပ်တယ် အဖေ”
“မင်းကလည်း ကျေပဲကျေနပ်နေတာပဲ…။ ဒီလောက်တောင် ကျေနပ်နေတာ ဘာကို ကျေနပ် တာလဲ”
“အဖေပဲ စဉ်းစားကြည့်လေ”
“အင်း... ငါက ဘာကိုစဉ်းစားရမှာလဲ”
“သားခဲတံပျောက်သွားလို့ ဘာမှ မလုပ်ပေးတာထက်စာရင်၊ အခုလို သားအတွက် အစီရင်ခံစာ အရှည်ကြီး ဖတ်ရတော့ သားတန်တာပေါ့ အဖေရဲ့ ၊ ပြီးတော့ ရှာနေတဲ့ အချိန်တွေမှာ သားတို့ စာမ သင်ရဘူးလေ... အဲဒါ ကျေနပ်စရာပေါ့ အဖေရဲ့... အဖေက ဒါလေးတောင်မသိဘူး”

No comments:

Post a Comment