Monday, June 3, 2013

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး သမ္မတကြီးပြောကြားခဲ့သည့် မိန့်ခွန်း

From : ..သမ္မတရုံး

နေပြည်တော် မေ ၃၀
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရတွင်နိုင်ငံတော် သမ္မတရုံးရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်၍ အမှာစကား ပြောကြား သည်။အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားသည်။ ပြောကြားချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည်-
ဒီကနေ့ အစည်းအဝေးကတော့ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အတွက် ဆက်စပ်တဲ့ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝန်ကြီးများ သိရှိရအောင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းပြဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့လက်ထက်မှာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနဲ့ တိုင်းပြည် စီးပွားရေး သိသာ စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီလဝါရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ထားဝယ်ရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် တို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့ (၂) နှစ်တာ ကာလအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပေါ်ပေါက်ရေး ကိစ္စနဲ့ စီးပွားရေး ပိတ်ဆို့ထားမှုများ ဖြေလျှော့ရေးကိစ္စတို့ကို ကြိုးပမ်းဆောင်ရွက် နေရတဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ နှေးကွေးတုံ့ဆိုင်းလျက် ရှိနေခဲ့ပါတယ်။ ဒီအတားအဆီးများကို ဖယ်ရှားနိုင်မှသာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှာ ဖြစ်တဲ့အတွက် (၂) နှစ်တာ ကာလကျော် သည် အထိ EU နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားနိုင်အောင် ဆောင်ရွက်ခဲ့ရသည့်အပြင် အမေရိကန် အစိုးရရဲ့ ဖြေလျှော့ပေးမှုများကိုလည်း သံတမန် ဆက်ဆံရေး နည်းလမ်းများနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ ရပါတယ်။

ယခုအခါ ဒီအတားအဆီးတွေ အတော်များများ ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ဘဏ်၊ ADB၊ ODA ချေးငွေသစ်များနဲ့ ထောက်ပံငွေများ ရရှိရေး အတွက် ကြွေးဟောင်းများ လျှော်ပစ်ခြင်း၊ ပြန်ဆပ်ခြင်းလုပ်ငန်းများကိုလည်း ပဲရစ်ကလပ်ဝင်နိုင်ငံများနဲ့ အောင်မြင်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် အတိုးနှုန်း သက်သာတဲ့ နှစ်ရှည်ချေးငွေ များနဲ့ ထောက်ပံငွေ များလည်း ရရှိစပြုနေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးထူထောင်ဖို့အတွက် အရင်းအနှီးနဲ့  နည်းပညာ လိုအပ်ချက်များ ရှိနေတဲ့အပြင် လူ့စွမ်းအား အရင်းအမြစ် များလည်းလိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားအရင်းအနှီးတွေကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။ ပြည်ပက ဝင်ရောက် ရင်းနှီးကြတဲ့အခါ အကျိုးရှိသလို အန္တရာယ်များလည်း ရှိလာနိုင်တဲ့အတွက် အန္တရာယ်ကို ကာကွယ် တားဆီးနိုင်ဖို့ မူဝါဒ (၄) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ၂၀၁၅ မှာ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN Free Trade Area) ဖြစ်ပေါ်လာတဲ့အခါ ဖွံ့ဖြိုးနေတဲ့ အာဆီယံနိုင်ငံအချို့နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကြီးအချို့က ကုန်ပစ္စည်းတွေ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီစီးဝင်လာမယ့် ကုန်ပစ္စည်းတွေကို တားဆီးနိုင်ဖို့အတွက် အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေကို ကျွန်တော်တို့နိုင်ငံမှာ အလျှံအပါယ် ထုတ်လုပ်နိုင်မှသာ ပြည်ပက ဝင်ရောက်လာမယ့် ကုန်ပစ္စည်းတွေကို ခုခံတားဆီးနိုင်မှာ ဖြစ်ပါတယ်။

အရည်အချင်းကောင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့နဲ့ ဈေးသက်သာစွာ ထုတ်လုပ်နိုင်ဖို့ အတွက် ပြည်ပအရင်းအနှီး၊ ပြည်ပ နည်းပညာတွေနဲ့ ပူးပေါင်းပြီးလုပ်မှသာ ဖြစ်နိုင်မှာ ဖြစ်တဲ့အတွက် ဖက်စပ်လုပ်ငန်း၊ ရှယ်ယာထည့်ဝင်တဲ့လုပ်ငန်း၊ အများပိုင် လုပ်ငန်းတွေကို ကုန်ထုတ်လုပ်ငန်းတွေမှာ ကျွန်တော်တို့နိုင်ငံသားတွေ ပူးပေါင်းပြီး တွင်တွင်ကျယ်ကျယ် လုပ်ကြရမှာ ဖြစ်ပါတယ်။

သီလဝါရေနက်ဆိပ်ကမ်းနဲ့ အထူးစက်မှုဇုန် တည်ဆောက်ရေး၊ ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းများဟာ ယခင်အစိုးရလက်ထက်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်အထက်က ပြောခဲ့သလို အခက်အခဲ၊ အဟန့်အတားတွေကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ယခု ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့ အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ အတွက်ကတော့ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံလိုသူတွေ ရှိနေပြီ ဖြစ်ပါတယ်။ မကြာမီ အကောင်အထည် စတင် ဖော်နိုင်မှာပါ။

ယခုထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ကတော့ ၂၀၀၈ ခုနှစ် ကတည်းက ထိုင်းနိုင်ငံနဲ့ MOU ထိုးခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်ဖို့အတွက် ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နဲ့ ထိုင်းနိုင်ငံက အီတာလျံထိုင်းကုမ္ပဏီတို့ မူဘောင်သဘောတူစာချုပ် (Framework Agreement) ကိုထပ်မံ၍ လက်မှတ်ထိုးခဲ့ပါတယ်။ သို့သော်လည်း ဒီကုမ္ပဏီအနေနဲ့ လုပ်ကိုင်နိုင်စွမ်း နည်းပါးတဲ့အတွက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ ထိုင်းအစိုးရပါဝင်လာပြီး မြန်မာအစိုးရနဲ့ ထိုင်းအစိုးရအဖွဲ့တို့ ဒီလုပ်ငန်းကို ပူးပေါင်းပြီးအကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလုပ်ငန်း ဖြစ်မြောက်ရေးအတွက် ကျွန်တော်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။

ယခုအချိန်မှာတော့ ထားဝယ်အထူးစီးပွားရေးဇုန် ဖော်ဆောင်နိုင်ရေးအတွက် ဆက်စပ် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘက်မှ ဒုတိယသမ္မတ (၂) ဦးဆောင်တဲ့ အဆင့်မြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ထိုင်းနိုင်ငံဘက်က ဒုတိယဝန်ကြီးချုပ် ဦးဆောင်တဲ့ အဆင့်မြင့်အဖွဲ့တို့ ပူးပေါင်းပြီး အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ကာ ကြိုးပမ်းဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်သူများမှ လုပ်ငန်းလုပ်ဆောင်မှုများကို ရှင်းပြကြမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းမှာ ငွေကြေးလိုအပ်ချက်များ ရှိနေတဲ့အတွက် ဂျပန်ကုမ္ပဏီများပါဝင် ရင်းနှီးမြှုပ်နှံရန် အစိုးရအချင်းချင်း ညှိနှိုင်းမှုများလည်း ပြုလုပ်နေပါတယ်။ ထိုင်းဝန်ကြီးချုပ် အနေနဲ့ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြောကြားခဲ့ပြီး ဖြစ်သလို ကျွန်တော့်အနေနဲ့လည်း မကြာခင် ရက်ပိုင်းအတွင်းက ဂျပန်ဝန်ကြီးချုပ် ခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဂျပန်အနေနဲ့ ဒီလုပ်ငန်းမှာ စိတ်ဝင်စားမှု ရှိလာတဲ့အတွက် မကြာမီကာလအတွင်း ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကျွန်တော်တို့ နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကတော့ ဒီထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်ရေး အတွက် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အခုလည်း ဆက်စပ်လုပ်ငန်းတွေ အကောင်အထည် အမြန်ဆုံးဖော်နိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေ ထပ်မံဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးပြောကြားအပ်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ထားဝယ်အထူး စီးပွားရေးဇုန်သည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကို ကုန်းတွင်းတံတား ထိုးပေးထားသည့် မဟာမဲခေါင်ဒေသခွဲ တောင်ပိုင်း စီးပွားရေးစင်္ကြန်များ၏ အနောက်ဘက်မုခ်ဦး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ နိုင်ငံအတွက်ရော၊ ဒေသတွင်း နိုင်ငံများအတွက်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် ဆောင်ကြဉ်းပေးနိုင်မည့် အလားအလာကောင်းများ ရှိသည့်အတွက် ထိုင်းနိုင်ငံအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့်အပြင် ရင်းနှီးမြှပ်နှံမည့် အခြားနိုင်ငံများကိုပါ  ဖိတ်ခေါ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအဆင့်များနင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက် အကောင်အထည်ဖော်ရေး အတွက် ချုပ်ဆိုရမည့် စာချုပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစ ကားပြောကြား ရာတွင် စီမံကိန်းလုပ်ငန်းများမှာ လုပ်ဆောင်ရမည့် လုပ်ငန်းပမာဏ ကြီးမားသဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ဝန်ကြီးဌာန အသီးသီးအနေဖြင့် ဆက်စပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်ပါက ပြည်ပမှ အကြံပေးပညာရှင်များ ငှားရမ်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လုပ်ငန်းဆိုင်ရာ စာချုပ်များ ချုပ်ဆိုရာတွင် နိုင်ငံတကာ ဥပဒေနှင့်အညီ ကိုက်ညီမှုရှိအောင် စိစစ်ဆောင်ရွက်ရန်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

No comments:

Post a Comment