Tuesday, October 28, 2014

ယူ-၁၉ တို့အတွက် ရွှေလက်ချောင်းပိုင်ရှင်

ဘာလုံးသမားတွေ ကွင်းထဲလဲပြီဆိုလျှင် တစ်နိုင်ငံလုံးက
 ဘောလုံးပရိသတ်များ၏ အာရုံက သူ့ဆီ ရောက်ရောက် 
သွားတတ်သည်။
မြန်မာလူငယ် ကစားသမားများ ရေကုန်ရေခန်း ကစားပြီး ဒဏ်ရာရချိန် ကွင်းထဲသို့ မြန်မာအသင်း ဆရာဝန် ဒေါက်တာကျော်သန့်ဇင်နှင့်အတူ ဆံရှည်ရှည်၊ ဘောင်းဘီတိုတို၊ မြန်မာအသင်း ဝတ်စုံဝတ်ထားသော အနောက်တိုင်းသူတစ်ဦး ပြေးပြေး ဝင်လာတတ်သည်။ယင်းနောက် သန်းချီသော မျက်လုံးများကို ဂရုမစိုက်အားဘဲ ဘောလုံးသမားကို စိတ်ရှိအတိုင်း ပြုစုတော့သည်။
မြန်မာပရိသတ်များအကြား ရေပန်းစားသူ ထိုအမျိုးသမီးကား ဂျာမနီနိုင် ငံသူ အကြောပြင် ဆရာမလေး ဂျူးဒစ်သ်ဘူလင်ပင်။
ပြည်တွင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ဂျူးဒစ်သ်နာမည် က ရေ ပန်း အစားဆုံးနှင့် ဘောလုံး ဝါသနာရှင်များ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ ရသည်။ အချို့က မြန်မာ ဘောလုံးအသင်းအတွက် “မင်း မရှိလို့ မဖြစ်ဘူး သိလား” ဆိုသူကဆို၊ “သူ ဘယ်သူလဲ” လက်တို့မေးသူများနှင့် စုံစမ်းနေ ကြသည်။
မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် ရောက်ရှိလာသူဂျူးဒစ်သ်အတွက် တစ်ခေါက် ဆို တစ်ခေါက် ပေါက်သွားခဲ့သည်။ နည်းပြချုပ်နှင့် အားကစားသမား၏ အကြောပြင်ဆရာ လက်စွဲအထိ ဖြစ်ခဲ့သည်။
ယူ - ၁၉ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ ကိုယ်တိုင် ဂျူးဒစ်သ်၏ အကြောပြင်ပညာကို ယုံကြည် စိတ်ချ ယုံကြည်၍ အားကစားသမားများ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် စိုးရိမ်မှု လုံးဝမရှိကြောင်း အာရှ ချန်ပီယံရှစ်အတွင်း ထိုင်း ယူ - ၁၉ အသင်းနှင့် ပြိုင်ပွဲအပြီး တွင် ပြော ကြားသွားသည်။
ခေတ်မီဆေးဝါးများ၊ အကိုက်အခဲ ပျောက်ဆေးများကို အသုံးမပြုဘဲ လက်ကိုသာ အသုံးပြု၍ အကြောပြုပြင် ပေးသော်လည်း ၎င်း၏ ပြုစုကုသမှုသည် မြန်မာဘောလုံး အသင်းသားများ အတွက် ထိရောက်လွန်းကြောင်း ပြောဆိုကြသည်။ မြန်မာတွင်သာမက ဂျာမနီနိုင်ငံတွင်လည်း နာမည်ရသည်။ မိခင်တိုင်းပြည်တွင် သူ့ကို “ရွှေလက်ချောင်းပိုင်ရှင်” ဟု တင်စားခေါ်ဝေါ်ကြသည်။
ဂျာမနီမှာ အားကစားသမားများ၊ အီတလီမှ လက်ဝှေ့သမားများကို ကုသပေးဖူးပြီး ဂျာမနီနိုင်ငံ မြို့တော် ဘာလင်တွင် ဝန်ထမ်း ၂၀ ခန့်ရှိသော ကိုယ်ပိုင်ဆေးခန်း ဖွင့်ထားသော ဂျူးဒစ်သ် မြန် မာနှင့် ဖူးစာဆုံပုံမှာ ထူးဆန်းလှသည်တော့ မဟုတ်။
မြန်မာ ယူ - ၁၉ အသင်းက ဂျာမနီနိုင်ငံတွင် ခြေစမ်းပွဲ သွားရောက် ကစားစဉ်က ကွင်းလယ် ကစားသမား မောင်မောင်စိုး၏ ထိခိုက်ဒဏ်ရာကို လျင်မြန်စွာ ကုသပေးခဲ့ခြင်းကြောင့် အာရှ ယူ-၁၉ ချန်ပီယံရှစ်အတွက် မြန်မာနိုင်ငံသို့ လိုက်ပါ ကူညီပေးရန် နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျ ကိုယ်တိုင် တောင်းဆိုခဲ့သည်။
ယင်းကား ရွှေလက်ချောင်း ပိုင်ရှင်မလေး၏ ရွှေနိုင်ငံသို့ ပွဲဦးထွက်ခရီး။
ဂျူးဒစ်သ်နှင့် နည်းပြချုပ်ဂတ်တို့ မိသားစုက ရင်းနှီးသည်။ နည်းပြချုပ် ကိုယ်တိုင် ဂျူးဒစ်သ်၏ လက် စွမ်းကို ကုသခံဖူးသည့်အတွက် မြန်မာနိုင်ငံသို့ ယုံကြည်စိတ်ချစွာ လိုက်ပါစေလိုခြင်း ဖြစ် သည်။ “ကျွန်တော်တို့အသင်း ဂျာမနီကို သွားတုန်းက သူ့ကို မြန်မာနိုင်ငံကို လိုက်ခဲ့နိုင်မ လား လို့မေးတော့ သူကလည်း သဘောတူခဲ့တယ်” ဟု မြန်မာ ယူ-၁၉ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျက ရှင်းပြသည်။
ဂျာမနီနိုင်ငံ ဘာလင်မြို့သူ ဂျူးဒစ်သ်အတွက် မြန်မာနိုင်ငံသားတွေနဲ့ စစချင်းတွေ့ချိန်မှာ လွဲ လွဲချော်ချော် ဖြစ်နေသေးသည်။ အကြောင်းက သူ့နာမည် Judith (ဂျူးဒစ်သ်) ဟု ခေါ်ဆိုသော် လည်း အသင်းသားများက ဂျူဒီဟုသာ ခေါ်တတ်ကြောင်း ရယ်သံနှောကာ ပြောကြားသည်။
“ကျွန်မနာမည်ကို အခုထိ အမှန် မခေါ်နိုင်သေးဘူး” ဟု သူကဆိုသည်။
နောက်တစ်ခု မြန်မာပြည် ရောက်ရောက်ချင်း သူစိတ်ပူသည်မှာ သူ့ပညာကို မယုံကြည်မည်ကို။ သူ၏ အကြောပြင် ပညာရပ်မှာ အခြားဆေးပညာရပ်များကဲ့သို့ ဓာတ်မှန်ရိုက်ပြီး စမ်းသပ်ရန် မလိုဘဲလက်ဖြင့်စမ်းသပ်ရုံနှင့်သိရှိနိုင်သဖြင့်မြန်မာတို့နှင့်စိမ်းသောပညာရပ်တစ်ခု ဖြစ်သောကြောင့် မြန် မာနိုင်ငံမှ တာဝန်ရှိသူများ လက်မခံမည်ကို စိတ်ပူခဲ့ဖူးပုံကို ဂျူးဒစ်သ်က မှတ်မှတ်ရရ ပြော ပ သည်။

“ကျွန်မအနေနဲ့ ဒီမှာကျွန်မကို လက်မခံမှာ အရမ်းကြောက်မိတယ်။ သူတို့ လက်နာနေတယ်ဆိုရင် ကျွန်မက ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို သိတယ်။ ဓာတ်မှန်လည်း ပြစရာ မလိုဘူး။ ကျွန်မလုပ်လိုက်တာနဲ့ ဖြစ်သွားတယ်။ ဒါကြောင့်လည်း သူတို့က ရွှေလက်ချောင်း ပိုင်ရှင်လို့ ခေါ်ကြတာပါ” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ခင်ပွန်းဖြစ်သူနှင့် သားသမီးနှစ်ဦး ဘာလင်မြို့တွင် ကျန်ရှိပြီး မိသားစု အသိုင်းအဝိုင်းက ဂျူးဒစ်သ်၏ ပညာနှင့် လုပ်ငန်းအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးလျက် ရှိသည်။

သူ့မိသားစုအကြောင်း ပြောနေချိန်တွင် ဂျူးဒစ်သ်က သားဖြစ်သူကို သတိရသွားဟန် ရှိသည်။ “သားလေးဆိုရင် ဒီမှာလှုပ်ရှားနေတဲ့ ဓာတ်ပုံတွေကို အကုန်လုံး ရိုက်ခိုင်းထားတယ်။ သူက ဒီမှာရှိတဲ့ မြင်ကွင်းတွေကို သိပ်သိချင်တာ” ဟု သူကဆိုလိုက်သေးသည်။

မြန်မာအသင်းတွင် ပထမဆုံး အမျိုးသမီး အကြောပြင်ဆရာ ဖြစ်လာသော သူ့အတွက် ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်သော်လည်း မြန်မာအသင်းနှင့် တွဲဖက်လုပ်ကိုင်ရသည်ကို နှစ်သက်သောကြောင့် လာမည့် မေလတွင် နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ထပ်မံကူညီရန် ဆန္ဒရှိနေသည်။

မြန်မာက သူ့အတွက် စိတ်လှုပ်ရှားစရာ ကောင်းသည်၊ ပရိသတ်များ၏ အားပေးမှုကိုလည်း တစ်ခဲနက် ရရှိသည်။ “မြန်မာလူမျိုးတွေနဲ့ စကားပြောရတာကိုက စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီလို သူတို့တွေဆီက မြန်မာနိုင်ငံအကြောင်း နားထောင်ရတာ သဘောကျမိတယ်” ဟု ဂျူးဒစ်သ် ဝန်ခံထားသေးသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်တိုင် ဂျူးဒစ်သ်ကို လာမည့် ကစားပွဲအတွက် ပါဝင်စေချင်ကြောင်း ပြောကြားထားသည်။ မြန်မာ အသင်းသားတစ်ယောက် ဒဏ်ရာထိခိုက်ပြီး လဲကျချိန် ကွင်းအတွင်း ပြေးဝင်၊ ပညာကုန် ပြုစုလေ့ရှိသော ရွှေလက်ချောင်း ပိုင်ရှင်လေးကား မကြာမီ အိမ်ပြန်တော့မည်။ နည်းပြချုပ်နှင့် သူတို့ မြန်မာအသင်းတွင် မည်သို့ ခရီးဆက်မည်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်း မရှိသေး။

သမိုင်းဝင် မှတ်ကျောက်တင်ခဲ့သော မြန်မာလူငယ် အသင်းနှင့်အတူ ဂျူးဒစ်သ်ကို မြန်မာပရိသတ်များ အမှတ်ရနေဦးမည်မှာ ယုံမှားသံသယ မရှိဖွယ် ဖြစ်သည်။ သူ၏ ဘာလင်အိမ်ပြန် ခရီးတွင် လွမ်းဆွေးသူများ တပုံတပင် ကျန်ရစ်နေမည်မှာ မလွဲပါ။ သူကလည်း အောက်ပါအတိုင်း ထပ်တူစကားဆိုလေသည်။ “ကျွန်မ အရမ်းဆန္ဒရှိတယ်။ ဒီကလည်း လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုတာကို သဘောကျတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံ ထပ်လာဦးမှာပါ”
From: လဲ့ရည်မြင့်၊ အောင်သော်ဖြိုး

No comments:

Post a Comment