Wednesday, November 19, 2014

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်နေသော ကျောင်းသားများကို နားလည်ပေးနိုင်ပြီး ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးစေလိုကြောင်း ပညာရေးပြည်ထောင်စုဝန်ကြီး ပြောကြား

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်ဆန္ဒပြ တောင်းဆိုနေမှုများကို နားလည်ပေးနိုင် ပြီး ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးစေလိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။
ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်နယ်မြေ ရှိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၌ နိုဝင်ဘာ ၁၈ ရက်က ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အစည်း အဝေး တွင် မီဒီယာများ၏ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးကထိုသို့ပြောကြားခြင်း ဖြစ်သည်။
“ကျွန်မ သူတို့ကို နားလည်ပေးနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း လာဆွေးနွေးချင်တာပဲ ရှိတယ်။ သူတို့လိုချင်တာ ဘာလဲလို့ သိလို့ရှိရင် မိဘတိုင်းကတော့ သားသမီးပူဆာရင် အကုန်မပေးနိုင်ဘူး။ အဲဒီတော့ မိဘလိုပဲ လာပူဆာပါ။ ပြောကြည့်မယ် လုပ်ကြည့်မယ်။ ဒါပေမဲ့ မိဘမတတ်နိုင်တဲ့ဟာ ကိုတော့ သားသမီးက နားလည်ပေးနိုင်ရမယ်။ အဲဒါလောက်ပါပဲ” ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက် တာဒေါ်ခင်စန်းရီက ပြောကြားသည်။
ထို့အတူ ကျောင်းသားများဖြစ်သည့်အတွက် ၎င်းတို့နားလည်အောင် ရှင်းပြပေးရန်ရှိပြီး တားဆီးမှု မရှိကြောင်း၊ ဥပဒေတွင် ကျောင်းသားများမကြိုက်သည့် အချက်များကို နားထောင်ရန် အဆင်သင့် ရှိကြောင်း၊ သို့ရာတွင် နားထောင်ပေးမည်ဖြစ်သော်လည်း တောင်းဆိုချက်အားလုံးကို လုပ်ပေးနိုင် သည်၊ မလုပ်ပေးနိုင်သည်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်း တစ်ခုက ဆုံးဖြတ်၍မရဘဲ ဥပဒေပြုသည့် နေရာအထိ ပြန်လည်တင်ပြပေးရမည် ဖြစ်သောကြောင့် လာမည့်ရှေ့အပတ်တွင် တင်ပြပေးရန်ရှိကြောင်းနှင့် ယခုပြုလုပ်သည့် အစည်းအဝေးသည် လည်း ကျောင်းသားများပြောကြားမှုကို ချေပမှုထက် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။
အမျိုးသားပညာရေးဥပဒေကို နှစ်နှစ်ခန့်အချိန်ယူ ရေးဆွဲခဲ့ရပြီး လွှတ်တော်တွင် အသေး စိတ်ဆွေးနွေး ကာ အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ဥပဒေပြုရေးသည် လွှတ်တော်တွင် သာရှိသောကြောင့် မိမိတို့အနေဖြင့် ကျောင်းသားများ တောင်းဆိုနေသည့် အချက်ခြောက်ချက် သည် ဆက်စပ်ဥပဒေများတွင် ပါသွားမည့်အချက်များ ရှိသော်လည်း နောက်ဆုံးအမျိုးသား ပညာရေး ဥပဒေ ပြင်ရေးဟု ပြောဆိုပါက ဥပဒေပြုသူများနှင့်သာ ဆက်စပ်ပေးရန်သာရှိကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးဘဲ ပြင်ဆင်ရန်ဆိုသည်မှာ အဆင့်တစ် ဆင့် ကျော်နေသည့်ပုံစံဖြစ်နေကြောင်း၊ အမျိုးသားပညာရေး ဥပဒေတွင် အခြေခံပညာ၊ အဆင့်မြင့် ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ် သုံးခုစလုံးပါဝင်ပြီး အခြေခံပညာအား နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာနမှ ပံ့ပိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက် တာ ဒေါ်ခင်စန်းရီ က ပြောကြားသည်။
“အဆင့်မြင့်ပညာကိုတော့ ကျွန်မတို့က အကုန်လုံးလွတ်လပ်ခွင့်ပေးမယ်ဆိုပြီး ဥပဒေပုဒ်မ ၂၆ မှာ အတိအလင်း ဖော်ပြထားပြီးဖြစ်တဲ့အတွက် ဆက်စပ်ဥပဒေ ရေးဆွဲရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ဘယ်လိုစီမံခန့်ခွဲမလဲလို့ပြောရင် အဆင့်မြင့်ပညာဥပဒေ ဒါမှမဟုတ် တက္ကသိုလ်များနဲ့ဆိုင်တဲ့ ဥပဒေတစ်ခု ထွက်ပါမယ်။ အဲဒီဥပဒေအောက်မှာ ဘာပြန်ပါလာမလဲဆိုရင် တက္ကသိုလ် တစ်ခုချင်း ရဲ့ပဋိညာဉ်။ တက္ကသိုလ်တစ်ခုချင်းရဲ့ လွတ်လပ်စွာစီမံခန့်ခွဲခွင့်ဆိုတာ ပြန်လာမှာဖြစ်တဲ့အတွက် အဲဒါတွေကို ရေးနေပါတယ်” ဟု ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။
ထို့ပြင် အမျိုးသားပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများဖြစ်သည့် အမျိုးသားပညာရေးနည်း ဥပဒေ၊ အဆင့်မြင့်ပညာဥပဒေ၊ ဆရာအတတ်သင်ပညာဥပဒေ၊ အခြေခံပညာဥပဒေ များ ရေး ဆွဲနေခြင်းမှာ ပြီးစီးတော့မည်ဖြစ်သဖြင့် အဆိုပါ ဆက်စပ်ဥပဒေများအား တိုင်းဒေသကြီးနှင့်ပြည် နယ်၊ တက္ကသိုလ်များ၊ ပညာရေးနှင့် ဆက်စပ်သူများအားလုံးအား ဖိတ်ခေါ်၍ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment