Saturday, February 22, 2014

မာန်အောင် ကို ကယ်တင်ပါ

မတတ်သာတဲ့အဆုံး ကိုယ့်ပေါင်
ကိုယ်လှန်ထောင်းရကိန်း ဆိုက်
လာတော့ ရင်နာနာနဲ့ပဲ ထောင်း
ပါရစေ။
မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး

ကျွန်းဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲက 
မာန်အောင်ကျွန်းဟာ တကယ်တော့ မြို့ငယ်လေးတစ်မြို့နဲ့
 ကျေးရွာလေးတွေပဲ ရှိတဲ့၊
တခြားမြို့တွေနဲ့နှိုင်းယှဉ်ကြည့်ရင် ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ်နိမ့်ကျနေသေးတဲ့ နေရာလေးတစ်ခုပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကုလားပြဿနာဒဏ်ကို ခံစားနေရတဲ့အချိန်မှာ ဘင်္ဂလီမရှိတဲ့ မာန်အောင်ကျွန်းဟာ တခြားမြို့နယ်တွေနဲ့စာရင် အင်မတန်တည်ငြိမ်အေးချမ်းတဲ့ နေရာလေးပါ။ တနယ်တကျေးကပြောင်းရွေ့
အခြေချလာသူနည်းပါးပြီး ဆွေမျိုးလှည့်ပတ်စပ်လို့ရတဲ့ ဒေသခံအများစုနေထိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ် သိပ်မရှိလို့ မီဒီယာတွေရဲ့ သတင်းဖော်ပြမှု မခံရသလောက်နည်းပါးတဲ့ ဒီဒေသကို ခြိမ်းခြောက်လာနေတာက မထင်မှတ်တဲ့ မူးယစ်ဆေးဝါးပြဿနာပဲ ဖြစ်ပါတယ်။ မူးယစ်ဆေးထုတ်လုပ်တဲ့ ဒေသတွေနဲ့ မိုင်ပေါင်းများစွာဝေးကွာပြီး ရွာကြီးတစ်ရွာအကျယ်အ၀န်း
လောက်ပဲရှိတဲ့ ဒီမာန်အောင်မြို့သေးသေးလေးမှာ ဘာကြောင့် ဒီပြဿနာပေါ်လာရတာလဲ။ အရင်တုန်းက မူးယစ်ဆေးသုံးစွဲတဲ့လူ မာန်အောင်မှာမရှိဘူးလားဆိုတော့ တစ်ယောက်စနှစ်ယောက်စ ရှိဖူးပါတယ်။ ဒိုင်ယာဇီဗင်လို ဆေးဆိုင်ကနေ အလွယ်တကူဝယ်လို့ရတဲ့ဟာမျိုးတွေကို သုံးစွဲတဲ့လူတွေပါ။ ဒါပေမယ့် ဒေသတွင်းမှာ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းချတဲ့အဆင့်ထိ နေထိုင်ဖူးခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း တစ်ခါမှမတွေ့ဖူးပါဘူး။ ခုတော့ အခြေအနေတွေ အဆိုးဖက်မှာ တိုးတက်လာနေပြီလို့ သိရပါတယ်။

မာန်အောင်က လူငယ်တွေနဲ့လူလတ်ပိုင်းတွေကြားမှာ မူးယစ်ဆေးသုံးစွဲမှုတွေ များပြားလာနေပါတယ်။ မူးယစ်ဆေးရောင်းချသူတွေ စီးပွားဖြစ်နေပါတယ်။ ဒေသတွင်းတာဝန်ရှိသူတွေက လိုင်းကြေးရလို့
ငြိမ့်နေကြပါတယ်။ ကျွန်တော်တို့ငယ်စဉ်က ဖဲဝိုင်း၊ကြက်ဝိုင်းနဲ့ အရက်ခိုးချက်သူလောက်ပဲ ဥပဒေချိုးဖောက်တယ်လို့ ပြောလို့ရတဲ့ ဒီဒေသမှာ တည်ဆဲဥပဒေကို မထီမဲ့မြင်လုပ်ရဲတဲ့လူတွေ၊
ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရဲတဲ့လူတွေ ရှိလာတဲ့အနေအထားဟာ မာန်အောင်ကျွန်းရဲ့ အင်မတန်တည်ငြိမ်အေးချမ်းတဲ့ သဘာဝကို ဖျက်ဆီးနေကြပါပြီ။ ဘ၀တွေမပျက်ခင်အချိန်ထိတော့ မူးယစ်ဆေးရဲ့အရသာကို လောကနိဗ္ဗာန်လို့ ထင်နေကြအုန်းမှာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုခွဲကျော် ကာလတုန်းက မာန်အောင်ကျွန်းကို ဧည့်သည်ဆိုးတစ်ယောက်
ရောက်ချလာဖူးပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံတလွှားရေပန်းစားတဲ့ တရားမ၀င် ချဲထီနဲ့နှစ်လုံးထီပါ။ ကူးစက်မှုအလွန်မြန်ဆန်တဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုလို မာန်အောင်မြို့ကနေစပြီး ရွာစွန်ဇနပုဒ်ထိပါမကျန် ချဲဒိုင်တွေ၊ကော်မရှင်စားတွေ မှိုလိုပေါက်ကုန်ပါတယ်။ ခေတ်မှီသူတိုင်း ချဲရောင်းကြသည်လို့
ပြောရမယ့်အတိုင်းပါပဲ။ တဖက်မှာလည်း အရူးအမူးချဲထိုးတဲ့လူတွေ၊ ချဲတွက်သမားတွေ၊ ချိုင်းကြည့်သူတွေ၊ အတိတ်ကောက်သူတွေကလည်း သောက်သောက်လဲပါပဲ။ ခုလိုမျိုး မိုဘိုင်းဖုန်းတွေ မရှိသေးတဲ့အချိန်ဖြစ်လို့ ချဲထွက်မယ့်နေ့ကျရင် မာန်အောင်တကျွန်းလုံးရဲ့ တစ်ခုတည်းသော တယ်လီဖုန်း
အိတ်ချိန်းရုံးရှေ့မှာ ဂဏန်းထွက်အလာကို စောင့်နေတဲ့လူအုပ်ကြီးဟာ ဘုရားပွဲတော်တစ်ခုလောက်ကို စည်ကားနေခဲ့ပါတယ်။ ငွေဝင်တဲ့လူ၊ငွေရွှင်တဲ့လူ၊ငွေထွက်တဲ့လူ၊ ငွေပြတ်တဲ့လူစသဖြင့် ပုံမှန်တဲ့ပိုမိုတဲ့ ခံစားချက်တွေဖိစီးနေတဲ့မျက်နှာတွေဟာ ချဲပေါ်တဲ့အချိန်ကစပြီး မာန်အောင်ကျွန်းမှာ တစ်နေ့တခြား ပိုမိုများပြားလာခဲ့ပါတယ်။ တစ်နှစ်ကျော်လောက်အကြာမှာတော့ တိုက်ဆောက်တဲ့လူ၊အိမ်ပျောက်တဲ့လူ၊
ခြံပျောက်တဲ့လူ နောက်ဆုံး ဘ၀ပျောက်တဲ့လူတွေ မာန်အောင်ကျွန်းကနေ ပေါ်ထွက်လာပါတော့တယ်။ အပျော်သဘော အရက်ဖိုး၊ လက်ဖက်ရည်ဖိုး၊ ဈေးဖိုးလေးတွေ ဖဲ့ထိုးရာကနေ အိမ်ရောင်းခြံရောင်းပြီး
ဟော့ဂဏန်းတွေကို စုံပြုံအော၊ မပေါက်တော့ တက်တက်ပြောင်၊ ပေါက်ပြန်တော့လည်း ဒိုင်ကမလျော်ပဲထွက်ပြေးလို့ ပြည်မမှာလို လမ်းဘေးမရောက်ပေမယ့် ထမင်းနေ့ညနပ်မမှန်တော့တဲ့ လူတန်းစားတွေ ပေါ်လာခဲ့ပါတယ်။ ထောက်လှမ်းရေးတွေ တန်ခိုးထွားတဲ့အချိန်ဖြစ်လို့
ထောက်လှမ်းရေးတွေကို ပုခုံးထမ်းထားကြတဲ့ ချဲဒိုင်တွေရဲ့ သြဇာကလည်း ဒေသတွင်းမှာ မသေးလှပါဘူး။ ချဲကြောင့် ချမ်းသာသွားတဲ့လူက လက်ဆယ်ချောင်းမပြည့်ပေမယ့် ဘ၀ပျက်သွားတဲ့လူတွေက စပါးတစ်တင်းစာမကပါဘူး။ ဘ၀ပျက်သွားတဲ့လူတွေထဲမှာ မိသားစုတစ်ခုလုံး ကစဥ့်ကလျားပြိုကွဲခဲ့ရတဲ့ ကျွန်တော်တို့မိသားစုလည်းပါဝင်ခဲ့ပါတယ်။ ဆေးလိပ်ခုံပိုင်ရှင်ဘ၀ကနေ နေ့စဉ်ထမင်းနပ်မှန်ရေးအတွက်
ကိုယ့်ဘာသာဆေးလိပ်လိပ်ပြီး ဈေးမှာပျံကျချရောင်းရတဲ့ဘ၀ထိ ထိုးဆင်းသွားပြီး နောက်ဆုံးမှာတော့ သမီးနှစ်ယောက်ကို မိဘအိမ်မှာအပ်၊ သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော်နဲ့ မိဘနှစ်ပါးဟာ ထိုင်းနိုင်ငံကိုထွက်လာခဲ့ရပါတယ်။ ကျွန်တော့်ဖခင်ဟာ မာန်အောင်ပြန်ချင်တယ်လို့ တဖွဖွပြောရင်း ထိုင်းနိုင်ငံ ချုံဖော်မြို့မှာ ပုဇွန်ကန်အလုပ်သမားဘ၀နဲ့ ပင်ပန်းကြီးစွာ အလုပ်လုပ်ရင်း ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။

