Wednesday, February 5, 2014

နိုင်ငံရေးသမားများကြောင့် မီဒီယာလောက နာမည်ပျက်ရ ဟု ဆို

05-02-2014
မီဒီယာကျင့်ဝတ် တည်ဆဲဥပဒေတို့ကို လိုက်နာခြင်း မရှိသော နိုင်ငံရေးအရ တိုက်ကွက်ဖော်ရန် ၀င်ရောက်လာသော မီဒီယာများကြောင့် မီဒီယာသမား အစစ်များ နာမည်ပျက်ရကြောင်း၊ နိုင်ငံရေးသမားကို မီဒီယာလောကမှ မောင်းထုတ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း သိရှိရသည်။

"အခုနောက်ဆုံး ပြဿနာဖြစ်တဲ့ ယူနတီဂျာနယ်ဆိုရင် သူ့သတင်းကို ကြည့်၊ ဆောက်လုပ်ရေးလုပ်သား၊ ရွာသားတစ်ဦး ဒီလို သတင်း အရင်းအမြစ်တွေနဲ့ သတင်းကို တည်ဆောက်ထားတာ။ တော်တော်ကလေးကို လိုအပ်ချက် ရှိတယ်။ နောက် ဓါတု လက်နက်စက်ရုံဆိုတဲ့ ကိစ္စ။ ဒီကိစ္စက နိုင်ငံတကာမှာ အလေးထားနေတဲ့ အကြောင်းအရာဖြစ်နေ တယ်။ မသေချာရင် မရေးသင့်ဘူး။ သေချာတယ် ဆိုရင်တောင် နိုင်ငံတော်လျှို့ဝှက်ချက် ဆိုတာကို စဉ်းစားသင့်တယ်။ ပြန်ကြည့်ရင် ယူနတီဂျာနယ်က ကျားဖြူပါတီက ထုတ်တာ။ ဒီတော့ အစိုးရကို တိုက်ခိုက်တဲ့ နိုင်ငံရေးအကွက်တွေကို မီဒီယာမှာ လာပြီး ကစားတယ်။ ဒီတော့ ပွဲဆူအောင် လူများအောင် သက်သက်လုပ်တယ်။ ဒီတော့ အမှန်တစ်ကယ် မီဒီယာတွေ ရောယောင်ပြီး နာမည် ပျက်တယ်" ဟု မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

"နိုင်ငံရေးသမားတွေ မီဒီယာလောကကို ဖျက်ဆီးနေတယ် ဆိုတာကို ကျွန်တော်တော့ ထောက်ခံ တယ်။ ဒီလှိုင်း ဂျာနယ်ဆိုရင် NLD ၊ ယူနတီဆို ကျားဖြူ၊ ပြည်ထောင်စုနေ့စဉ်နဲ့ လူထုပုံရိပ်ဆိုရင် ကြံ့ခိုင်ရေး၊ သူရိယနေ၀န်း ဆိုရင် ၈၈၊ သံတော်ဆင့်ဆိုရင် ဦးဆန်းဆင့်၊ လမ်းဘေးအမြင် ဆိုရင် ဦးရွှေမန်းနဲ့ ဦးခင်ရွှေ ဒီလိုမျိုးတွေ လုပ်လာကြတယ်။ နိုင်ငံရေးအရ တိုက်ခိုက်တာတွေ ထိုးနှက် တာတွေ အပုပ်ချတာတွေက ထုံးစံဆိုတာ နားလည်တယ်။ ဒါပေမယ့် ပြည်သူတွေထဲမှာ ကျတော့ ဒါက နိုင်ငံရေးသမားတွေ လုပ်တာ၊ ဒါက မီဒီယာသမားတွေ လုပ်တာ သေချာ မသိကြတော့  ဘူး။ ပြီးတော့အပုပ်ချတိုက်ခိုက်တဲ့အ၀ါရောင်စာနယ်ဇင်းတွေဆို ရောင်းကောင်းတယ်။ နိုင်ငံရေးသ မားတွေက အကွက်ချပြီး ဆော်တာနှက်တာတွေ လုပ်တယ်။ ဒါကြောင့် မီဒီယာလောကကို ထိန်းဖို့ မီဒီယာသမားတွေကိုယ်တိုင် နိုင်ငံရေးသမားတွေကို ဆန့်ကျင်ကြဖို့ အချိန်တန် နေတာ မဟုတ် ဘူး။ နောက်ကျနေပြီ။ ကျွန်တော့်သဘောကတော့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်မယ့်သူကို မူလက တည်းက ခွင့်ပြုချက် မပေးဖို့ စည်းမျဉ်းစည်းကမ်း ချမှတ်ဖို့ လိုမယ် ထင်ပါတယ်" ဟု ၀ါရင့်အယ်ဒီ တာ ချုပ် တစ်ဦးက ပြောဆိုသည်။

"သမ္မတတ ဘာလုပ်လုပ် ထောက်ခံ၊လွှတ်တော်ဥက္ကဋ္ဌ ဘာပြောပြော လက်ခုပ်တီးနေတဲ့ အုပ်စုတွေ၊ သမ္မတကို အဆိုးပြော၊ လွှတ်တော်ကို အပြစ်တင်၊ တပ်မတော်ကို အကောင်းမမြင်၊ အတိုက်အခံကို အထင်သေး၊ ဒီမိုကရေစီဗန်းပြပြီး ငါနဲ့ ငါ့တို့ဝါဒပဲ ကောင်းတယ်လို့ ပြောနေတဲ့ အကျိုးအပဲ့ အနီ ပျက်တွေ၊ တပ်နဲ့ ပတ်သက်သမျှ ဝေဖန်ထောက်ပြမှုမှန်သမျှ အဆိုးမြင်ရှုထောင့်က ဘာသာပြန်နေ သူတွေ၊ ဒီမိုနာမည်ခံပြီး ကိုယ်နဲ့ အယူအဆမတူသူတွေကို တစ်တစ်ခွခွ ဆဲဆိုနေသူတွေ၊ ကိုယ့်ရဲ့ အပြု အမူ အပြောအဆိုက ဒီမိုကရေစီကို အရောင်တင်နေတာလား၊ အရောင်ဆိုးနေတာလား နားမလည်တဲ့သူတွေ၊ ဒီမိုဘက်သားဆိုပြီး ဒီမိုမြတ်နိုးသူတွေ နာမည်ပျက်အောင် လုပ်နေသူတွေ၊ သင်္ဃန်းခြုံပြီး ဗုဒ္ဓမကြိုက်တာ လုပ်နေသူတွေ၊ ဘာသာခြားယောင်ဆောင်ပြီး အထိကရုဏ်းဖြစ်အောင် လမ်းလွှဲနေသူတွေ၊ မီဒီယာကို မီဒီယာနဲ့ တိုက်ဖို့ စနစ်တကျ ပြင်ဆင်ပြီး အွန်လိုင်းပေါ်မှာ စစ်ပွဲတစ်ပွဲလို စနစ်တကျ ဗြူဟာခင်း၊ အကွက်ချ တိုက်ခိုက်နေသူတွေ၊ ပုံနှိပ်မီဒီယာလောကထဲကို အားလုံးပတ်ဆဲဝင်လာပြီး သတင်းသမားတွေ တရားရင်ဆိုင်၊ ထောင်ထဲအထည့်ခံရအောင် တမင်လုပ်နေတဲ့သူတွေ၊ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ဖို့ အတွက် လူ့အန္ဓအင်အားတွေစုပြီး အသင့်ပြင်ထားတဲ့သူတွေ၊ မဖြစ်ညစ်ကျယ် ရာထူးလေးနဲ့ ကိုယ့်ကိုယ်ကိုယ် နယ်စားပယ်စားလို အထင်ရောက်နေတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်တွေ၊ ငါ့စကားနွားရ၊ ငါပြောတာအမှန်၊ ငါလုပ်တာအမှန်၊ ငါသိတာ အမှန်ယူဆပြီး ငါတံတိုင်းခတ်ထားတဲ့သူတွေ စတဲ့ ပြောရင် ကုန်ဖွယ်မရှိသူတွေအကြောင်း ကျနော်တို့ ဘယ်လောက် လေ့လာထား၊ သိထားကြပြီလဲဆိုတာကိုလည်း သတင်းသမားဖြစ်တဲ့ ကျနော် ကိုယ်နယ်ပယ်အတွက် စိတ်ပူမိတယ်" စာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ရှင်းပြသည်။

"မီဒီယာဆိုတာ မီဒီယံက လာတာ။ ကြားနေရမယ်။ ဘက်မလိုက်ရဘူး။ အခု မြန်မာနိုင်ငံမှာ
ဖြစ်ပျက်နေတာက တရားဝင်ဆဲဆိုခွင့်လိုင်စင် ရချင်ရင် မီဒီယာလုပ်ဆိုတာမျိုး ဖြစ်နေတယ်။ ကျင့်ဝတ်တွေ ဥပဒေတွေ မပြောနဲ့ လူမှု နီတိတောင် မသိတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေကို ကြည့်လိုက်ရင် နိုင်ငံရေးသမားတွေ၊ ပြီးတော့ နာမည်ကြီးချင်တဲ့ သူတွေ၊ အပေါစားနိုင်ငံရေးသမားတွေက များနေတယ်။ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ သူ့ပါတီရဲ့ မူဝါဒတွေ လုပ်ဆောင်ချက်တွေ လူထုသိအောင် ဖြန့်ဖြူးဖို့ မီဒီယာ သုံးရမယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံစာနယ်ဇင်းလောကကြီးတစ်ခုလုံး သုံးစားလို့မရတော့တဲ့အနေအထား ဖြစ်အောင် လုပ်ဆောင်နေတဲ့ နိုင်ငံရေး အရောင်အသွေး ရှိသူတွေကိုတော့ ပြန်စဉ်းစား သုံးသပ်သင့်ပြီ ထင်တယ်။ မနေ့တစ်နေ့ကမှ မီဒီယာလောကထဲဝင်လာတယ်။ ဒီနေ့ ပတ်ဆဲနေတယ်။ တစ်ကယ်တမ်းကျတော့ သူဂျာနယ်က စောင်ရေတက်၊ ရောင်းကောင်း၊ မီဒီယာသမားတွေကတော့ နာမည်တွေပျက် ဖြစ်နေတာ။ ဒီတော့ မီဒီယာသမား စစ်စစ်တွေ စည်းလုံးညီညွတ်ဖို့၊ ဒီကိစ္စကို ဖြေရှင်းဖို့ လိုအပ်နေပြီ လို့ပဲ ထင်ပါတယ်" ဟု ဂျာနယ်တစ်စောင်တွင် နှစ်ရှည်လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောသည်။

"ယူနတီ ဂျာနယ်ကိစ္စ။ သူ့ဘာသာ ကြေညာချက် ထုတ်ထုတ် ဘာလုပ်လုပ် ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ကိုယ့်ဂျာနယ်ရပ်တည်နိုင်ရေး ရုန်းကန်နေရတာ။ ပြောကြကြေးဆိုရင် ဒီကြေညာချက် ထုတ်တဲ့ အဖွဲ့အစည်းတွေကရော ဒီလို စုန်းပြူးကောင်တွေကို ဘယ်လို အရေးယူမလဲ မေးချင်တယ်။ သူများကို ဘလက်ညိုးမထိုးနဲ့။ ကိုယ့်လူတွေကို ပြန်ကြည့်လိုက်ဦး။ နှစ်ပတ်သက်တမ်းပဲ ရှိသေးတဲ့ သတင်းထောက် ရေးတဲ့ သတင်း။ ပုံနှိပ်စာလုံးနဲ့ စာမျက်နှာပေါ် ရောက်ရင် သတင်းဖြစ်ပြီ ထင်ထားတဲ့ ကိစ္စ။ ယူနတီသတင်းတွေ ပြန်ဖတ်ကြည့်။ ရပ်ကွက်ထဲမှာ မူးလာရင် မကျေနပ်ချက်တွေ ပတ်ပြောတဲ့ ပုံစံမျိုးသာသာနဲ့။ သူရိယနေ၀န်းတို့ သံတော်ဆင့်တို့၊ လူထုပုံရိပ်တို့ ပြည်သူ့ဆန္ဒ ဖတ်ကြည့်။ လူထုပုံရိပ်ဆို ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရှမ်းပြည်နယ်အတွက် ဆိုပြီး ထုတ်တာလို့ ကြားတယ်။ မီဒီယာလောကကြီး ဘယ်လာကောင်းတော့မလဲ။ စဉ်းစားသာကြည့်။ ပေါလိုက်တဲ့ အယ်ဒီတာ၊ ပေါလိုက်တဲ့ သတင်းထောက်တွေ။ အရည်အချင်းကို ဆန်းစစ်ကြည့်။ စာနယ်ဇင်းကောင်စီက လုပ်သင့်တာက ဘယ်သင်တန်းတွေ တက်ပြီးမှ တရားဝင် သတင်းထောက် ဖြစ်ခွင့်၊ အယ်ဒီတာဖြစ်ခွင့် ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးသင့်ပြီ။ ကြာလာရင် မီဒီယာ သိက္ခာကျတယ်" ဟု အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်၏ အယ်ဒီတာချုပ်တစ်ဦးက ပြောဆိုသည်။

