Wednesday, October 8, 2014

U-19 ပြိုင်ပွဲမှ မြန်မာအသင်း၏ ပွဲစဉ်များကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြမည်

အာက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် AFC U-19 Championship Myanmar 2014 ဘောလုံး ပြိုင်ပွဲမှ မြန်မာ အသင်း ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များကို မြန်မာ့အသံရုပ်မြင်သံကြား (MRTV) က တိုက်ရိုက်ပြသ မည်ဖြစ်သည်။
အာရှနိုင်ငံ ၁၆ခုမှ အသက် ၁၉ နှစ်အောက် အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင် မည့် AFC U-19 ပြိုင်ပွဲများကို နေပြည်တော်နှင့် ရန်ကုန်တွင် ကျင်းပသွားမည်ဖြစ်သည်။
မြန်မာယူ-၁၉ ဘောလုံးအသင်းသည် အုပ်စု (က)တွင် အီရန်၊ ထိုင်း၊ ယီမင် အသင်းတို့နှင့် ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု အဖွင့်ပွဲစဉ် အဖြစ် အောက်တိုဘာ ၉ ရက် ညနေ ၆း၃၀ နာရီတွင် ယီမင် အသင်းနှင့် ရင်ဆိုင် ကစားမည် ဖြစ်ပြီး၊ အောက်တိုဘာ ၁၁ ညနေ ၆း၃၀ နာရီတွင် ဒုတိယမြောက် အုပ်စု ပွဲစဉ်အဖြစ် မဟာပြိုင်ဘက် ထိုင်းအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အုပ်စု နောက်ဆုံးပွဲစဉ်ကို မြန်မာ အသင်းသည် အုပ်စုတွင်း အင်အား အတောင့်တင်းဆုံး အသင်းဖြစ်သည့် အီရန် အသင်းနှင့် ရင်ဆိုင် ရမည် ဖြစ်ကာ အောက်တိုဘာ ၁၃ ညနေ ၆း၃၀ နာရီတွင် ယှဉ်ပြိုင် ရမည် ဖြစ်သည်။ ယင်း အုပ်စုပွဲများ အပြင် မြန်မာ အသင်းအနေဖြင့် အုပ်စုမှ လွတ်မြောက်ကာ ကွာတား၊ ဆီမီး၊ ဖိုင်နယ် အစရှိသည့် အဆင့်များကို တက်ရောက် နိုင်ခဲ့ပါကလည်း မြန်မာ့ရုပ်မြင်သံကြားမှ ပြသ သွားမည် ဖြစ်သည်။

ယင်းပြိုင်ပွဲအား ပြည်တွင်း၌ မူပိုင်ထုတ်လွှင့် ပြသခွင့်ကို MRTV-4 မှ ရရှိထားပြီး ပြိုင်ပွဲ တစ်ခုလုံး၏ ပွဲစဉ်များကို forSport ရုပ်သံလိုင်းမှ ပြသ သွားမည် ဖြစ် သည်။

No comments:

Post a Comment