ချဲနှိပ်စက်တဲ့ ဒဏ်ရာဒဏ်ချက်တွေ အနာမကျက်သေးတဲ့ မာန်အောင်ကျွန်းကို ခုတစ်ခါ မူးယစ်ဆေးဝါးပြဿနာက ထပ်နှိပ်စက်ဖို့ ၀င်ရောက်လာနေပါပြီ။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော၊ တစ်ကိုယ်ရေ မိသားစုဘ၀ ကောင်းစားဖို့ သွေးဖောက်ကြည့်ရင် ဆွေမျိုးမတော်တဲ့လူ မရှိသလောက်နည်းပါးတဲ့ ကိုယ့်ရပ်ကိုယ့်ရွာကလူတွေကို အသုံးချနေတဲ့ မူးယစ်ဆေးရောင်းချသူတွေ၊ သူတို့ဆီက လိုင်းကြေးတွေနဲ့ ဥပဒေကိုလူမသိအောင် ဖင်ခုထိုင်နေကြတဲ့ ကိုယ်ကျိုးရှာတာဝန်ရှိသူတွေကြောင့် ကျွန်တော်တို့မိသားစုလို ဘ၀ပျက်ရမယ့် မိသားစုတွေ၊ မိဘနဲ့ သေကွဲရှင်ကွဲ ကွဲရမယ့် ခလေးသူငယ်တွေ၊ သားသမီးနဲ့ သေကွဲရှင်ကွဲ ကွဲရမယ့် မိဘတွေ ဘယ်လောက်ထိတောင် ထပ်ပေါ်လာလေမလဲ။ အညွှန့်တလူလူနဲ့ မာန်အောင်ကျွန်းရဲ့ဂုဏ်ကိုဆောင်မယ့် လူငယ်မျိုးဆက်သစ်လေးတွေ ဘယ်လောက်တောင်များ မူးယစ်ဆေးကြောင့် ဘ၀ပျက်၊လူရာမ၀င်တဲ့ အနေအထားကို ရောက်သွားလေမလဲ။ မတွေးရဲစရာပါ။

ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေထဲမှာ ကိုယ့်မာန်အောင်သားထဲက ထိုင်း၊မလေးရှားနဲ့ ဗမာပြည်မမှာ မူးယစ်ဆေးကုန်ကူးသူတွေ၊ မူးယစ်ဆေးရာဇာအဆင့်ထိ ရောက်ပြီး ကြီးပွားသွားတဲ့လူတွေ၊ မူးယစ်ဆေးကုန်ကူးရင် ပစ်သတ်ခံရတဲ့လူတွေ၊ ထောင်ကျသွားတဲ့လူတွေနဲ့ ဆုံခဲ့ဖူးပါတယ်။ အဲတုန်းက ကိုယ့်ရပ်ကိုယ့်ရွာထိ ဒီမူးယစ်ဆေးတွေ ဒုက္ခပေးလာလိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိခဲ့ပါဘူး။ အဲဒီလူတွေဆီကနေ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗဟုသုတ၊အတွေ့အကြုံကို လိုချင်စိတ်သက်သက်နဲ့ ပတ်သက်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း ခုချိန်မှာ ခွင့်မလွှတ်နိုင်လောက်အောင် ရှက်နေမိပါတယ်။

တစ်နယ်လုံးဆွေမျိုးပတ်တော်နေတဲ့ မာန်အောင်လိုမြို့ငယ်လေးမှာ အနာဂတ်ထိဖြစ်လာမယ့် အခြေအနေကို သုံးသပ်ဖို့ထက် တဖက်သားရဲ့ စီးပွားရေးကို ရပ်ဆွေရပ်မျိုးအချင်းချင်း လက်ထောက်ချ တိုင်ကြားဖို့ကို မာန်အောင်ဒေသခံတွေ လက်တွန့်တတ်ကြပါတယ်။ မာန်အောင်မြို့ကနေ
ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ရဲ့ ဒေသအပေါ် အလေးထားမှု မရှိခြင်းဟာလည်း ဒီနေရာမှာ ပေါ်လွင်နေပါတယ်။ ရန်ကုန်အခြေစိုက် နိုင်ငံရေးအင်အားစုတွေထဲက မာန်အောင်သားနိုင်ငံရေး လှုပ်ရှားသူတွေဖက်က ဒေသတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေဆိုးတွေကို
နိုင်ငံတော်အစိုးရကနေ ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ဖို့ သတိထားမိတဲ့အဆင့်ထိရောက်အောင်
နိုင်ငံရေးနည်းလမ်းနဲ့ ထိုးဖောက်တာကိုလည်း ဒီစာရေးနေတဲ့အချိန်ထိ မတွေ့ရသေးပါဘူး။

ဒီဒေသနဲ့ပတ်သက်သူတိုင်းကို မေးခွန်းထုတ်ချင်ပါတယ်။ ဒီဒေသရဲ့ အနာဂတ်ကို ဖျက်လိုဖျက်ဆီးလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား။ ခုချိန်မှာ အဖတ်ဆည်ဖို့ နောက်မကျသေးဘူးလို့ပဲ ပြောချင်ပါတယ်။ မာန်အောင်ကျွန်းကို ချစ်မြတ်နိုးသူတိုင်း မာန်အောင်ကျွန်းကို မူးယစ်ဆေးနွံထဲကနေ ကယ်တင်ဖို့ ကြိုးစားကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

မြတ်သိန်းထွန်း (ဘွရှင်)

အယ်ဒီတာချုပ်

No comments:

Post a Comment