Thursday, October 2, 2014

မျက်နှာမည်းကြီး ဖြူလေပြီ

ငယ်အမည်က ကဗျာဆန်သည်ဟု ဆိုရမလောက်ပင်။ ‘အလင်း’ ဟု အမည်တွင်သည်။ တကယ်တမ်း လင်းသည် ... မှောင်သည်ကို ရန်ကုန်မြို့တော်နေ ပြည်သူများ အသိပင် ဖြစ်လိမ့်မည်။ သူသည် ရန်ကုန်မြို့တော်ကို ခုနစ်နှစ်ကြာ မြို့တော်ဝန်အဖြစ် တာဝန်ယူ အုပ်ချုပ်ခဲ့သူပင် ဖြစ်သည်။ အများစု၏ အပြောအဆိုအရ အမည်းရောင်ကို နီညိုရောင် စပ်ထားသည့် အသားအရောင်ဟု ထင်ရသည်။ မျက်နှာထား အမူအရာက ခက်ထန်ခဲ့မှန်း သူကိုယ်တိုင် ဝန်ခံ၏။ ထို့ကြောင့် ရန်ကုန်မြို့နေ ပြည်သူအချို့က ‘မျက်နှာမည်းကြီး’ ဟုပင် တီးတိုး သမုတ်ခဲ့ကြသည် မဟုတ်ပါလော။

‘အလင်း’ သည် ဗိုလ်မှူးချုပ်၊ ဒုတိယဝန်ကြီး (စက်မှု)၊ မြို့တော်ဝန် (ရန်ကုန်).. စသည့်ရာထူးများကို ကျောခိုင်း၍ .. ယခုမူ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကြား… ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းအဖြစ် ရောက်ရှိနေလေပြီ။
၁၄ မျဉ်းစောင်းတို့ဆီမှ


မောင်အလင်းကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် မွေးသည်။ မွေးသက္ကရာဇ်က ၁၉၄၉ ဇူလိုင်လ။ နိုင်ငံသား မှတ်ပုံတင် ကုတ်နံပါတ်သည် ၁၄/တော့ မဖြစ်ခဲ့။ မိခင်၏ အနှီးထုပ်ထဲမှ သုံးလသား မောင်အလင်းသည် ဖခင် တပ်ကြပ်ကြီးစာရေး၏ တာဝန်ကျရာ ရန်ကုန်မြေတွင် ကြီးပြင်းရန် ရောက်ရှိခဲ့ရသည်။

“လူမှန်းသိပြီဆိုတော့ ကျွန်တော် ဘောက်ထော်က မှတ်တမ်းရုံးကို မှတ်မိတယ်” ဟု ဦးအောင်သိန်းလင်းက ပြောပြသည်။ သူ၏ မျက်လုံးတို့က လွှတ်တော် အဆောက်အအုံကို ကာထားသော မှန်နံရံများကို ဖြတ်၍ အပြင်ကို ဖောက်ကြည့်နေသည်။ အမြင်အာရုံက ငယ်ဘဝကို ပြန်တွေးနေသည့်ဟန် ရှိ၏။

သူသည် ထိုခေတ်က နာမည်ကျော်သော စိန်မိုက်ကယ်ကျောင်းသို့ တက်ခွင့်ရသည်။ တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖဟူသော စိတ်ကို အရိုးစွဲထားသည့် စိတ်က စစ်တိုက်ရန်သာ တွေးမိကြောင်း သူကဆိုသည်။သို့သော် ပြည်တွင်းစစ် ... ပြည်ပစစ်ဟူ၍ ခွဲခွဲခြားခြားသူမသိ။ “ရန်ကုန်မှာ လည်လည်ဝယ်ဝယ် မရှိဘူးဗျ” ဟု သူကဆိုသည်။ သို့သော် သူသည် ရန်ကုန်မြို့တော်ကို ကြီးစိုးခြယ်လှယ် ခဲ့သူအဖြစ် ရန်ကုန်၏ မှတ်တမ်းတွင် ရှိသည်။
