Tuesday, October 28, 2014

နိုင်ငံရေး သဘောတရားသစ်

ကျွန်တော်တို့ ကော့သောင်းမြို့လေးမှာ ဒီနေ့ မနက် ထူးခြားမှုလေး တစ်ခု ဖြစ်သွားပါတယ်။
ကော့သောင်းမြို့နယ် NLD ဥက္ကဌ  ကိုသက်နိုင်က ဒီနေ့ မနက် ၉ နာရီမှာ စက္ကူကပ်ထူ အဖြူမှာ သူ့ရင်ထဲမှာ ရှိနေတဲ့ စကားတွေကို ရေးချပြီး အများမြင်သာအောင် လက်နဲ့ကိုင်ကာ မတ်တပ်ရပ် တစ်ကိုယ်တော်.. ဆန္ဒဖော်ထုတ်ခဲ့ပါတယ်...။
သူဒီလို ဆောင်ရွက်တာကို NLD ပါတီဝင်တော်တော်များများ မသိ ခဲ့ကြဘူးလို့ စုံစမ်း သိရှိရပါတယ်။
သူဒီလို စတင် ဆောင်ရွက်ပြီး မိနစ်ပိုင်းလေး အတွင်းမှာပဲ ဒီသတင်း ဟာ ပျံ့ နှံ့ သွားပြီး ပါတီဝင်များ.. မြို့နယ်ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ချက်ချင်းရောက်ရှိလာပြီး ဆန္ဒပြသူ ကိုသက်နိုင်ကိုရော.. လာရောက်ကြည့်ရှုကြသူ ပြည်သူများကိုပါ မလှမ်းမကမ်း က စောင့် ကြည့်ပေးခြင်း၊ လမ်းကြောင်းထိန်းပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။
လာရောက်ကြည့်ရှု သူများကလည်း စာဖတ်ခြင်း၊ ဓါတ်ပုံမှတ်တမ်းရယူခြင်းများ ဆောင်ရွက် ခဲ့ကြ ပါတယ်။
ကိုသက်နိုင်ကတော့ တစ်စုံတစ်ရာ ပြောဆိုခြင်း၊ အော်ဟစ်ဆူပူခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း အလျဉ်း မရှိပါပဲ... နဂိုပြုံးယောင်သန်းနေတဲ့ မျက်နှာပေးနဲ့ပဲ သူ့အလုပ်ကို သူဆက်လုပ်ခဲ့ပါတယ်။
မနက် ၉နာရီ ၁၅ မိနစ်မှာတော့ မြို့နယ်ရဲစခန်းမှူးဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး တစ်ဦး တို့နဲ့ အတူ ကိုသက်နိုင်ဆီကို သွားပြီး ဆန္ဒ ဖော်ထုတ်မှုအတွက် ကြိုတင် တင်ပြထားခြင်း ရှိ/မရှိနဲ့ မည်မျှအထိ ဆောင်ရွက်ဖို့ ကောင်းမွန်စွာ မေးမြန်းခဲ့ရာမှာ... ကိုသက်နိုင်က ကြိုတင် တင်ပြထားခြင်း မရှိကြောင်းနဲ့ ၁၁ နာရီအထိ ရည်ရွယ်ထားကြောင်း ကောင်းမွန်စွာ ပဲ ပြန် လည် ဖြေ ဆိုခဲ့ပါတယ်။
ဒီလိုနဲ့ ဆန္ဒ ဖော်ထုတ်ပြီး တစ်နာရီခန့် အကြာ မနက် ၁၀နာရီမှာ စခန်းမှူးနဲ့ တာဝန်ရှိသူအချို့က ကိုသက်နိုင်ကို စုပေါင်းရုံးလို့ခေါ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ အခြား ဌာနဆိုင်ရာရုံးများရှိရာကို ခေါ်ဆောင်သွားပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လူကြီးများက ကိုသက်နိုင် ကို ကောင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေး ပြောကြားမှု အနေနဲ့ နောင် အလားတူ ဆောင်ရွက်မည်ဆိုပါက ကြိုတင်တင်ပြရန်လို အပ်ကြောင်းမှာကြားပြီး ၁၀ နာရီ ၂၀မိနစ်မှာ ကောင်းမွန်စွာ ပြန်လည် စေလွှတ်ခဲ့ပါတယ်။
ဒီနေ့မနက် ကိုသက်နိုင်ရဲ့ ဆန္ဒ ဖော်ထုတ်ပွဲလေးကတော့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်း မရှိပါပဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အထိုက်အလျောက် စည်ကားစွာ ပြီးဆုံးသွား ခဲ့ပါတယ်။
ဒီဖြစ်ရပ်လေးကို ကြည့်ရင်း ကျွန်တော် အတွေးပေါင်းများစွာ တွေးဖြစ်ခဲ့ပါတယ်။
အမှန်တကယ်က ကိုသက်နိုင်ဟာ ကြိုတင် တင်ပြထားခြင်းမရှိပါပဲ ဆန္ဒဖော်ထုတ်မှုအတွက် သတ်မှတ် ဥပဒေနဲ့ ငြိစွန်းသွားပြီ ဖြစ်ပါတယ်။
ဒီလို ငြိစွန်းသွားတဲ့အတွက် ဥပဒေအရ အရေးယူဆောင်ရွက်နိုင်တဲ့အခြေအနေလည်း ဖြစ်ပါတယ်။
သို့သော် ကိုသက်နိုင် ဆန္ဒ ဖော်ထုတ်ခြင်းကြောင့် အများပြည်သူ ထိတ်လန့်စေတဲ့ လှုံ့ ဆော်မှုမျိုး မရှိခြင်း၊တစ်ကိုယ်တည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်း၊ အော်ဟစ် ဆူပူမှု မရှိခြင်း၊
လှုံ့ဆော်စည်းရုံးမှုမရှိခြင်း၊ဆန္ဒပြမှုကြောင့် အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ခြင်း၊
ဆန္ဒ ပြမှုတိုင်းနဲ့ ဆက်နွယ်နေတတ်တဲ့ နိုင်ငံပိုင် အဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦ၊ ပုဂ္ဂလိကပိုင် အဆောက်အဦများနှင့် ပစ္စည်းများကို ချိုးဖျက်မှုမရှိခြင်း၊ အခြားအနှောင့်အယှက်ဖြစ်ဖွယ်ရာများ ဆောင်ရွက်မှု မရှိခြင်းတို့ကို တွေ့ရှိခဲ့ရပါတယ်။
တွေ့ဘူးသမျှထဲမှာတော့ အဆင့်အမြင့်ဆုံး တစ်ကိုယ်တော် ဆန္ဒပြမှုလို့ပဲ တင်စားချင်ပါတယ်။
ထို့အတူ တာဝန်ရှိသူများအနေနဲ့လည်း ဆန္ဒဖော်ထုတ်ခြင်း အဆင်ပြေအောင်မြင်စွာ ပြီးမြောက်စေရေး အတွက် လိုအပ်တဲ့ အစောင့်အရှောက် အရံအတား အကာအကွယ်များ ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခြင်းရဲ့အပြင်ဘက်မှာအခြားပယောဂတွေလည်းအသင့် စောင့်ကြိုနေ  တတ်ပါတယ်။
မလိုမုန်းထားသူ၊ အယူအဆမတူသူ၊ စိတ်မနှံ့သူ၊ မူးရစ်ရမ်းကားသူများ ၀င်ရောက်နှောင့်ယှက်နိုင် သလို အခြားထင်မှတ်မထားတဲ့ ကားဘရိတ်ပေါက်ခြင်းကဲ့သို့ မတော်တဆ မှုတွေလည်း ဖြစ်ပေါ် တတ်ပါတယ်။
ဒီလိုဖြစ်ပေါ်လာခဲ့လျှင် ဆန္ဒဖော်ထုတ်ခြင်းရဲ့ ဦးတည်ချက်လမ်းကြောင်းဟာ အခြားတစ်ဘက် ကို ရောက်ရှိ သွားတတ်ပါတယ်။
မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အနှောင့်အယှက်တွေလည်း ထင်မှတ်မထားနိုင်လောက်အောင်ြ ဖစ်ပေါ် လာတတ်ပါတယ်။
သို့သော် ယနေ့ ဆန္ဒ ဖော်ထုတ်မှုမှာတော့... ပြဿနာ တစ်စုံတစ်ရာ မရှိပဲ အေးချမ်းစွာ ပြီးမြောက်သွားခဲ့ပါတယ်...
တကယ်တော့ ဒါဟာ မြန်မာပြည် တောင်ဘက် အစွန်ဆုံး နယ်စွန်နယ်ဖျားက ကျွန်တော်တို့ ကော့သောင်း မြို့လေးရဲ့ ထူးခြား ချက်တွေထဲက တစ်ခုပါပဲ...။
တကယ်တော့ ပဋိပက္ခတွေ တိုက်ခိုက်မှုတွေဆိုတာ နားမလည်ခြင်းတွေကို အခြေခံ ပေါ်ပေါက်ခဲ့တယ်လို့ ကျွန်တော် တွေးမိပါတယ်။