"နိုင်ငံရေးပါတီတွေမှာ ပြည်သူလူထုကို မူဝါဒတွေ လုပ်ဆောင်ချက်တွေ သိရှိအောင် လုပ်ဖို့ မီဒီယာကို သုံးရမှာပဲ။ ပါတီတွေမှာ ပါတီအရောင်အသွေး တော့ ရှိမှာပဲ။ ဒီလှိုင်းဂျာနယ်မှာ NLD ရဲ့ ၀ါဒဖြန့်ချိရေးတွေ ပါမှာပဲ။ ပါတီစာစောင်ကိုးဗျ။ ဦးဝင်းတင် ပြောတာတွေ ရမ်းကားတယ်၊ သိက္ခာမရှိဘူး လို့ ပြောရအောင် ဒီနေ့ မြန်မာမီဒီယာတွေကရော ဘယ်လောက်အဆင့်အတန်း ရှိသလဲ ပြန်ကြည့်ဖို့ လိုတယ်။ ဦးဝင်းတင်က ဟုတ်တိုင်းမှန်ရာကိုသာ ပြောတာ ဖြစ်တယ်။ အစိုးရကိုတော့ ပြောရမှာပဲ။ ကျွန်တော်တို့က အတိုက်အခံပါတီကြီး ဖြစ်နေတာကို။ ဒီလှိုင်းဂျာနယ်မှာ သူ့စည်းကမ်းနဲ့ သူရှိတယ်။ မီဒီယာသမား စစ်စစ်ဆိုတဲ့သူတွေကရော ဒီလှိုင်းလို စည်းကမ်းတောင်မှ ရှိပါရဲ့လား။ ဒီလှိုင်းဂျာနယ်က မမှန်သတင်း မရေးဘူး။ မီဒီယာတွေ မမှန်သတင်းရေးလို့ တောင်းပန်နေရတာ ခဏခဏပဲ။ နိုင်ငံရေးသမားကြောင့် မဟုတ်ဘူး။ ကောင်းတဲ့မီဒီယာ ကောင်းမှာပဲ။ ညံ့တဲ့မီဒီယာကတော့ ညံ့မှာပဲ။ နဂိုကတည်းက အရည်အချင်းမရှိတဲ့ တိုက်တွေကတော့ ဘယ်လိုလုပ် လိုက်မှီနိုင်မလဲ။ နိုင်ငံရေးပါတီတွေ ထုတ်တဲ့ စာစောင်တွေထဲမှာလည်း ကောင်းတဲ့သူကောင်း၊ ညံ့တဲ့သူညံ့ ဒီလိုပဲ ဖြစ်မှာပဲ။ မီဒီယာစစ်စစ်တွေထဲမှာလည်း ကျင့်ဝတ်မညီတဲ့ နမူနာတွေ အများကြီး ရှိပါတယ်။ မီယာလောက နာမည်ပျက်တာဟာ မီဒီယာသမားတွေကြောင့်ပဲ။ နိုင်ငံရေးသမားတွေကြောင့် လုံးဝမဟုတ်ဘူး" ဟု NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက တုံ့ပြန် ပြောကြားခဲ့သည်။

မီဒီယာလောက ပျက်စီးစေသည်မှာ နိုင်ငံရေးသမားများကြောင့်လား၊ မီဒီယာ သမားများကိုယ်တိုင်
ကြောင့်လား ဆိုသည်ကို မီဒီယာလောကသားများကပင် ပြန်လည်လေ့လာဖြေရှင်းရမည် ဖြစ်သည်။

ပြည်သူ့အာဏာ

No comments:

Post a Comment