ရယ်စရာ မဂ္ဂဇင်းမှာ လစဉ် ပုံမှန်ရေးနေကျ နိုင်ငံတကာ ကာတွန်းဆောင်းပါးတွေထဲက ဆေင်းပါး တစ်ပုဒ် ကို ဖော်ပြပေးလိုက်ပါတယ်။
မင်္ဂလာပါခင်ဗျား..။ မိတ်ဆွေတို့ ဟောဒီဆောင်းပါးကို ဖတ်နေတဲ့အချိန်မှာ ကမ္ဘာ့တစ်နေရာ မှာတော့ လက်နက်ကြီးသံ၊ သေနတ်သံ တညံညံ.. ယမ်းခိုးယမ်းငွေ့ တဝေေ၀၊ ကောင်းကင်မှာ လည်း စစ်လေယာဉ်တွေ ပျားပိတုန်းလိုပျံဝဲလို့.. အဲဒီကြားထဲမှာ မနက်ဖြန် အသက်ဆက်ရှင် ဖို့ မျှော်လင့်နေရတဲ့ ဒုက္ခသည်ပေါင်းများစွာ၊ ဘယ်အချိန်အသတ်ခံရမလဲ တွေးကြောက်နေရတဲ့ သုံ့ပန်းပေါင်းများစွာ ရှိနေပါတယ်။ တိတိကျကျပြောရရင် ဆီရီးယား၊ အီရတ် စတဲ့ ဒေသတွေတင် မက အရှေ့ဥရောပ နဲ့ အာရှ အထိပါ ဂယက်ရိုက်နေတဲ့ အစွန်းရောက်အစ္စလာမ် ဂျီဟတ် အကြမ်း
ဖက်သမား (ISIL/ISIS) အဖွဲ့ရဲ့ လက်ချက်ပါပဲ။ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ အစ္စလာမ် နိုင်ငံတော် တည်ထောင်ပြီလို့ IS အဖွဲ့က ကြေငြာခဲ့တာတွေ၊ နေ့စဉ် ရက်ဆက် ဖြစ်ပေါ်နေ တဲ့ တိုက်ပွဲတွေ၊ အသေခံ ဗုံးခွဲမှုတွေ၊ ခေါင်းဖြတ်အသတ်ခံလိုက်ရတဲ့ ဂျာနယ်လစ်တွေ၊ အိုဘားမားတို့ အဖွဲ့ရဲ့ တန်ပြန်လေကြောင်းထိုးစစ်ဆင်နေတာတွေ.. ဒါတွေအားလုံး ကမ္ဘာ့သတင်းစာမျက်နှာထက်မှာ ထိပ်ဆုံးက နေရာယူထားတယ် မဟုတ်ပါလား။ ဒီတစ်လမှာတော့ IS အကြမ်းဖက်အဖွဲ့ ကို စာမျက်နှာထက်က တိုက်ပွဲဝင်နေတဲ့ သတင်းကာတွန်းတွေကို ရွေးချယ်ပေးလိုက်ပါတယ်။ ရှုစားတော်မူကြပါ ခင်ဗျာ။
(ပုံ ၁) IS အကြမ်းဖက်အဖွဲ့ရဲ့ ရက်ရက်စက်စက်လှုပ်ရှားမှုတွေဟာ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ခေါင်းကြီးသတင်း (Headline) ဖြစ်နေတဲ့အကြောင်းကို ကာတွန်းဆရာက သွေးစွန်းတဲ့ဓါးကို TV သတင်းကြေငြာတဲ့ စာတန်းနေရာမှာ ရေးဆွဲထားပြီး ထိထိမိမိ သရုပ်ဖော်ထားပါတယ်။
IS အကြမ်းဖက်အဖွဲ့ အကြောင်းကာတွန်းတွေ မစခင်မှာ ဒီအဖွဲ့က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ။ ဘယ်လိုအကြောင်းအရာတွေက ကမ္ဘာကျော်အကြမ်းဖက်အဖွဲ့ ဖြစ်သွားစေတာလဲ ဆိုတာကို နည်းနည်း တီးမိခေါက်မိ ဖြစ်သွားရလေအောင် အစီအရင်ခံခွင့် ပြုပါခင်ဗျား။ IS ရဲ့ သမိုင်းကို မရှင်းခင်မှာ သိထားသင့်တဲ့ အကြောင်းလေးတွေလည်း ကနဦးနိဒါန်း ပျိုးပါရစေ။ အဲဒါတွေကတော့ အော်တိုမန် အင်ပါယာ(Ottoman Empire)၊ ကာလီဖိတ် (Caliphate) တွေ နဲ့ ဆာလာဖီ ၀ါဒ (Salafi) ပဲ ဖြစ်ပါတယ်။