ဆန္ဒဖော်ထုတ်သူကလည်း ကောင်းမွန်စွာ အနှောင့်အယှက်မဲ့စွာ ဆောင်ရွက်မယ်ဆိုရင်... စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအနေနဲ့လည်း ထိုက်သင့်သလို စဉ်းစားဆုံးဖြတ်ပေးနိုင်တယ်ဆိုတာလေးကိုလည်း ကျွန်တော်တွေ့မြင်ခဲ့ပါတယ်။

ဒီလို နှစ်ဦးနှစ်ဘက် နားလည်မှုများကြားမှာ အရာမ၀င်လိုက်ပဲ ပျောက်ဆုံးလွင့်ပါးသွားရတာကတော့ ကိုသက်နိုင် အဖမ်းခံရတော့မယ်လို့ တွေးပူနေရတဲ့ စိတ်တွေနဲ့ ပုဒ်မ- ၁၈ ကြီးပဲ ဖြစ်ပါတယ်။

တကယ်လို့ ကိုသက်နိုင်ကို ဥပဒေအရ ဖမ်းဆီးအရေးယူခဲ့မယ်ဆိုရင်... ဒီကိစ္စကို အကြောင်းရှာပြီး ပြဿနာ ဖန်တီးမှုတွေနဲ့ ကျွန်တော်တို့ မြို့ကလေးမှာ မနှစ်မြို့ဖွယ်ရာ ကိစ္စတွေလည်း ဆက်လက် ဖြစ်ပေါ်လာနိုင်ပါတယ်။

ကျွန်တော့် အနေနဲ့ကတော့ မြို့ ကလေးရဲ့ အကျိုးအတွက် ကောင်းမွန်စွာ စီမံဆုံးဖြတ်ပေးခဲ့တဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

အော်... တစ်ခု ပြောရဦးမယ်...
လူကြီးများရဲ့ ဆွေးနွေးမှာကြားချက်ကို ကိုသက်နိုင်ကလည်း ကောင်းမွန်စွာ လက်ခံသဘောတူခဲ့ပြီး အေးချမ်းစွာ ပြန်လည်ထွက်ခွါသွားပါတယ်တဲ့....

ကဲ... မိတ်ဆွေ နိုင်ငံရေးဆိုတာ တကယ်တော့ နားလည်မှုတွေပဲ မဟုတ်ပါလားဗျာ....

(ကွန်ဆူးမား)(၂၇-၁၀-၂၀၁၄) —

No comments:

Post a Comment