Tuesday, August 25, 2015

မန်မာစကားတတ် နိုင်ငံခြားသားတို့ အန္တရာယ်

မြန်မာစာသင်တဲ့ နိုင်ငံခြားသားတွေ များလာတာ မြန်မာနိုင်ငံသားတွေအတွက် ကြီးမားတဲ့ အန္တရာယ်ပဲ။ သူတို့ကြောင့် မြန်မာ့ပုံရိပ်ထိနိုင်တယ်၊ မြန်မာ့သိက္ခာကျနိုင်တယ်။
facebook မှာ မကြားဝံ့မနာသာ တစ်ယောက်နဲ့ တစ်ယောက် ဆဲဆိုထားကြတာတွေကို ကြည့်ပြီး ကိုယ့်လူတွေကို သူတို့ အထင်သေးကြတော့မယ်။ မြန်မာဆိုတာ ယဉ်ကျေးတဲ့လူတွေလို့ သူတို့ အရင်က ကြားထား၊ ဖတ်ထားတာတွေကို မေ့ပစ်လိုက်ကြတော့မယ်။ ဆဲတာဆိုတာဟာ ၀စီဒုစရိုက်။ ရပ်ကွက်ထဲမှာ၊ အရက်ဝိုင်းမှာ ဆဲတာက ကိုယ့်နားပတ်ဝန်းကျင် တင် ထိခိုက်တာ၊ fb မှာက လူထောင်သောင်းသိန်းရှေ့မှာဆဲတဲ့အတွက် လူသိန်းနဲ့ချီ ထိခိုက်စေတဲ့ ၀စီဒုစရိုက်ကို ကျူးလွန်နေကြတာ။ ပိုဆိုးတာက “ငါဘယ်လို ဆဲလိုက်တာ” ဆိုပြီး ဂုဏ်တောင်ယူ လိုက်ကြသေး။ profile အစစ်တွေနဲ့ကို ဂုဏ်တုဂုဏ်ပြိုင် ဆဲဆိုနေကြတာ။ အလုပ်ဘယ်လောက် လုပ်နိုင်သလဲ ပြိုင်စရာ မရှိလို့ထင်တယ်၊ အဆဲပြိုင်နေကြတာ။ ဆဲတာကို အားပေးလက်ခုပ်တီးနေ တဲ့ လူတွေကလည်း အများကြီး။ ယဉ်ကျေးသိမ်မွေ့သူတွေ နေကြတယ်ဆိုတဲ့ မြန်မာနိုင်ငံ၊ “အမိယုတ်ရင် နှုတ်ကြမ်းတယ်” ဆိုတဲ့ အဆုံးအမ ရှိတဲ့ မြန်မာနိုင်ငံ။ ကိုယ်တွေ တန်ဖိုးကို နိုင်ငံခြားသားတွေ အလွဲဖြတ်သွားမှာ စိုးသာ စိုးရိမ်တာ ကိုယ်တွေတန်ဖိုးကလဲ အဲဒီလောက်ပဲနဲ့ တူတယ်။ ဒါ FB ကလူတွေပါ၊ အပြင်မှာ အဲလိုမျိုးမဟုတ်ဘူး ပြောတဲ့လူရှိမယ်။ FB ပေါ်မှာ နေတဲ့ မြန်မာတွေ ပညာတတ်ပညာမဲ့ ဆင်းရဲ ချမ်းသာ ကျားမ အများကြီးအများကြီး။ မိုးမွှန်အောင် ဆဲနေသူတွေဟာ မြန်မာကို ကိုယ်စားမပြုဘူး လို့ ဘယ်လိုမှ ငြင်းမရဘူး။ ဒီအန္တရာယ်ကိုဘယ်လိုကာကွယ်ကြမလဲ။ နှစ်နည်းပဲရှိတယ်။ နိုင်ငံခြားသားတွေ မြန်မာစာ မတတ်အောင် လုပ်ရမယ်။ နောက်တစ်နည်းက မြန်မာတွေ မဆဲအောင်၊ အနည်းဆုံး FB မှာ မဆဲအောင် လုပ်ရမယ်။ နှစ်နည်းလုံးက မဖြစ်နိုင်ပေမယ့် ပထမနည်းက ပိုလွယ်လိမ့်မယ်။
ဇေယျသူ

No comments:

Post a Comment