အော်တိုမန် အင်ပါယာ ။ ။ကမ္ဘာ့သမိုင်းမှာ နှစ်ပေါင်းရာနဲ့ချီပြီးတည်တံ့ခဲ့တဲ့ အင်ပါယာကြီးရှိခဲ့ပါ တယ်။ အဲဒါဟာ တူရကီ မင်းများ ကြီးစိုးခဲ့တဲ့ အစ္စလာမ္မစ် အော်တိုမန်အင်ပါယာ (Ottoman Empire) ပါပဲ။ အစ္စလာမ္မစ် စစ်သည်တော်တွေဖြစ်တဲ့ ဂါဇီ (Ghazi) လို့ခေါ်တဲ့ တူရကီ သူရဲကောင်းတွေဟာ မွန်ဂို နဲ့ ခရစ်ယာန်ဘိုင်ဇန်တိုင်း (Byzantine) အင်ပါယာ တစ်ခေတ်ကို ခရစ်သက္ကရာဇ် ၁၃၀၀ ပတ်ဝန်းကျင်မှာကတည်းက အဆုံးသတ်ခဲ့ပြီး အော်စမန်ဘုရင်တွေ ရဲ့ အော် တိုမန် အင်ပါယာကို တည်ထောင်နိုင်ခဲ့ပါတယ်။ အော်တိုမန်အင်ပါယာ ခေတ်ဟာ ၁၂၉၉ ခုနှစ်ကနေ ၁၉၂၃ ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။ ဆီးရီးယား၊ အစ္စရေး၊ အီဂျစ်၊ လစ်ဗျား စတဲ့ နေ ရာတွေကနေ မြေထဲပင်လယ်၊ ပင်လယ်နီကို ဖြတ်လို့ တူရကီ၊ ရုရှ နယ်စပ်အထိ (ဥရောပ) အထိအောင် ကျယ်ပြန့်တဲ့အင်ပါယာ ဖြစ်ပါတယ်။
(ပုံ ၂၊ အော်တိုမန် အင်ပါယာ အကျယ်အ၀န်း)
အော်တိုမန်အင်ပါယာ အစဉ်အဆက်ကို အစ္စလာမ် မင်း (ဆူလတန်) များကြီးစိုးပြီး အစ္စလာမ္မစ် ရှီးယားရား (Sharia) ဥပဒေ နဲ့ အုပ်ချုပ်ပါတယ်။ (၁၈၇၆ ကနေ ၁၈၇၈ အထိ၊ တဖန် ၁၉၀၈ ကနေ ၁၉၂၀ အထိ ကိုတော့ အခြေခံဥပဒေ ပြဌာန်းပြီး လွှတ်တော်စနစ် ကျင့်သုံးခဲ့တယ်လို့ သိရပါတယ်) နှစ်ပေါင်း ခြောက်ရာလောက် တည်တံ့ခဲ့တဲ့ အင်ပါယာကြီး ဖြစ်တာနဲ့အညီ စစ်အင်အား တောင့်တင်းသလို (နှစ်ခြောက်ရာအတွင်းမှာ ဥရောပ ခရူးဆိတ်စစ်သား တွေနဲ့ ဘာသာရေးစစ်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ရပါတယ်) စီးပွားရေး လည်း ဖွံဖြိုးတဲ့ အင်ပါယာဖြစ်ပါတယ်။ ၁၉၀၈ ခုနှစ် မှာ အော်တိုမန် အင်ပါယာ နယ်နိမိတ်အတွင်း တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားခဲ့တဲ့အပြင် စစ်ပွဲပေါင်းများစွာ ရှုံးနိမ့်ခဲ့ရပြီး ဘော့စနီးယား ဟာဇီဂိုဘီးနား စတဲ့ ဒေသတွေအပါအ၀င် နယ်မြေအများအပြား လက်လွှတ်ခဲ့ရပါတယ်။ ၁၉၁၄ ပထမကမ္ဘာစစ် ဖြစ်တဲ့အချိန်မှာတော့ အော်တိုမန်အင်ပါယာ ပျက်စီးခဲ့ရပါတယ်။ ၁၉၁၈ အောက်တိုဘာ ၃၀ မှာ ဗြိတိန် နဲ့ အော်တိုမန် အင်ပါယာ ဟာ မူဒရို (Mudros) နားလည်မှုစာချုပ်ချုပ်ဆိုပြီး အရှုံးပေးခဲ့ရပါတယ်။ အော်တိုမန် အင်ပါယာ ရဲ့ နေရာဒေသ အားလုံးလိုလိုဟာလည်း ဗြိတိန်ရဲ့ သြဇာခံ အဖြစ် လွှဲပြောင်းပေးလိုက်ရပါတော့တယ်။ ၁၉၂၃ အောက်တိုဘာ ၂၄ မှာတော့ တူရကီနိုင်ငံအဖြစ်ကြေငြာပြီး အော်တိုမန်အင်ပါယာ အဆုံးသတ်လိုက်ရပါတော့တယ်။
ကာလီဖိတ် (Caliphate) ။ ။ အစ္စလာမ်ဘာသာရဲ့ အုပ်ချုပ်မှုဓလေ့ထုံးစံမှာ အလ္လာအရှင်မြတ်ရဲ့ တမန်တော် အဖြစ်ဆက်ခံသူ ကို ကာလစ်ဖ် (Caliph) လို့ ခေါ်ပါတယ်။ ဘာသာရေး၊ နိုင်ငံရေး စတဲ့ ရောပြွမ်းတဲ့အုပ်ချုပ်မှုပုံစံ နဲ့ ဖွဲ့စည်းထားတဲ့ အစ္စလာမ် အဖွဲ့အစည်း၊ နိုင်ငံ၊ ဒေသ ကို ကာလီဖိတ် (Caliphate) လို့ ခေါ်ပါတယ်။ အော်တိုမန် အင်ပါယာ ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင် (စူလတန်) တွေဟာ ကာလစ်ဖ် အဖြစ် အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ အော်တိုမန်အင်ပါယာ ပျက်စီးပြီးနောက်ပိုင်း မှာတော့ ကာလီဖိတ်စနစ်လည်း အလိုအလျောက် တိမ်မြုပ်ပျောက်ကွယ်သွားခဲ့ရပါတော့တယ်။
ဆာလာဖီဝါဒ (Salifi) ။ ။ တမန်တော်မိုဟာမက် မိန့်ဆိုခဲ့ဘူးတဲ့ အဆိုအမိန့်တွေထဲမှာ တမန်တော်ရဲ့ ခေတ်ပြိုင်မျိုးဆက်၊ အဲဒီမျိုးဆက် ကို ဆက်ခံတဲ့ ဒုတိယမျိုးဆက်၊ အဲဒီမျိုးဆက်ကို ဆက်ခံတဲ့ တတိယမျိုးဆက်.. ဒီမျိုးဆက်သုံးဆက်ဟာ အစ္စလာမ်ဘာသာ အတွက် အကောင်းဆုံးစံနမူနာပြ မျိုးဆက်တွေလို့မိန့်ဆိုခဲ့ဘူးပါတယ်။ ဒီမျိုးဆက်တွေကို ဆာလက်ဖ် (Salaf) လို့ ခေါ်ဆိုပါတယ်။ ဆာလက်ဖ်တွေရဲ့ အပြုအမူ၊အကျင့်အကြံ၊အတိုင်း လိုက်နာကျင့်သုံးတာဟာ ဆာလာဖီဝါဒ၊ ဆာလာဖီလှုပ်ရှားမှုစသဖြင့် ခေါ်ဆိုကြပါတယ်။ အစ္စလာမ်ဘာသာရဲ့ ရှေးအကျဆုံးအကျင့်အကြံ၊ အတွေးအခေါ်တွေ ကို လိုက်နာကျင့်သုံးတဲ့ဝါဒကို ဆာလာဖီဝါဒ လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။
သမိုင်းပညာရှင်တွေကတော့ ဆာလာဖီဝါဒ ဟာ တင်းကြပ်တဲ့ အစ္စလာမ်ဥပဒေကို အခြေခံထားပြီး အစွန်းရောက်ဂျီဟတ်ဝါဒီတွေအများဆုံး ကျင့်သုံးတယ်လို့ ထင်မြင်ချက်ပေးကြပါတယ်။ ကမ္ဘာပေါ်မှာ ဆာလာဖီဝါဒ အဖွံဖြိုးဆုံးတိုင်းပြည်တွေဟာ ကာတာ၊ ယူအေအီး နဲ့ ဆော်ဒီအာရေဗျ တို့ပဲဖြစ်ပါတယ်။
