Saturday, February 1, 2014

လူမှု အသိုင်းအဝိုင်း ပဋိပက္ခ ဆိုင်ရာ မီဒီယာ ဖော်ပြချက် များအား သုတေသန တွေ့ရှိချက် ဆွေးနွေး

ရန်ကုန် ဇန်နဝါရီ ၃ဝ
ပဋိပက္ခများ အပေါ် ပြည်တွင်း ပြည်ပ မီဒီယာများ၏ အမြင်များနှင့် သတင်းစာ အရည်အသွေး မြှင့်တင်ရေး တို့အတွက် ပံ့ပိုးပေးရာတွင် အခွင့် အလမ်းနှင့် စိန်ခေါ် မှုများကို ပိုမိုသိရှိ လာစေရန် ရည်ရွယ်၍ မီဒီယာ လုပ်ငန်းဆိုင်ရာ သုတေသန လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသော
Internews ၏ နိုင်ငံစုံ သုတေသန စီမံကိန်း၏ တစ်စိတ် တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ၏ လူမှု အသိုင်းအဝိုင်းကြား ဖြစ်ပွားသည့် ပဋိပက္ခများကို မီဒီယာ များတွင် ဖော်ပြချက်များအား ရက်သတ္တ ရှစ်ပတ်ကြာ စောင့်ကြည့် လေ့လာ ခဲ့ပြီး ရရှိလာသော သုတေသန တွေ့ရှိချက်များ အပေါ် ဆွေးနွေးသည့် ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ရှိ Internews ရုံး၌ ယနေ့ ညနေပိုင်းတွင် ကျင်းပ ခဲ့သည်။
အဆိုပါ သုတေသန တွေ့ရှိချက်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း အွန်လိုင်း မီဒီယာများတွင် ဘာသာကွဲများ အကြား ပိုမိုမုန်းတီး လာစေရန် လှုံ့ဆော် သွေးထိုးမှုများ ရှိကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း များ၏ ခရီးစဉ် များအတွင်း ပဋိပက္ခများ ဖြစ်ပွားစေရန် ဦးတည် လှုံ့ဆော်မှုများ ရှိကြောင်း၊ ပဋိပက္ခ ဦးတည်သော အသုံးအနှုန်းများကို ဖေ့စ်ဘုတ် စာမျက်နှာ အတုများဖြင့် ရေးသား ဖော်ပြမှုများ ရှိရာ နောက်ကွယ်မှ ရှိနေသူကို သိရှိရန် ခက်ခဲကြောင်း၊
ဂျာနယ် များတွင်  ပဋိပက္ခ သတင်းများကို  ကလောင်အမည် သစ်ဖြင့် သုံးစွဲရေးသား တတ်ကြောင်း၊ အစိုးရ သတင်းအရင်း အမြစ်များကို အခြား သတင်း ဂျာနယ် များက အားထားရပြီး ပဋိပက္ခ ဆိုးရွားချိန်တွင် အခြား သတင်း အရင်းအမြစ် များကိုလည်း  ချဲ့ထွင် အသုံးပြုနိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် အကြမ်းဖက် မှုများနှင့် ပတ်သက်၍ အနောက်တိုင်းနှင့် မြန်မာ မီဒီယာ များအကြား ထိခိုက်ခံစား ရသူများနှင့် ကျူးလွန် သူများအပေါ် မတူကွဲပြားစွာ ရေးသား လေ့ရှိကြောင်း၊  သက်တမ်းနု မီဒီယာ လုပ်ငန်းသစ် များက အကြမ်းဖက်မှု သတင်းများကို မျက်နှာဖုံး သတင်းများ အဖြစ် ဖော်ပြ နေကြကြောင်း၊ စောင့်ကြည့် လေ့လာ ခဲ့သည့် ရေဒီယို သတင်းများတွင် ပဋိပက္ခ ဦးတည်သော သတင်း တင်ဆက်မှုများ မတွေ့ရှိ ရကြောင်း တို့ကို ဖော်ပြထားသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ စဉ်အတွင်း အီလက်ထရွန်နစ် မီဒီယာနှင့် ပုံနှိပ် မီဒီယာ အချို့တွင် ပဋိပက္ခနှင့် ပတ်သက်သော ဖော်ပြချက် များကို နှစ်လကြာ စောင့်ကြည့် လေ့လာခဲ့ပြီး ရရှိ လာသော တွေ့ရှိချက် များအပေါ် သတင်းမီဒီယာ လုပ်ငန်းတွင် လုပ်ကိုင်လျက် ရှိသော သတင်းသမားများအား အချက်အလက် များဖြင့် ရှင်းလင်း ဆွေးနွေးကာ တက်ရောက်လာသော သတင်း မီဒီယာ များ မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment