Wednesday, October 8, 2014

ဟိုတယ်ပေါ်က ဇိမ်ခန်းများ

ကားရပ်ပြီး ဟိုတယ် ၀င်ပေါက်ဝက ၀င်လိုက်တယ်ဆိုရင်ပဲ လူမရှိတဲ့ ဧည့်ကြို ကောင်တာကြီးက ဆီးလို့ကြိုနေ ပါတယ်။ ဧည့်ကြိုကောင်တာရဲ့ အနောက်နံရံ ပေါ်မှာတော့ ဟိုတယ်တခုရဲ့ အင်္ဂါရပ်နဲ့အညီ ရန်ကုန်မြို့အပါအ၀င် ကမ္ဘာ့မြို့ ကြီးအချို့ရဲ့ စံတော်ချိန်ပြနာရီ ၅ လုံးချိတ်ဆွဲထားပါတယ်။
- ရန်ကုန် ၁၀ နာရီ ၀၇ မိနစ်
- ဘန်ကောက် ၆ နာရီ ၁၆ မိနစ်
- စင်္ကာပူ ၁၀ နာရီ ၁၀ မိနစ်
- တိုကျို ၅ နာရီ ၃၈ မိနစ်
- လန်ဒန် ၁ နာရီ ၉ မိနစ် လို့ အသီးသီး လွဲမှားနေကြတယ်။
ရန်ကုန်ုမြို့ စမ်းချောင်းမြို့နယ်ထဲက ဟိုတယ်ကို ရောက်တဲ့အခါမှာ အချိန်က ည ၁၁ နာရီ ၂၀ မိနစ်ဖြစ်ပြီး အမြင်မှားသလားလို့ နောက်တကြိမ်ပြန်ကြည့်တဲ့အခါမှာတော့ မျှော်တလင့်လင့်ဝတ္တုထဲကလို နာရီများ အား ရပ်တန့်နေတယ်ဆိုတာ သိလိုက်ရတယ်။
ဒါ့အပြင် ဟိုတယ်ဝင်ပေါက်ဝတည့်တည့်မှာရှိတဲ့ ဧည့်စောင့်ခန်းလို့ယူဆရတဲ့ ဟောခန်းမကြီးမှာလည်း ဟိုတယ်ဝန်ထမ်းတွေ အိပ်ဖို့ စားပွဲခုံတွေ အဆင်ပြေသလို ခင်းကျင်းထားပါတယ်။ “****** Hotel” ဆိုတဲ့ဆိုင်းဘုတ်တပ်ထားလို့သာ ဟိုတယ်လို့ မှတ်ယူရတာ ဖြစ်ပေမယ့် ဟိုတယ်တခုနဲ့ မတူအောင် လုံးဝအသက်မဲ့နေပြီး၊ သပ်ရပ်မှု ကင်းမဲ့လျက်။
ဧည့်ကြိုကောင်တာရဲ့ ညာဖက်ကနေ၀င်သွားရင် ဓါတ်လှေကားဆီကို ရောက်တယ်။ ဓါတ်လှေကားနဲ့ ခုနှစ်ထပ်ကို တက်သွားတော့မှ ပထမထပ်က ကြိုသူမဲ့ကောင်တာလောက် မခန့်ငြားတဲ့ ကောင်တာ နောက်တခုနဲ့ ကောင်တာအနောက်မှာထိုင်နေတဲ့ အသက် ၄၀ နဲ့ ၅၀ ကြားလောက်ရှိ တရုတ်အမျိုးသမီးကြီးကို တွေ့ရမှာ ဖြစ်တယ်။ သူ့အရှေ့မှာ ရှိတဲ့ကဒ်ထူအဖုံးနဲ့ စာရင်းကိုင်စာအုပ်ပေါ်မှာ စာရင်းရေး အလုပ်များနေတယ်။
“ဖွေးဖွေးရေ၊ ဖွေးဖွေး … ဖွေးဖွေး ၀င်မယ်”
တရုတ်အမျိုးသမီးကြီးက သူ့ရဲ့ ဘယ်ဖက်မှာ ရှိတဲ့ ပြတင်းပေါက်ကနေ လှမ်းအော်လိုက်တယ်။ သိပ်မကြာခင်မှာ ဖွေးဖွေးလို့ ယူဆရတဲ့ မိန်းမပျိုလေးတယောက် ခုနှစ်ထပ်ရဲ့ အ၀င်ဝကို ရောက်လာတယ်။
“ဟဲ့ ၆၀၃ ကို လိုက်ပို့လိုက်၊ ရပြီအစ်ကို … သူနဲ့လိုက်သွားလိုက်ပါ” လို့ ဖွေးဖွေးနဲ့ ဧည့်သည်ကို သူစီစဉ်ပေးသောအခန်းဆီ ခေါ်ဆောင်သွားဖို့ သူ့ကို ကူညီလုပ်ကိုင်ပေးနေတဲ့ ၁၃နှစ်လောက်အရွယ်ခန့် ကောင်ကလေးကို တရုတ်မကြီးက အမိန့်ပေးညွှန်ကြားလိုက်တယ်။
ဟိုတယ်ရဲ့ အမှန်တကယ် သက်ဝင်လှုပ်ရှားမှုရှိတဲ့ နေရာဟာ ခုနှစ်ထပ်နဲ့ ခြောက်ထပ် ၂ ထပ်တည်းသာ ဖြစ်နေတာကို မြင်တွေ့လိုက်ရတယ်။
အဲဒီမှာ အမျိုးသမီးကြီးကို တောက်တိုမယ်ရ ကူညီလုပ်ကိုင်ပေးနေတဲ့ ကျောင်းသားအရွယ် လူငယ်လေး ၂ ယောက်ရှိပါတယ်။ ဧည့်သည် အ၀င်အထွက် စာရင်းမှတ်ပေးတယ်။ ကောင်မလေးတွေက အခန်းထဲက မကြာမကြာ ထွက်လာပြီး ကျွဲရိုင်း၊ ဘီယာ စတဲ့ သောက်စရာတွေ လာယူတတ်တယ်။ ဒါကိုလည်း သူတို့က ကူညီ မှတ်သားပေးတယ်။ ဧည့်သည်တွေကို သူ့တို့အတွက် သတ်မှတ်ပေးထားတဲ့ အခန်းတွေဆီ လိုက်ပို့ပေးတယ်။ ၁ နာရီကြာတဲ့အခါ အခန်းတံခါးခေါက်ပြီး အချိန်ထပ်တိုးဦးမလား မေးပေးတယ်။ ဒီအလုပ်တွေကို ညလုံးပေါက် လုပ်ပေးတယ်။ ဒီလုပ်ငန်း လည်ပတ်ဖို့ရာမှာ လူမမယ်ကောင်ကလေး ၂ ယောက်ရဲ့ လုပ်အားဟာ အတော် အရေးပါပုံပေါက်တယ်။ ကျောင်းသားအရွယ်လေးတွေ ဖြစ်ပေမယ့် အခုလို မိုးလင်းပေါက် အလုပ်လုပ်နေတာ မြင်ရတဲ့အတွက် ကျောင်းပညာသင်ကြားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါ။ လခ ဘယ်လောက်ရတယ်ဆိုတာ မသိပေမယ့် လူငယ်ပီပီ သူတို့အလုပ်ကို တတ်တတ်ကြွကြွ လုပ်ကြရှာတာကို တွေ့ရတယ်။

မကြာခင် အခန်းတခန်းထဲက အနည်းငယ်သောက်စားထားပုံရတဲ့ လူငယ်တယောက် ထွက်လားတယ်။

“ညီလေး … လူလဲမယ်”လို့ သူက ကောင်လေးတယောက်ကို ပြောတယ်။
ကောင်ကလေးမျက်နှာက ရုတ်တရက် စိတ်ရှုပ်သွားသလိုရှိတယ်။
“ဟာ အစ်ကို … အစ်ကိုဝင်တာ ၁၅ မိနစ်လောက်ရှိသွားပြီ၊ လူလဲချင်ရင် ၅ မိနစ်အတွင်းပဲ လဲလို့ရတာ”
“မသိဘူးလေကွာ မင်းတို့က ပြောမှ မပြောထားဘဲ၊ ကောင်မလေးက အချိုးမပြေဘူးကွ၊ ရိုင်းတယ်”

ထိုစဉ် ကောင်မလေးက အခန်းထဲက ထွက်လာပြီး ဘာဖြေရှင်းချက်မှ မပေးဘဲ အောက်ကို ဆင်းသွားလေတယ်။ ရှုပ်ထွေးနေသော အခြေအနေကြောင့် တရုတ်မကြီးကိုယ်တိုင် ၀င်ရောက် ဖြေရှင်းရတော့တယ်။ အမျိုးသမီးကြီးက ကောင်ကလေး အစောက ရှင်းပြသကဲ့သို့ပင် ၅ မိနစ်အတွင်းသာ လူလဲရန် ခွင့်ပြုကြောင်း၊ ၅ မိနစ်ကျော်မှ လူလဲမည်ဆိုလျှင် ထို session အချိန်ဖိုးကို ကောင်ကလေးများသာ ပေးလျော်ရမည်ဖြစ်ကြောင်း၊ ဧည့်သည်အမျိုးသားကလည်း မိန်းကလေးက အပြောအဆို ရိုင်းပျသဖြင့်သာ လူလဲခိုင်ခြင်း ဖြစ်ကြောင်း၊ ၎င်းမှာ ပုံမှန်လာနေကျဧည့်သည်ဆိုသည်ကို အမျိုးသမီးကြီး သိရှိမည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် အပြန်အလှန် ဖြေရှင်းချက် ပေးကြတယ်။

“အစ်မတို့က ကောင်မလေးတွေကို မဆုံးမဘူးလားဗျ၊ တော်တော်ရိုင်းတယ်နော်”
“ကျမတို့က အခန်းပဲ ငှားစားတာ၊ အခန်းထဲက ကိစ္စက ကျမတို့နဲ့ မဆိုင်ဘူး၊ အစ်ကိုအဆင်မပြေရင်လည်းရတယ် ထားလိုက်ပါ၊ သူတို့စိုက်လျော်ရမှာ၊ ကျမတို့ ဦးလေးတွေက အတိအကျသမားတွေ၊ ဘာဆင်ခြေမှ ပေးလို့မရဘူး”

အခန်းငှားခမှာ ၁နာရီ ၈၀၀၀ ကျပ် ဖြစ်ပြီး ဟိုတယ်ပိုင်ရှင်မှာ သူမနှင့် ဦးလေးများတော်စပ်သူတွေလို့ အမျိုးသမီးကြီးက ပြောပါတယ်။

အဲဒီပြဿနာ ပြီးပြတ်သွားပြီးတဲ့နောက် အမျိုးသမီးကြီးက “လင်းလက်…လင်းလက်”လို့ နောက်တယောက်ကို အော်ခေါ်ပြန်တယ်။ အဲဒီလို အော်ခေါ်နေတဲ့ သူမရဲ့ အသံက ညကာလရဲ့ တိတ်ဆိတ်မှုကို မကြာမကြာ ဖြိုခွင်းပြီး ထွက်ပေါ်လာပါတယ်။ သူ့အရှေ့ကထိုင်ခုံမှာ ထိုင်နေတဲ့ သတင်းရေးသားသူကို မိန်းကလေးများရဲ့ ဓါတ်ပုံတွေ ထုတ်ပြပါတယ်။ သူတို့ရဲ့ နာမည်တွေဟာ မှတ်မိလွယ်စေတဲ့ နာမည်တွေဖြစ်ပြီး များသောအားဖြင့်တော့ ဖွေးဖွေး၊ ယွန်းယွန်း စသဖြင့် ၂ လုံးဆင့် တွေဖြစ်ကြတယ်။ နာမည်လှလှလေးတွေ ပေးတတ်ကြတယ်။

“ဇာဇာ၊ ရှင်းရှင်း၊ ရှင်းသန့်၊ ပိုပို၊ ပန်းချီ၊ အိတာ၊ ထွေးထွေး …. …”
ရန်ကုန်မြို့မှာ ရှိတဲ့ အနှိပ်ခန်း၊ ကာရာအိုကေဆိုင်တွေမှာ အလုပ် လုပ်ကိုင်ကြတဲ့ မိန်းကလေးအများစုဟာ သူတို့ကို မှတ်မိလွယ်အောင် လှပပြီး ခေါ်ရလွယ်တဲ့ နာမည်လေးတွေ ပေးတတ်ကြပါတယ်။ သူတို့နာမည်ကလေးများ လှပသလို သူတို့ရဲ့ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုကလည်း ခေတ်ဆန်ပြီး ပုရိသတို့အမြင်မှာ ပသာဒဖြစ်စေတဲ့ ဖက်ရှင်မျိုးတွေပါ။

သို့သော် သူတို့ရဲ့ ကိုယ်ဟန်မူယာကတော့ လန်းလန်းဆန်းဆန်း သိပ်မရှိလှဘူး။ ပင်းပန်းနွမ်းနယ်နေသယောင် တွေ့ရတယ်။ မိန်းကလေးများဟာ လေးတွဲနေတဲ့ ခြေလှမ်းများနဲ့ ခြောက်ထပ်နဲ့ ခုနှစ်ထပ်ကို အမျိုးသမီးကြီးက ခေါ်လိုက်တိုင်း တတ်လာလိုက်၊ ဆင်းသွားလိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ အနားအနေနည်းလို့ ရွှင်ပျမှု မရှိလှဘူး။

မေးကြည့်တဲ့အခါမှာတော့ သူတို့မှာ ပုံမှန်အိပ်ချိန်မရှိဘူးဆိုတာ သိရတယ်။ ဧည့်သည်မကျတဲ့အချိန်မှာ ကြိုးစား အိပ်ရတယ်လို့ဆိုတယ်။ ဒီဟိုတယ်မှာ အလုပ်လုပ်နေကြတဲ့ မိန်းကလေးအားလုံးပေါင်း ၄၀၊ ၅၀ ယောက်လောက်ရှိပြီး ၂ ယောက်ခန်း၊ ၃ ယောက်ခန်း စုစုပေါင်း ၁၆ ခန်းလောက်ရှိပါတယ်။ ညဖက်တွေမှာ ဧည့်သည်တွေ ၀င်လာလိုက် ထွက်သွားလိုက်နဲ့ စည်ကားနေတတ်ကြတာကြောင့် သူတို့လေးတွေအဖို့ ၃ နာရီခြား တခါလောက် အလုပ်လုပ်ရတယ်။

တချို့မိန်းကလေးတွေဟာ ပင်ပန်းမှုဒဏ်ခံနိုင်ဖို့အတွက် ဓါတုဆေးဝါး ကျားကန်ကြတယ်လို့ သိရတယ်။ အိပ်ရေးပျက်ဒဏ်ခံနိုင်အောင် WY ဆေးပြား သုံးစွဲကြတယ်။ ကိုယ်တိုင်သုံးစွဲတဲ့အပြင် သူတို့အထဲက တချို့ဆို သူတို့နဲ့ရင်းနှီးတဲ့သူတွေကို တဆင့်ပြန်ရောင်းတာတောင် လုပ်ကြပါတယ်။ ဒါတွေကို တရုတ်မကြီး သိချင်မှ သိပါလိမ့်မယ်။ “ကျမတို့က အခန်းပဲ ငှားစားတာ၊ အခန်းထဲက ကိစ္စက ကျမတို့နဲ့ မဆိုင်ဘူး”လို့ ဆိုထားတယ် မဟုတ်ပါလား။

အနှိပ်ခန်းဆိုပေမယ့် “****** Hotel” က ကောင်မလေးတွေရဲ့ အဓိက၀င်ငွေက တခြားနည်းလမ်းနဲ့ ရတာပါ။ သူတို့က အထူးဝန်ဆောင်မှု ပေးပါတယ်။ ၀န်ဆောင်ခက လူအပေါ်မူတည်ပြီး တသောင်းခွဲ၊ နှစ်သောင်း ကျသင့်မှာ ဖြစ်ပါတယ်။ ဝေ့၀ိုက်မနေတော့ဘဲ တည့်တည့်ပြောပဲရမယ်ဆိုရင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေခြင်းပါပဲ။ ၀င်ငွေလမ်းဖြောင့်တော့ သူတို့လေးတွေဟာ iPhone 5s၊ Samsung Galaxy Note 3 စတဲ့ နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတွေကိုသာ ကိုင်ဆောင်ကြတယ်။

မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းလားပြီးနောက် ခရီးသွားဧည့်သည်တွေ၊ ရင်းနှီးမြှပ်နှံလိုသူတွေ အ၀င်များလာတာနဲ့အမျှ ဟိုတယ်တွေ၊ တည်းခိုခန်းတွေလည်း မိုးရာသီမှာ ပေါက်တဲ့ မှိုတွေလို ပေါ်ပေါက်လာကြတယ်။ သို့ပေမယ့် ခရီးသွားလုပ်ငန်းအပေါ် မှီတည်ပြီး ရှင်သန်နေတာမဟုတ်တဲ့၊ ဥပဒေပ အလုပ်တွေနဲ့ လည်ပတ်နေတဲ့ ဟိုတယ်နဲ့ တဲခိုခန်းတွေ ရန်ကုန်မြို့မှာ မရေတွက်နိုင်အောင် များပါတယ်။ ရန်ကင်း၊ ကျောက်ကုန်းမှာရှိတဲ့ ခြံဟိုတယ်တခုဆိုရင် ၀န်းထဲမှာ အဆောက်အအုံ ၂ ခုရှိပြီး တခုကို အနှိပ်ခန်း၊ ကျန်တခုကို ကေတီဗီဖွင့် ထားတယ်။ ကြယ်ငါးပွင့်၊ ကြယ်လေးပွင့်အဆင့် မရှိတဲ့ ဟိုတယ်နှင့် တည်းခိုခန်အများစုဟာ ကေတီဗီ၊ မာဆတ်လုပ်ငန်းများနဲ့ သော်လည်းကောင်း၊ နာရီပိုင်းအခန်းငှားခြင်းနဲ့သော်လည်းကောင်း ၀င်ငွေလမ်းဖြောင့်နေကြတယ်။ တနည်းအားဖြင့် ဒါတွေဟာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတတ်မှုရဲ့ အရပ်သားညွှန်းကိန်းများလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Spa၊ Saloon၊ Reflexology စသဖြင့် ဗန်းပြဆိုင်းဘုတ်တင်ပြီး နောက်ကွယ်မှာ အနှိပ်ခန်းဖွင့်ထားတဲ့ ဆိုင်တွေလည်း ရန်ကုန်မြို့ရဲ့ မြို့နယ်တိုင်းမှာ ရှိပါတယ်။ အဲဒီလို ပုံစံပြောင်းပြီး လျှို့ဝှက်စွာ လုပ်ကိုင်လှုပ်ရှားကြတယ်ဆိုပေမယ့် ၀င်ထွက်သွားလာသူတွေနဲ့ စည်ကားနေကြတော့ အများ ပြည်သူတွေအတွက်တော့ အားလုံးသိတဲ့ လျှို့ဝှက်ချက်ဖြစ်လို့နေပါတယ်။ သာမန်လူတွေတောင် သိနေတဲ့ကိစ္စတွေကို သက်ဆိုင်ရာက အောင်မြင်စွာမဟန့်တားနိုင်ခြင်းဟာ ဥပဒေစိုးမိုးမှု အလွန်တရာအားနည်းနေတာကို ပြသနေပြီး ဥပဒေပကိစ္စရပ်များကို တာဆီးတိုက်ချက်ရမယ့် အဖွဲ့အစည်းများရဲ့ အသုံးကျမှုကိုလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အခုလို ဥပဒေပကိစ္စတွေကို ကန့်လန့်ကာနောက်ကွယ်မှာ လက်တလုံးခြားလုပ်ကိုင်နေကြခြင်းဟာ ဥပဒေထိန်းသိမ်းရေးအဖွဲ့များရဲ့ အားနည်းချက်ကြောင့်ဖြစ်တယ်လို့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“ဒါဟာ ရာဇ၀တ်မှုဖြစ်ပြီး ပြစ်မှု ကျူးလွန်သူတွေကိုလည်း ထိရောက်စွာ အရေးယူနိုင်ပါတယ်။ အထူးသဖြင့် ပြည့် တန်ဆာခေါင်းတွေကို ဖမ်းဆီးအရေးယူရ မှာပါ။ အခုဟာကို ရဲတွေကို လိုင်းကြေး ပေးပြီး ပေါ်ပေါ်တင်တင်လုပ်ကိုင်နေတာ တွေ အများကြီးပါ။ ဒါဟာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေကိုလည်း လာဘ် ပေးလာဘ်ယူနဲ့ တိုင်တန်းအမှုဖွင့်လို့ရပါ တယ်။ ဒီလုပ်ငန်းတွေကိုလည်း ထိထိ ရောက်ရောက် အရေးယူနိုင်ခြင်းမရှိသေး ပါဘူး။”

ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူများ၊ လိင်လုပ်သာများအား ဖမ်ဒဆီးအရေးယူခြင်းထက် စိတ်ဓါတ်နှင့် အကျင့်စာရိတ္တပြုပြင်ရေးစခန်းများဖြင့် ပြုပြင်ပေးခြင်း၊ အသိပညာပေးခြင်းများ လုပ်ကိုင်ရန်လိုအပ်ကြောင်း နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဥပဒေကျွမ်းကျင်သူလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်သူ ဦးကိုနီကလည်း အခုလို ပြောပါတယ်။

“ရန်ကုန်မှာ နောက်ပိုင်းတည်းခိုခန်း ဗန်းပြပြီး အနှိပ်ခန်းဖွင့်တာတွေ၊ ကာရာ အိုကေဖွင့်ကြောင်းပြပြီး ပြည့်တန်ဆာ လုပ်ငန်းလုပ်နေတာတွေ တော်တော်တွင် ကျယ်လာတယ်။ အဲဒီလိုလုပ်ကိုင်နေတဲ့ ဟိုတယ်တွေကို အရေးယူမှုတွေ အများ ကြီးပြုလုပ်နိုင်တယ်။ (ဥပမာ- တည်းခို ခန်း၊ ဟိုတယ်လိုင်စင် ပိတ်သိမ်းတာရော၊ ပြည့်တန်ဆာခေါင်းက ဥပဒေနဲ့ အရေးယူ တာ) စသဖြင့် အများကြီး အရေးယူနိုင် တယ်။ ပြည့်တန်ဆာလုပ်ရင်လည်း ပုဒ်မ တွေက အများကြီးပဲ။ ရာဇ၀တ်ပြစ်မှုဖြစ် ပြီး ထောင်ချလို့ရတယ်။ ပြစ်ဒဏ်ချ မယ်ဆိုရင်တော့ ပြည့်တန်ဆာခေါင်းအနေနဲ့ ပြစ်ဒဏ်ပိုကြီးပါတယ်။ အမျိုးအစားပေါ် လိုက်ပြီး ထောင်ဒဏ် (၁)နှစ်ကနေ (၂)နှစ် အထိ ချမှတ်နိုင်ပြီး ခံဝန်ခြေချုပ်ပေးတာလည်း ဖြစ်နိုင်ပါတယ်။”

ဒါ့အပြင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုခြင်းမျိုး မြန်မာနိုင်ငံအနေနှင့် မဖြစ်နိုင်ကြောင်း၊ သို့သော် တရားဝင်ခွင့်ပြုခြင်းကြောင့် ကောင်းကျိုးဆိုးပြစ်တွေကို ဆက်လက်သုံးသပ်ပြပါတယ်။

“ဒီလုပ်ငန်းမျိုးက ဘယ်ဘာသာ၊ ဘယ်ယဉ်ကျေးမှုကမှ ခွင့်ပြုမထားပါဘူး။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအစဉ်အလာ ကြီးမားပုံနဲ့ဆို ဒီလုပ်ငန်းမျိုးကို တရားဝင် ခွင့်ပြုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူ့အခွင့် အရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ တရားမျှတမှုမရှိဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့အမျိုးသားယဉ်ကျေးမှုနဲ့က တော့ အတော်ကို ဆန့်ကျင်ပါတယ်။ အကယ်၍ တရားဝင်သာခွင့်ပြုခဲ့မယ်ဆိုရင် တော့ လုပ်ငန်းလုပ်ကိုင်နေတဲ့အမျိုးသမီး တွေ စည်းနဲ့ကမ်းနဲ့ စနစ်တကျဖြစ်သွား မယ်။ တရားဝင် လိုင်စင်နဲ့ ဖြစ်သွားမယ်။ နောက်ပိုင်း လစဉ်စနစ်တကျ ဆေးစစ်တဲ့ ကိစ္စတွေ ပါလာမယ်။ ဒီလုပ်ငန်းလုပ်ကိုင် နေတဲ့ အမျိုးသမီးတွေအတွက်တော့ အများကြီး အကျိုးရှိပါတယ်။”

ယခုလို ပြည့်တန်ဆာလုပ်ငန်းအား တရားဝင်သတ်မှတ်ပေးပါက အကျိုးဆက်ကောင်းများ ရှိနိုင်သော်လည်း ကျောက်တံတားမြို့နယ်နေ အသက် ၄၀ ၀န်းကျင်ရှိ အမျိုးသားတဦးက ပြည့်တန်ဆာလုပ်ငန်း တရားဝင်သတ်မှတ်ပေးရေးကိစ္စတွင် မြန်မာ့ယဉ်ကျေးမှုနှင့် အများပြည်သူ့ စိတ်ခံစားချက်များအား လစ်လျုရှုမထားသင့်ကြောင်း သူ၏ အမြင်ကို ပြောသည်။

“ဒီမှာ တရားဝင်လုပ်ပေးလိုက်လို့ ကောင်းလာမှာတွေရှိတယ်ဆိုပေမယ့် ကျနော်ကတော့ မြန်မာမလေးတွေ ရှက်ရကောင်းမှန်းမသိတော့ဘဲ ပေါ်ပေါ်တင်တင် ဆွယ်တာတွေ ဘာတွေလုပ်လာမှာကို မျက်စိထဲ မြင်ကြည့်လို့ မရသေးဘူး၊ ဒီကြားထဲ မြန်မာ့ယဉ်ကျေးမှုဆိုတာတွေကလည်း ရှိသေးတယ်၊ ဘယ်လိုလဲဆိုတော့ တစ်နဲ့တစ်ပေါင်း လို့ နှစ်ရတာသိပေမယ့် နှစ်ဆိုတဲ့ရလဒ်ကြီးကို မမြင်ချင်လို့ တစ်နဲ့တစ်ကို မပေါင်းစေ ချင်သေးတာပါ။ နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွားရေးအခြေအနေတွေ ဒီထက်တိုးတက်လာတဲ့အခါတော့ မဖြစ်မနေ တရားဝင်လုပ်ပေးရလိမ့်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

“နောက်ပြီး စင်္ကာပူလို အာရှက ဖွံဖြိုးပြီးဖြစ်တဲ့ နိုင်ငံတွေမှာ ပြည့်တန်ဆာအလုပ်တို့၊ အာက်ခြေသိမ်း အလုပ်တို့ကို မဖွံ့ဖြိုးသေးတဲ့နိုင်ငံက သူတွေသာ လုပ်ကြတာတယ်၊ သူတို့နိုင်ငံက အမျိုးသမီးတွေ ဒီအလုပ် မလုပ်ကြဘူး၊ ရှိလည်း ရှားတယ်။ ဂျပန်မှာဆို အဲဒီလို နိုင်ငံခြားက ပြည့်တန်ဆာတွေရှိသလို ဂျပန်မတွေ လုပ်စားတာလည်း ရှိတယ်။ သို့သော် ဂျပန်မတွေက ဂျပန်လူမျိုးအတွက် သီးသန့်ဖြစ်တယ်။ ဒါ လူမျိုးရေးခွဲခြားတယ်လို့ ဘယ်သူမှ ပြောလို့မရဘူး၊ မျိုးချစ်စိတ်တကယ်ရှိတယ်ဆိုရင် ကိုယ့်အမျိုးသမီးတွေ ကို စောင့်ရှောက်ဖို့လိုတယ်။"

မင်းရဲဒိဗ္ဗ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment