Monday, November 10, 2014

MPT မိုဘိုင်းလ်ဖုန်းများ၏ ဝန်ဆောင်မှုအသစ်များ ထုတ်ပြန်မည်

ရန်ကုန်၊ နိုဝင်ဘာ ၈
ပြည်တွင်းမိုဘိုင်းလ်ဖုန်း သုံးစွဲသူများ ၏ ဈေး ကွက်ဝေစု အများဆုံး ရယူထား သည့်  မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လက်ရှိ သုံးစွဲနေသည့် ဝန်ဆောင်မှုများအပြင် အခြားရွေးချယ်စရာ ဝန်ဆောင်မှုသစ်များကို မကြာမီ ကြေညာ မည် ဖြစ်ကြောင်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်း က ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ MPT မိုဘိုင်းလ်ဖုန်းများ၏ ဖုန်းခေါ်ဆိုမှု နှုန်းထားများကို အခြားဖုန်းလိုင်း ဝန်ဆောင်မှုပေးသည့် အော်ပရေတာများ၏ ဈေးနှုန်းအတိုင်း တစ်မိနစ် ၂၅ ကျပ်သို့ လျှော့ချပေးမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် The Voice က ဆက်သွယ်မေးမြန်း ရာ ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး ဝန်ဆောင်မှု အသစ်များ၏ အသေးစိတ် အချက်အလက်ကို မေးမြန်းရာတွင်မူ ပြန်လည်ဖြေကြားခြင်း မရှိပေ။
“ကျွန်တော်တို့မှာ Plan တွေ အများကြီး ရှိပါတယ်။ ဘယ်လို Plan နဲ့ သွားမလဲဆိုတာ တရား ဝင် ကြေညာပေးမှာပါ။ ခုချိန်မှာတော့ ကိုယ့် Trend နဲ့ လွတ်လွတ်လပ်လပ် သွားနေပါ တယ်။ ဈေးကွက်အနေအထားကိုလည်း Data ကောက်ပေးနေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ကြေညာပေး သွားမှာပါ” ဟု ၎င်းကဆိုသည်။
ယခင်က ဖုန်းလိုင်းများ ဝန်ဆောင်မှုပေးသော ဆက်သွယ်ရေး အော်ပရေတာ သုံးခုတွင် ဖုန်းခေါ် ဆိုခ အသက်သာဆုံးမှာ တယ်လီနော ဖြစ်သော်လည်း နိုဝင်ဘာလ ၇ ရက်မှစ၍ အော်ရီဒူးက ဖုန်းခေါ်ဆိုခကို တစ်မိနစ်လျှင် ၃၅ ကျပ်မှ ၂၅ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
“MPT က နေရာတိုင်း လိုင်းမိတော့ ကြိုက်တယ်။ ဖုန်းပြောရင်တော့ တယ်လီနောကို သုံး တယ်။ အော်ရီဒူးကတော့ အင်တာနက်သုံးတယ်။ ခု အော်ရီဒူးက ဖုန်းခလျှော့တယ် ဆိုပေမယ့် ဖုန်းပြောဖို့ကို စဉ်းစားရဦးမယ်။ အချို့နေရာတွေမှာက လိုင်းတက်နေပေမယ့်ခေါ်ရင် ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်နေတာမျိုးတွေ ဖြစ်တယ်” ဟု ဖုန်းဆင်းမ်ကတ် သုံးခုလုံး ဝယ်ယူအသုံးပြုသူ အမျိုးသားတစ်ဦးက ဆိုသည်။
ဆယ်စုနှစ် တစ်စုကျော် ဈေးကွက်တွင် နေရာယူထားပြီ ဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးမှာ ဖုန်းဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ်၊ စာတိုတစ်စောင်လျှင် ၂၅ ကျပ်၊ အင်တာနက် အသုံးပြုခ GSM ဖုန်းမှာ တစ်မိနစ်လျှင် ၂ ကျပ်၊ WCDMA/CDMA 800 MHz ၄ ကျပ် သတ်မှတ်ထားပြီး ၀၉၂၅ နှင့် စသည့် တန်ဖိုးနည်းဖုန်းများမှာ ပြင်ပပေါက်ဈေး ၉၀၀၀ ဝန်းကျင်ဖြင့် ဦးဆောင်နေကြောင်း ဖုန်းအရောင်းဆိုင်များထံမှ သိရသည်။

No comments:

Post a Comment