ဖားခုန်၊ ဂျွမ်းထိုး စစ်ဗိုလ်လောင်း


၁၉၆၂ ခုနှစ်။ မောင်အလင်း ၁၃ နှစ်သား ဖြစ်လာပြီ။ တောင်ဥက္ကလာတွင် ၎င်းတို့ မိသားစုအတွက် မြေနှင့် အိမ်တစ်လုံး ပိုင်ဆိုင်ခဲ့သည်။ ၁၉၆၇ တွင် ဆယ်တန်းအောင်လေပြီ။ သူလိုလား တောင့်တသော စစ်တက္ကသိုလ်ဆီမှ အပတ်စဉ် (၁၃) မှတ်တမ်းထဲ အမည်စာရင်း ရောက်ရှိသည်မှာ ယနေ့အချိန်အထိ မှတ်တမ်းဖြစ်၏။ စစ်တက္ကသိုလ်၏ သတ်မှတ်စည်းကမ်းက အများအသိ။ မှားယွင်းမှု တစ်ခုဖြစ်ပါက စီနီယာအလိုက် အပြစ်ပေးလေ့ ရှိသည်ဟု ဦးအောင်သိန်းလင်းက ဆိုသည်။ သူသည်က ပထမနှစ်။ ယနေ့ခေတ်တွင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူထားသော သူရဦးရွှေမန်းက တတိယနှစ် ဗိုလ်လောင်း ဖြစ်သည့်အချိန် ဖြစ်သည်။

အလင်းခေါ် မောင်အောင်သိန်းလင်းသည် စစ်စည်းကမ်းနှင့် မညီသော လုပ်ရပ်ကို ဖောက်ဖျက် မိလေပြီ။ တတိယနှစ် စစ်ကျောင်းသား စီနီယာ မောင်ရွှေမန်း၏ အပြစ်ပေးခြင်းကို ခံလေသည်။ မည်သည့် အကြောင်းအရာ ဖြစ်သည်ကိုတော့ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိ။ ထို့ကြောင့် ဖားခုန်.. ဂျွမ်းထိုး အပစ်ပေးခြင်းကို သုံးနာရီခန့် လုပ်ရကြောင်း ဦးအောင်သိန်းလင်းက ပြောသည်။

“မိုးတွေရွာလာလို့ ပျော်တောင်ပျော်တယ်ဗျာ ... အဲဒီအချိန်က” ဟု ၎င်းကဆိုသည်။ ထိုစကားလုံး မပြောမီကတည်းက သူ၏ ခက်ထန်သည်ဟု ထင်ရသော မျက်နှာက ပြုံးစိစိ။ စကားအဆုံးတွင် လှိုက်လှဲပျော်ရွှင်သော ရယ်သံတို့က စက္ကန့် ၃၀ ခန့် မရပ်မနား ဖြစ်သွားသည်။

“အဘရွှေမန်းနဲ့ဆုံတော့ တစ်ခါပြောပြ ဖြစ်သေးတယ်။ အဲဒီအကြောင်းတွေကို” ဟု ၎င်းက ရယ်မောရင်း ဆင့်ကဲဆိုသည်။ ထို့အတူ တိုက်ပုံအင်္ကျီ၏ ညာဘက်အိပ်ကပ်တွင် အသင့်ဆောင်ထားသော အိတ်ဆောင်ဘီးလေးဖြင့် သူ၏ ညွတ်ကျလာသော ဆံပင်များကို ပြန်သပ်တင်လိုက်သည်။
စစ်ဒုက္ခ
စစ်တက္ကသိုလ် လေးနှစ်တက်ပြီးသည့် အချိန်တွင် မောင်အလင်းဟူသော ငယ်အမည်ကို ခေါ်ဆိုမည့်သူ မရှိတော့..။ ဒုဗိုလ်အောင်သိန်းလင်း ဖြစ်ချေပြီ။ ကချင်ပြည်နယ် မြစ်ကြီးနားတွင် တာဝန်ကျလေသည်။ ထိုဒေသတွင်ပင် ဒု-ဗိုလ်ရာထူး ရရှိသည်အထိ တာဝန် ထမ်းဆောင်ခဲ့သည်ဟု သူကဆိုသည်။ ပြည်ပစစ်တော့မဟုတ်..။ ကေအိုင်အေနှင့် ဗကပနှင့်သာ တိုက်ပွဲ ဆင်နွှဲရသည်ဟု ၎င်းကပြောသည်။ သူ၏စစ်သက်တမ်းတွင် ဝါးခသစ် တိုက်ပွဲသည် ရက်အရှည်ဆုံးနှင့် အကြမ်းတမ်းဆုံးဟု အမှတ်ရစေသည်။ ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်တွင် ဖြစ်သည်။ အကျအဆုံးများပြီး နှစ်လခန့် ဆင်နွှဲရသော ထိုတိုက်ပွဲတွင် သူရဘွဲ့ရခဲ့သော ဦးအေးမြင့် ပါဝင်ကြောင်း ၎င်းက ပြောပြသည်။
ကရင်ပြည်နယ်၊ ရှမ်း၊ ကချင်နှင့် အရှေ့မြောက်ပိုင်းတိုင်းရှိ လားရှိုး-မူဆယ်အပြင် တနင်္သာရီတိုင်း ထားဝယ်နယ်ဘက်အထိ ဆယ်စုနှစ် တစ်ခုစာခန့် ဖြတ်သန်းခဲ့ရကြောင်း သူကဆိုသည်။ သို့သော် သူသည် စစ်ဦးစီး တက္ကသိုလ် မတက်ရဘဲ ကာနယ် ဖြစ်ခဲ့သည်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ပြီးဆုံးအောင် မတတ်ရ။ တပ်မမှူးရာထူး ရသည်။ “တစ်လလောက်ပဲ တက်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီရာထူး ရခဲ့တယ်ဗျ” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။ ထူးခြားသည့် ရာထူးရရှိမှု ဖြစ်ပြီး စစ်အကြောင်းတရား၏ နောက်ကွယ်ကိုတော့ မသိရပေ။
သေဘေး
ဗိုလ်ကြီးမှ တပ်ရင်းမှူး ဖြစ်လာသည်အထိ စနှိုက်ပါ၏ အရသာကို ၃ ကြိမ် ထိတွေ့ရသူမှာ ဦးအောင်သိန်းလင်း ဖြစ်သည်။ ၁၉၇၂ စစ်ဗိုလ်ဘဝ။ ဆွမ်ပရာဘွမ် တောတွင်းပိုင်းတွင် ဖြစ်သည်။ စနိုက်ပါ ကျည်ဖူးသည် ဘယ်ဘက်ရင်ညွန့်ကို ထိမှန်သည်။ ကံကောင်းလွန်းသည်ဟု ၎င်းကဆိုသည်။ ဒုဝန်ကြီး၊ မြို့တော်ဝန်နှင့် လွှတ်တော်အမတ် ဘဝဖြင့် ပြည်သူ၏ မေတ္တာကို ပျစ်ပျစ်နှစ်နှစ် ခံယူရန် ကံပါသည်ဟု ဆိုရမည် ဖြစ်သည်။
“အရာရှိမှန်းသိတော့ သေချာရွေးပစ်တာ။ ဗီဒီယိုထဲကလိုပဲဗျ။ မသေခဲ့ဘူး” ဟု ၎င်းကဆိုသည်။ သူ၏တပည့်က ဖဲရိုက်၍ ပြန်လာပေးသော အကြွေစေ့ကို အင်္ကျီအိတ်ကပ်ထဲ ထည့်ထားမိသည်။ အဆိုပါ အကြွေစေ့က ဖဲဝိုင်းမှ ဖန်တီးသော သူ၏ကုသိုလ်ဟု ယူဆရပေမည်။ သေမင်းသည် အကြွေစေ့များကို နမ်း၍ ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်ချေသည်။ 

၁၉၇၅ ။ သိန္ဒီရှေ့တန်းတွင် ဒုတိယမ္မိ စနိုက်ပါကို သူထပ်ကြုံရသည်။ ညာဘက်ပါးပြင်ကို ဖောက်၍ ညာဘက်နားရွက်မှ အသားစတို့ ပြတ်ထွက်သွားကြောင်း ၎င်းကပြောသည်။ ချုပ်ထားသော ဒဏ်ရာက အသားအရောင်ကြောင့် သေသေချာချာကြည့်မှသာ ထင်ထင်ရှားရှား မြင်ရသည်။ ထို့အပြင် ကရင်ပြည်နယ်တွင် နောက်ထပ် တစ်ကြိမ်အပစ်ခံရသည်။ လည်ပင်းကို ရှပ်မှန်သည်က ၎င်း၏ အသက်ရှည်ရေး ဇာတာခွင် ဖြစ်ချေသည်။ သို့သော် သူ့ထံတွင် သူရဘွဲ့မရှိ။ ဂုဏ်ထူးဆောင် လက်မှတ် နှစ်ခုသာ ရခဲ့ကြောင်း ၎င်းကဆိုသည်။
ဗိုလ်မှူးချုပ် ဒုဝန်ကြီး
၁၉၉၆ ခုနှစ်။ ဗိုလ်မှူးချုပ် ရာထူးဖြင့် သုံးနှစ် တာဝန်ယူခဲ့ပြီး ၁၉၉၉ တွင် မြန်မာနိုင်ငံတွင် လက်ရှိ အချိန်အထိ အရှုံးပေါ်နေသော စက်မှု (၂) ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး နေရာကို စစ်ယူနီဖောင်း မချွတ်ဘဲ တာဝန်ယူခဲ့သည်မှာ ဦးအောင်သိန်းလင်း ဖြစ်ပေသည်။ ထိုကဲ့သို့ပင် ဗိုလ်ချုပ် ဌေးဦးသည်လည်း လယ်/ဆည်ဝန်ကြီး တာဝန်ယူခဲ့ဖူးကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်စက်မှုနဲ့ ပတ်သက်လို့ ဘာမှမသိဘူးဗျ” ဟု ၎င်းကဝန်ခံသည်။ စက်မှုဝန်ကြီးဌာန ယနေ့အချိန်အထိ အရှုံးပေါ်နေခြင်းက မည်သို့ အခြေခံချခဲ့သနည်း၊ မေးခွန်းထုတ်စရာ မလိုတော့ပေ။ Equipment ကို စောင်လိုခြုံ၍ ကာဘိုင်ကို ဖက်အိပ်ခဲ့သော ထိုသူကို စက်မှု ဒုဝန်ကြီးဖြစ် ခန့်အပ်ခြင်းက မြန်မာပြည်၏ စက်မှုစွမ်းအားကို ခေတ်ကျော်လွှားဖို့ ဖြစ်နိုင်မည်လော။ “အင်ဂျင်နီယာတွေဆီက သင်ရတာပေါ့” ဟု သူက ထိုအချိန်က အတွေ့အကြုံကို ချပြပြောဆိုသည်။ လက်တွန်းထွန်စက်များ ထုတ်လုပ်နိုင်ခဲ့သည်။ မြို့တော်မေတ္တာ ခံယူပြီ ဒုဝန်ကြီး တာဝန်ကို လေးနှစ်တာ ထမ်းဆောင်ခဲ့သော ဗိုလ်မှူးချုပ်သည် ၂၀၀၃ ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ရန်ကုန် မြို့တော်၏ မြို့တော်ဝန် ရာထူးကို မြို့တော်ဝန် ဦးကိုလေးထံမှ ပခုံးပြောင်းခဲ့ပြီ။ ရန်ကုန်သည် သူ့အတွက် လည်လည်ဝယ်ဝယ် မရှိခဲ့သောနေရာဟု ဆိုထားသော မောင်အလင်းသည် မြို့တော်ခန်းမ၏ ထိပ်ဆုံးထိုင်ခုံသို့ ရောက်လာချေပြီ။ “ကျွန်တော်က စစ်တိုက်ဖို့ပဲ သိတာ။ အဘအေး (ဗိုလ်ချုပ်မှူးကြီးမောင်အေး) ကလည်း ပြောတယ်။ မင်းတပ်မတော်က အကြီးပိုင်းကို ရောက်ကို ရောက်ရမယ်တဲ့” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။ စစ်ဘက် ရာထူးကို မစွန့်လွှတ်ရဘဲ မြို့တော်ဝန် ဖြစ်လာခြင်းသည် ၎င်းအတွက် မျှော်လင့်ချက်တို့ ရှိသေးသည်။ “တောထဲမှာပဲ နေနေရတော့ ဗဟုသုတကလည်း နည်းတယ်ဗျ။ ဝေးလည်း ဝေးတယ်။ ဒါပေမဲ့ လူကြီးတွေက သင်ပေးပါတယ်” ဟု ၎င်းကပြောသည်။ ထိုသို့ဆိုလျှင် မြို့တော် တည်ဆောက်ပုံစနစ်။ နှစ်စဉ် ရေကြီးနေသော .. သောက်သုံးရေ ပြတ်လပ်တတ်သော ... လျှပ်စစ်မီး ရရှိမှု မမှန်သော ... ဈေးရောင်းဈေးဝယ် ပြဿနာများနေသော ... လမ်းပျက်စီးမှု များနေသော… ကန်ထရိုက်များနှင့် မြေရှင်ကြား ဖြစ်ပွားနေသော ပြဿနာ များနေသော .. ထိုမြို့တော်ကြီးကို မည်သို့မည်ပုံ ထိန်းချုပ်ခဲ့သနည်း။ ဗိုလ်မှူးချုပ် မြို့တော်ဝန်ကြီး၏ လုပ်ဆောင်ချက်များက စိတ်ဝင်စားစရာ ဖြစ်လာပေလိမ့်မည်။
ဗိုလ်ချုပ်မှူးကြီး သတိပေးချက်
မြို့တော်ဝန်အဖြစ် ခန့်အပ်ခံရခြင်းသည် နနယခေါင်းဆောင်၏ စိတ်ဆန္ဒမပါဘဲ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ရန်ကုန်မြို့တော်သည် မြန်မာနိုင်ငံ၏ စံပြ မြို့တော် ဖြစ်ပေသည်။ ထိုအချိန်က နေပြည်တော်ဟူသည် တိတ်ဆိတ်စွာ ဖော်ဆောင်နေသော စီမံကိန်းကြီးသာ ဖြစ်သည်။ ရန်ကုန်ကို ကိုင်တွယ် ထိန်းချုပ်ခြင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ထံ မြို့တော်ဝန် ကိုယ်တိုင် ဦးခိုက်ရသည်မှာ မလွဲပေ။ “တစ်ပတ်ကိုတစ်ကြိမ် သွားတွေ့ရတယ်။ လုပ်ငန်းစဉ်တွေ တင်ပြရတာပေါ့” ဟု ၎င်းကဆိုသည်။ “မင်းကို သူများပြုစားတာ ခံရနိုင်တယ်။ လုပ်ကြံတာ ခံရနိုင်တယ်။ သတိထားပါ” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) က သတိပေးကြောင်း ဦးအောင်သိန်းလင်းက ဆိုသည်။ ခေါင်းဆောင်နှင့် သူ၏ကြား အမှတ်တရ ဖြစ်စေသည့် ထိုစကားလုံးကို ယနေ့အချိန်ထိတိုင် သူက မမေ့နိုင်သေးပေ။ လက်ရှိအချိန်တွင် ခေါင်းဆောင်ကြီးနှင့် မတွေ့ရတော့၍ သီတင်းကျွတ် ကာလကိုသာ မျှော်မှန်းရတော့သည်။ ထိုအချိန်ရောက်မှသာ ကြံ့ခိုင်ရေး ပါတီဝင်ဖြစ်သော အကြီးပိုင်းများက လူစု၍ သွားကန်တော့ ကြသည်ဟု ၎င်းကဆိုသည်။
