Friday, February 26, 2016

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအကြောင်းတစ်စေ့တစ်စောင်း

(Asian Review ၏ A quick guide
 to Myanmar's military MPs ဆောင်းပါးအား 
ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်)

19-2-2016
လွှတ်တော်နှစ်ရပ်ဖြစ်သည့် ပြည်သူ့

လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ၂၅ ရာခိုင်နှုန်းသော အမတ် နေရာများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီလ ၁၈ ရက်နေ့တွင်
ထုတ်ပြန်ကြေညာခဲ့ပါသည်။
အထက်လွှတ်တော်ဟု ခေါ်ဆိုကြသည့် အမျိုးသားလွှတ်တော်အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး ကို အမည်စာရင်းတင်သွင်းခဲ့ရာ ကြည်းတပ်မှ ၅၂ ဦး၊ ရေတပ်နှင့် လေတပ်တို့မှ ၂ ဦးစီ ပါဝင်ခဲ့ ပါသည်။ အဆင့်သတ်မှတ်ချက်အရ ဗိုလ်ချုပ် ၁ ဦး၊ ဗိုလ်မှူးချုပ် ၆ ဦးနှင့် ဗိုလ်မှူးကြီး ၄ ဦး ပါဝင်ဖွဲ့စည်းထားပါသည်။ ၎င်းင်းအရာရှိကြီးများမှာ စစ်တက္ကသိုလ်(DSA)ဆင်း ၂ ဦး၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း(OTS) ဆင်း ၄ ဦး၊ အလုပ်သင်ဗိုလ်လောင်းသင်တန်း(OTC or Teza) ဆင်း ၅ ဦး တို့ဖြစ်ကြပါသည်။

အဆိုပါ အရာရှိကြီး ၁၁ ဦးတွင် ဗိုလ်မှူးကြီး ၁ ဦးမှလွဲ၍ ကျန်အရာရှိကြီးများအားလုံးသည် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်(NDC)မှ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီးသူများ ဖြစ်ကြပါသည်။ အမျိုးသားလွှတ်တော် ဆိုင်ရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွင် အသစ်ထပ်မံပါဝင်လာသူ ၁၂ ဦးသာ ရှိပါသည်။ ဆိုလိုသည်မှာ ၇၉ ရာခိုင်နှုန်းသော တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ သည် ပထမအကြိမ် လွှတ်တော်များတွင် တက်ရောက်ခဲ့ဖူးသူများဖြစ်ကြပြီး ယခု ဒုတိယအကြိမ်တွင် ပြန်လည်ခန့်အပ်ခံခဲ့ ကြရခြင်း ဖြစ်ပါသည်။ ထိုသို့ ပြန်လည်ခန့်အပ်ခံရသူ ၄၄ ဦးအနက် ၁၁ ဦးသည် ၂၀၁၁ ခုနှစ်ကတည်းက တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအဖြစ် ခန့်အပ်ခံထားရသူများ ဖြစ်ကြပါသည်။ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မတူညီသည့် စစ်ကျောင်းကြီး အသီးသီးမှ တက်ရောက်အောင်မြင် ခဲ့ကြသူများဖြစ်သည့်အားလျော်စွာ မူဝါဒရေးရာကိစ္စရပ်များအပေါ်တွင် မတူညီသည့် အမြင်များရှိနေနိုင်သော်လည်း တပ်မတော်၏ရပ်တည်ချက်အပေါ် ထိခိုက်စေလိမ့်မည် မဟုတ် ပေ။ ဗိုလ်သင်တန်းကျောင်း(OTS) ဆင်းအရာရှိများအနေဖြင့် ၎င်းတို့၏ တက္ကသိုလ်ပညာရေးကို အရပ်ဘက် တက္ကသိုလ်များတွင် အောင်မြင်ပြီးဆုံးခဲ့ပြီးမှသာ တပ်မတော်သို့ ၀င်ရောက်ခဲ့သူများဖြစ်ကြသောကြောင့် အခြေခံပညာအထက်တန်း အောင်မြင်ပြီးဆုံးချိန်မှစ၍ တပ်မတော်သို့ဝင်ရောက်ခဲ့ကြသည့် အခြားစစ် ကျောင်းကြီး အသီးသီးမှ ဆင်းသော အရာရှိများထက် အရပ်သားဘ၀ အတွေ့အကြုံပိုမိုများပြားပါသည်။

အောက်လွှတ်တော်ဟု ခေါ်ကြသည့် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး တက်ရောက်မည်ဖြစ်ရာ ကြည်းတပ်မှ ၉၁ ဦး၊ ရေတပ်မှ ၈ ဦးနှင့် လေတပ်မှ ၁၁ ဦး ပေါင်းစပ် ဖွဲ့စည်းထားပါသည်။ အဆိုပါအစုအဖွဲ့တွင် ဗိုလ်ချုပ်အဆင့် ၂ ဦး၊ ဗိုလ်မှူးချုပ်အဆင့် ၆ ဦး၊ ဗိုလ်မှူးကြီး အဆင့် ၇ ဦး တို့ ပါဝင်ပါသည်။ အဆိုပါအရာရှိကြီး ၁၅ ဦးထဲမှ ၇ ဦးသည် စစ်တက္ကသိုလ်ဆင်းများဖြစ်ကြပြီး ကျန် ၈ ဦးမှာ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းဆင်းများ ဖြစ်ကြပါသည်။ ဗိုလ်သင်တန်းကျောင်းဆင်း အရာရှိကြီးများ ပြည်သူ့ လွှတ်တော်တွင် ပါဝင်ခြင်းမရှိပါ။

အဆိုပါအရာရှိကြီးများတွင် ဗိုလ်မှူးကြီး ၃ ဦးမှလွဲ၍ ကျန်အရာရှိကြီးများအားလုံးသည် နိုင်ငံတော် ကာကွယ် ရေးတက္ကသိုလ်မှ ကာကွယ်ရေးဆိုင်ရာမဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ကြပြီးသူများ ဖြစ်ကြပါသည်။ ဗိုလ်မှူးချုပ် ၃ ဦးနှင့် ဗိုလ်မှူးကြီး ၃ ဦးသည် အသစ်ခန့်အပ်ခံရသည့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြ ပြီး ကျန် ၉ ဦးမှာ ၂၀၁၂ ခုနှစ်မှစ၍ ပြည်သူ့လွှတ်တော်သို့ ရောက်ရှိနေကြသူများဖြစ်သောကြောင့် ဥပဒေ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး ဖြစ်ကြပါသည်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦးအနက် ၄၆ ဦးသည် အသစ်ခန့်အပ်ခံကြရသူများဖြစ်ကြပြီး ၈၅.၁၈ ရာခိုင်နှုန်းသော ကျန်ကိုယ်စားလှယ်များမှာမူ ပြန်လည်ခန့်အပ်ခံကြရသူများ ဖြစ်ကြပါသည်။ ထိုသို့ ပြန်လည် ခန့်အပ်ခံထားရသည့် အရာရှိ ၆၄ ဦးအနက် ၁၀ ဦးသည် ပထမအကြိမ်လွှတ်တော်များ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ကတည်းက တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ခန့်အပ်ခံခဲ့ရသူများ ဖြစ်ကြပါသည်။

ဒုတိယအကြိမ် လွှတ်တော်များသို့ ခန့်အပ်ခံကြရသည့် တပ်မတော်သားကိုယ်စားလှယ်များ အားလုံးသည် အနည်းဆုံးအနေဖြင့် တက္ကသိုလ်ဘွဲ့တစ်ခုရရှိပြီးကြသူများ ဖြစ်ကြပါသည်။ အများစုသည် အင်ဂျင်နီယာ ဘွဲ့နှင့် သိပံ္ပဘွဲ့ရရှိခဲ့ပြီးသူများ ဖြစ်ကြပြီး အချို့သောကိုယ်စားလှယ်အရာရှိများမှာ မဟာဘွဲ့များနှင့် ပါရဂူ ဘွဲ့ရရှိထားသူများ ဖြစ်ကြပါသည်။ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များအဖြစ် တက်ရောက်ကြမည့် အမျိုးသမီးအရာရှိ ၂ ဦးမှာမူ ဆေးဘက်ဆိုင်ရာဆရာဝန်များ ဖြစ်ကြပါသည်။

ခြုံငုံသုံးသပ်ရလျှင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအား ပညာရေးအခြေခံကောင်းမွန်သူများ နှင့် ဥပဒေပြုရေးလုပ်ငန်းစဉ် အတွေ့အကြုံရှိသူများဖြင့် ခန့်ခန့်ညားညား ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ အရာရှိကြီး များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် တက်ရောက်အောင်မြင်ရေးသည် အရေးကြီး ပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါတက္ကသိုလ်တွင် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတကာရေးရာများ သာမက ပြည်သူ့ရေးရာစီမံခန့်ခွဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘာသာရပ်များကိုပါ လေ့လာ သင်ယူကြရခြင်းဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ခြုံငုံသုံးသပ်နိုင်စေပါသည်။ အရာရှိကြီးများအနေဖြင့် မူဝါဒရေးရာကိစ္စရပ်များကို မည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်ဟူသော စံနှုန်းများကို စဉ်းစားရာ၌ အဆိုပါပညာရေးအခြေခံက အထောက် အပံ့ဖြစ်စေမည်မှာ သေချာနေပါသည်။

Maung Aung Myoe

(Maung Aung Myoe, an author and expert on Myanmar military issues, is professor of international relations at International University of Japan.)
-
http://asia.nikkei.com/…/A-quick-guide-to-Myanmar-s-militar…

No comments:

Post a Comment