မြို့တော်ရှင်းတမ်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးအောင်သိန်းလင်းအတွက် အခွန်ငွေ ရှာရတော့သည်။ တန်ပိုဂိတ်ကြေး၊ မြို့ဝင်ဂိတ်ကြေး၊ ဈေးခွန်များက တစ်လလျှင် ၃ ဘီလီယံခန့် ဝင်သည်။ “ကန်ထရိုက်တို့၊ တင်ဒါတို့ကို ကိုယ့်တိုင်းရင်းသားတွေပဲ ဦးစားပေးတယ်။ ရှင်းရှင်းပြောရရင် တရုတ်တို့၊ ကုလားတို့ကို မပေးခဲ့ဘူး” ဟု ၎င်းကဆိုသည်။ ယင်းသို့ဆိုခြင်းသည် သူ၏လက်ထက်တွင် ဗလီများကို ငွေယူ၍ ဆောက်ခွင့် ပေးခဲ့သည်ဟူသည့် သတင်းကို ချေဖျက်လိုက်ခြင်းဟု ယူဆနိုင်သလို ဖြစ်နေသည်။ အဆိုပါ မြို့တော်ဝန်၏ လက်ထက်တွင် စည်ပင်ဝန်ထမ်းများကို လစာနှစ်ကြိမ် တိုးပေးခဲ့သည်။ ဝန်ထမ်း လစာအတွက် သိန်း ၁၄၀၀ ခန့် အသုံးပြုနေရာမှ မြို့တော်ဝန် ရာထူးမှ အနားယူသည့် ၂၀၁၀ ပြည့်နှစ်တွင် သိန်း ၇၀၀၀ ခန့် လစာငွေ ပေးခဲ့ရကြောင်း ဦးအောင်သိန်းလင်းက ပြောပြသည်။ ထိုအချိန်ထိ လစဉ် စည်ပင်သာယာ၏ ဝင်ငွေမှာ ၃ ဘီလီယံထက် မလျော့ကျခဲ့ပေ။
လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း
ဦးအောင်သိန်းလင်းသည် ခုနစ်နှစ်ကြာ ထမ်းဆောင်သော မြို့တော်ဝန်ရာထူးဖြင့် ရန်ကုန်မြို့ရှိ ရေပေးဝေရေးကို ယခင်က ဂါလန် ၄၅ သန်းပေးဝေမှုကို သန်း ၉၀ အထိ ထပ်ဆောင်း ပေးနိုင်ခဲ့သည်။ ထို့အပြင် လမ်းပေါင်း ၂၇၀၀ ကို ပြင်ဆင်ခြင်းနှင့် အသစ်ခင်းခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် တစ်ပိုင်းတစ်စ ခင်းပြီးသော လမ်းများရှိကြောင်း သူကိုယ်တိုင် ဝန်ခံသည်။ လမ်းခင်းသည့် စနစ်အရ တစ်ခြမ်းဖဲ့ခင်းမှသာ တစ်ဖက်တွင် သွားရေးလာရေး အဆင်ပြေမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “တစ်ခုမှ မခင်းတာထက် တစ်ခြမ်းခင်းတာက တော်သေးတာပေါ့” ဟု ၎င်းက မျက်မှောင်ကုတ်၍ ပြောသည်။ လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်းဟု အမည်ပေးသော ပြည်သူကို သူကကြည်ပုံမရ။ စေတနာကို နားမလည်နိုင်သော ပြည်သူဟုသာ ထင်ပုံရသည်။ သူ၏လက်ထက်တွင် City Cement ဘိလပ်မြေ စက်ရုံကို မန္တလေးတိုင်း သာစည်မြို့နယ် ပျဉ်ညောင်တွင် တည်ဆောက်ခဲ့သည်။ သို့သော် အဆိုပါ ဘိလပ်မြေကို ရန်ကုန်တွင် မသုံး။ သယ်ယူစရိတ်ကြောင့်ဟု ၎င်းကဆိုသည်။ ထို့အပြင် ရန်ကုန်ရှိ ဝန်ထမ်းများကို မြေကွက်နှင့် တိုက်ခန်းများ ချပေးခဲ့သည်။
ပြောင်းဖူးရှင်းတမ်း
၂၀၁၀ ရွေးကောက်ပွဲ စတော့မည်။ မြို့တော်ဝန် ရာထူးနှင့် ဗိုလ်မှူးချုပ် ရာထူးကို စွန့်ရလေပြီ။ တိုက်ခိုက်ရေးကိုသာ စိတ်ဝင်စားသောသူသည် ယူနီဖောင်း ချွတ်ရပြီ။ “ပစ်မယ် ခတ်မယ်ပဲသိတာ။ အဲဒါကြောင့် မျက်နှာကြော တင်းတယ်ပေါ့” ဟု ၎င်းကဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မောင်အေး ပြောခဲ့သော စစ်ရာထူးကြီးပိုင်းက မျှော်လင့်ချက် မဲ့သွားချေပြီ။ ထောက်လှမ်းရေး အပိုင်းနှင့် တစ်စွန်းတစ်စ ငြိသွား၍ ယင်းကဲ့သို့ ပြောင်းလဲရသည်ဟု ၎င်းကပြောသည်။
ထိုအချိန်က ဦးအောင်သိန်းလင်းနှင့် သူ၏တပည့်တို့ ပြောင်းဖူးကိုင်၍ လမ်းလျှောက်သော ဓာတ်ပုံ ထွက်ခဲ့သည်။ “တာမွေက ဈေးသူဈေးသားတွေပါ။ ဈေးမပြောင်းရအောင် ကျွန်တော့်တပည့်တွေနဲ့ ပြောင်းဖူး ကိုင်ကြတာပါ” ဟု ၎င်းက သူနှင့်မဆိုင်ကြောင်း ငြင်းချက်ထုတ်သည်။ မည်သို့မည်ပုံဆိုစေ သူ၏ လိပ်ပြာသူလုံနေဖို့သာ လိုသည်။ ခန္ဓာနှင့် အသက် အရွယ်ရလာပြီ ဖြစ်သော သူ၏ စိတ်တို့က ယခင်ကဲ့သို့ မဟုတ်တော့။ မာန်မာနတို့ နည်းကုန်ပြီဟု လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ကြလေသည်။
အမေရိကန်မှ စီးပွားရေး ပိတ်ဆို့မှုကြောင့် ကုလသမဂ္ဂကို ဝေဖန်မှု၊ သူကိုယ်တိုင် ရပ်နေသော ပြောဆိုမှုကို ပြည်ပမီဒီယာမှ ဝေဖန်လိုက်သည့် ကိစ္စကြောင့် ကြံ့ခိုင်ရေးပါတီ၏ ရန်ကုန်တိုင်း ဥက္ကဋ္ဌ တာဝန်က ရပ်စဲခံထားရသည်။ ပါတီပိုင်း ရာထူးတစ်ခု လျှော့ချမှုကြောင့် မမြဲသော သဘောတရားကို လက်ကိုင် ပြုထားဟန်ရှိ၏။ သို့သော်သူ၏ ယုံကြည်မှုနှင့် ပြောရေးဆိုခွင့်သည် ဒီမိုကရေစီ နုနယ်ချိန်ကြောင့် အပြစ်ဟု ထင်ပုံရကြောင်း ၎င်းကသုံးသပ်သည်။
လွှတ်တော်ထဲက လယ်သမား
တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။ လွှတ်တော်ထဲ ရောက်အောင် ပြည်သူက ရွေးချယ်ပေးပြီးသည့်နောက် သူသည် လယ်ယာမြေ ကော်မရှင် အတွင်းရေးမှူး တာဝန်ဖြင့် လွှတ်တော်တွင် ရှင်းလင်းရတော့သည်။ ယနေ့အချိန်အထိ မေးခွန်း ၂၀ နှင့် အဆို ၄ ခုကို တင်ပြနိုင်ခဲ့ပြီး ဖြစ်သည်။ မေးမြန်း တင်ပြမှုကများသည်ဟု မဆိုနိုင်ပေ။ နည်းသည်ဟု ပြောရန်လည်း သူ့လောက်ပင်လျှင် မေးမြန်းတင်ပြမှု မရှိသည့် လွှတ်တော် ကိုယ်စားလှယ်က ဒုနှင့်ဒေး။ သူသည် သိမ်းဆည်းခံ လယ်ယာမြေ ကိစ္စများသာ အဓိကထားပုံ ရသည်။ အဆိုတွင် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မည့် အစီအစဉ် တစ်ခုပါသည်။ သို့သော် ယင်းအဆို ရှုံးနိမ့်၏။ ယနေ့အချိန်အထိ သိမ်းဆည်းခံ လယ်ယာမြေ ရှင်းတမ်းက မပြီးဆုံးသေးပေ။ ကော်မရှင်၏ တွေ့ရှိချက်ကို အစိုးရအဖွဲ့ ဖြေရှင်းရန် ခက်ခဲနေသေးသည့် ပုံစံသာရှိကြောင်း ၎င်းကဆိုသည်။
ပြည်သူ့ဘက်က ရပ်တည်မည်ဟု သူကိုယ်တိုင် ဆိုထားသည်။ ယင်းသို့ ရပ်တည်မှုကြောင့် မြေယာ ကိစ္စတွင် တစ်ပါတီထဲဖြစ်သော စီးပွားရေး လုပ်ငန်းရှင်ကြီး ဇေကမ္ဘာ ဦးခင်ရွှေ၏ ကန့်ကွက်မှုကို ခံရသည်ဟု ၎င်းက ပြောသည်။ လွှတ်တော်အတွင်း သူ၏ ပြောဆိုမှုကို ကန့်ကွက်ခြင်းသည် ပထမဆုံး အကြိမ်ပင် ဖြစ်၏။ အမှတ်တရအဖြစ် ဆိုရလျှင် ယခုကျင်းပဆဲ (၁၁) ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် ဖြစ်သည်။
NLD နှင့် ပေါင်းနိုင်ပြီ
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာတစ်ခု ရရှိလာမည်ကို သူက ခန့်မှန်းထားပြီး ဖြစ်သည်။ ထိုပါတီသည် အတိုက်အခံဟု ဆိုစေကာမူ အမျိုးသား နိုင်ငံရေးကို ရပ်တည် ထားခြင်းသည် သူတို့၏ USDP နှင့် အတူတူဟု ဆိုသည်။ “ကျွန်တော်တို့က နှစ်ပေါင်းများစွာ Management နဲ့ Control ကိုလုပ်ခဲ့တာ။ သူတို့က စိတ်ဓာတ်နဲ့လာတဲ့ သူတွေဆိုတော့ နိုင်ငံအတွက် ပေါင်းလုပ်ရင် အောင်မြင်မှာပါ” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။ တစ်ချိန်က NLD ဆိုလျှင် မကြားချင်သော မူဝါဒကို လက်ကိုင်စွဲထားသော စစ်အစိုးရ စာရင်းတွင် ဦးအောင်သိန်းလင်း ပါသည်ဟု သမုတ်ခံထားရပြီး ဖြစ်သည်။ ထို့ကြောင့် သူ၏ပြောဆိုမှုသည် ပါတီ၏ မူဝါဒလော..။ ကိုယ်ပိုင်မူဝါဒလော.. ထိုမေးခွန်း၏ အဖြေကို စောင့်ကြည့်ရမည်သာ။ စစ်သားစိတ် စစ်ပညာဖြင့် စစ်အတွင်း ကျင်လည်ပြီး…လွှတ်တော်ထဲ ထိုင်နေရသူများ တပုံတပင်။ သို့သော် ဓမ္မဓိဋ္ဌာန်ကျသော ဒီမိုကရေစီကို မောင်အလင်း ယုံကြည်လာလေပြီ။ သူ၏ ဇာတာခွင်ကို ထုတ်ဖော် ချပြသည်။ ဇာတာခွင်၌ ၎င်း၏အမည်မှာ ‘မောင်ထွန်းလင်း’၊ သောကြာသား ဖြစ်သည်။
အောင်ထက်-
The Voice
 

No comments:

Post a Comment