IS (Islamic State of Iraq and the Levant) အဖွဲ့ဟာ ဆာလဖီဝါဒကို ကိုင်စွဲထားပြီး အော်တိုမန်အင်ပါယာလို အစ္စလာမ် နိုင်ငံတော်ကြီးတည်ထောင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ (ဒါကြောင့် ဆာလာဖီဝါဒ နဲ့ အော်တိုမန် အင်ပါယာ အကြောင်း၊ ကာလီဖိတ်တွေ အကြောင်းကို ကျွန်တော် နိဒါန်းချီခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ) စတင်ဖွဲ့စည်းချိန်မှာတော့ အီရတ်အခြေစိုက် ဂျီဟတ်အကြမ်းဖက် အဖွဲ့အစည်းငယ်မျှသာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ အိုစမာဘင်လာဒင် ရဲ့ အယ်ကေးဒါး အဖွဲ့နဲ့ပူးပေါင်းခဲ့ပါတယ်။ အဲဒီနောက်မှာ မူဂျာဟစ်ဒင်ရှီးရားယား ကောင်စီ ဆိုပြီး တခြား အကြမ်းဖက် ဘာသာရေးအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ထပ်မံ ပူပေါင်းပြီး အင်အားကြီးမားလာပါတယ်။ စတင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင် ဇာကာဝီ သေဆုံးပြီးတဲ့နောက်မှာ မူဂျာဟစ်ဒင်ရှီးရားယား ကောင်စီ ဟာ Islamic State of Iraq (အီရတ်အစ္စလာမ္မစ် နိုင်ငံတော်) အဖြစ် ကြေငြာပြီး ပိုမိုအင်အားကြီးထွားလာခဲ့ပါတော့တယ်။ နောက်ပိုင်းမှာ အီရတ်တင်မကပဲ ဆီးရီးယား၊ ဂျော်ဒန် စတဲ့ အော်တိုမန် အင်ပါယာ ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေတွေအားလုံးပြန်လည်သိမ်းပိုက်ပြီး ကြီးမားတဲ့ အစ္စလာမ္မစ် အင်ပါယာတည်ထောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ Islamic State of Iraq and the Levant (ISIL) အဖြစ် ပြောင်းလဲခေါ်ဝေါ်ရင်း ဆီးရီးယား ကို စတင်ထိုးဖောက်တိုက်ခိုက်ပါတော့တယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း တွေက ISIL ကို အကြမ်းဖက်အဖွဲ့အစည်း အဆင့် မကတော့တဲ့ စစ်တပ်တစ်ခု အသွင်ဆောင်လာနေကြောင်း သုံးသပ်လာကြပါတော့တယ်။
IS အဖွဲ့ ဟာ ဆီးရီးယား၊ တူရကီ နဲ့ အီရတ်နိုင်ငံတွေထဲကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်တဲ့အခါ စစ်သားတွေသာမက အရပ်သားတွေကိုပါ အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ အချို့ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျေးကျွန်အဖြစ်အသုံးပြုခဲ့ရုံမျှမက ဖမ်းဆီးသတ်ဖြတ်တာတွေပါ လုပ်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်ဖြစ်နေစေကာမူ IS အဖွဲ့နဲ့ မပူးပေါင်းတဲ့အတွက် ပလီဆရာတွေကိုပါ သတ်ဖြတ်ခဲ့ပါတယ်။ IS အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်လာနေတဲ့ အကြောင်း အီတလီကာတွန်းဆရာ Paolo Lombardi က အခုလိုရေးဆွဲထားပါတယ်။
(ပုံ ၃)
၂၀၁၄ ဇွန်လ ၂၉ ရက်မှာတော့ IS အဖွဲ့ရဲ့ ခေါင်းဆောင်
![](https://scontent-b-kul.xx.fbcdn.net/hphotos-xpf1/v/t1.0-9/s180x540/1476372_534819973320610_941191678530552929_n.jpg?oh=6ffad5cbe7e7174fca3c5fe7d84eb45c&oe=5509249F)
တမန်တော် (Caliphate) အဖြစ်ကြေငြာဖွဲ့စည်းပြီး ဇူလိုင် ၂ ရက်နေ့မှာ အစ္စလာမ် ကမ္ဘာကြီး တည်ထောင်ဖို့ တစ်ကမ္ဘာလုံးက မူဆလင်တွေဟာ သူ့ကို လာရောက်ပူးပေါင်းဖို့နဲ့ သူ့ရဲ့အမိန့်ကို နာခံကြရမယ် လို့ ကြေငြာခဲ့ပါတယ်။ အိန္ဒိယ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေအပြင် အင်္ဂလန်၊ သြစတြီးယား စတဲ့ နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်အချို့ကလည်း IS အဖွဲ့နဲ့သွားရောက်ပူးပေါင်း ကြတဲ့အတွက် IS အဖွဲ့ဟာ အင်အားပိုမိုကြီးမားလာပါတော့တယ်။ ဒီကြေငြာချက်ကြောင့် အမေရိကန်အပါအ၀င် IS နဲ့ ရင်ဆိုင်နေတဲ့ နိုင်ငံအသီးသီးဟာ IS ကို ချေမှုန်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရပါတော့တယ်။ ပြောက်ကျားစနစ်ရော၊ သမရိုးကျတိုက်ခိုက်တဲ့နည်းစနစ်ရော၊ နှစ်မျိုးလုံး ရောမွှေပြီး တိုက်ခိုက်နေတဲ့အပြင် များပြား ပြန့်ကျဲနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အပြီးသတ် တိုက်ခိုက်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။
(ပုံ ၄) အမေရိကန်အပါအ၀င် ခေါင်းဆောင်တွေက IS ကို တိုက်ခိုက်ဖို့ ကြိုးပမ်းရတာဟာ မျက်လုံးကို အ၀တ်စည်းပြီး ခေါင်းအုံးရိုက်နေရသလိုအဖြစ်မျိုးကြုံနေရတဲ့အကြောင်း ကာတွန်းဆရာ Ramses Morales Izquirerdo က အခုလို ပုံဖော်ရေးဆွဲထားတာဖြစ်ပါတယ်။
(ပုံ ၅) ဒီတစ်ပုံမှာလည်း IS အဖွဲ့ကို သုတ်သင်ချေမှုန်းဖို့ အမေရိကန် သမ္မတ အိုဘားမား က I Don’t Have a Strategy ကျွန်တော့မှာ နည်းဗျူဟာ မရှိဘူး လို့ ပြောနေတဲ့အချိန် တစ်ဘက်က ကာတွန်းကွက်မှာတော့ WE DO တို့မှာရှိတယ်ရယ်လို့ ခေါင်းဖြတ်တဲ့ ဓါးကို ကိုင်ထားတဲ့ အကြမ်းဖက်သမားက ပြောနေတဲ့ဟန် ထိထိမိမိရေးထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကတော့ IS အကြမ်းဖက်အဖွဲ့ရဲ့ လက်ချက်ကြောင့် ၂၀၁၄ ဇူလိုင်လကုန်အထိ လူပေါင်း ၁၇၃၇ သေဆုံးခဲ့ရပြီး ၁၁၈၆ ယောက်ဟာ အရပ်သားများဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ လက်တွေ့မှာတော့ အဲဒီခန့်မှန်းအရေအတွက်ထက်ကို ပိုပြီးများနေနိုင်တယ် လို့ သုံးသပ်ပြောဆိုကြပါတယ်။ လတ်တလော ကမ္ဘာကြီးမှာ သတ္တန္နရကပ် ခေါ်ရမယ့် လက်နက်ဘေးကြုံနေရသလို အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ရောဂါန္နရကပ်လည်း တစ်ချိန်တည်းမှာ ဆိုက်ရောက်နေရတာ ဖြစ်ပါတယ်။ သတင်းခေါင်းကြီး နှစ်ခုကို ရောမွှေပြီး ကာတွန်းဆရာ Sherif Arafa က အခုလိုရေးဆွဲထားပါတယ်။
![](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-xpa1/v/t1.0-9/s720x720/10676134_534821419987132_5489965209102834508_n.jpg?oh=4a352b3d939839e7920df9012ba6ea11&oe=54FE9C59&__gda__=1426896831_7c439d61b05e0bdf590a63ef865d2d8a)
အီဘိုလာရောဂါကို သုတေသနပြုနေတဲ့ ဆရာဝန်ခမျာ အဏုကြည့်မှန်ဘီလူးမှာ သူမြင်လိုက်ရ တဲ့ မြင်ကွင်းကြောင့် အံ့အားသင့်သွားလေရဲ့။ ကြည့်ပါဦးဗျာ..။ အဏုကြည့် မှန်ဘီလူးထဲမှာ အကြမ်းဖက်သမားတွေလို ဒီဇိုင်းနဲ့ အီဘိုလာဗိုင်းရပ်တွေ Ebola State ဆိုပြီး ကြေငြာ အောင် ပွဲခံနေကြလေရဲ့။ ဟုတ်ပါရဲ့..။ အစွန်းရောက် IS အကြမ်းဖက် အဖွဲ့ဟာ အီဘိုလာ ဗိုင်းရပ်စ်ပိုးလိုပဲ ကူးစက်ပြန့်နှံ့ လွယ်သလို အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတယ်လေ။
IS အဖွဲ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ် ဥပုသ်ကာလဖြစ်တဲ့ ရာမာဒန် ဥပုသ် ကာလ (အစ်ဒ်နေ့) မှာ အစ်ဒ်နေ့အထိမ်းအမှတ်အဖြစ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ ဗီဒီယို ကို အင်တာနက်မှာ လွှင့်တင်ခဲ့ပါတယ်။ IS အဖွဲ့ရဲ့ သရုပ်ကို ကာတွန်းဆရာ KORN က မိစ္ဆာ တစ်ကောင်အဖြစ် ကာတွန်းရေးဆွဲခဲ့ပါတယ်။
![](https://scontent-a-kul.xx.fbcdn.net/hphotos-xpa1/v/t1.0-9/s720x720/10628595_534821663320441_1106235150711154957_n.jpg?oh=16f5d9c9a08b5d47e27de001b466c669&oe=55191041)
IS အဖွဲ့ဟာ အီရတ်နိုင်ငံထဲက ရာဇီဒီ လူမျိုး တွေကို အစ္စလာမ်ဘာသာ အတင်းအကြပ်ပြောင်းစေခဲ့ပါတယ်။ အမျိုးသမီး ၅၀၀ ကျော်ကို ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့ကြပါတယ်။ အိမ်ထောင်သည် အမျိုးသားနဲ့ ယောက်ျား ၁၀၀ ကျော်ကို သတ်ဖြတ်ခဲံပါတယ်။ အစာငတ်ရေငတ် ဖြစ်ပြီး ကလေးငယ်ပေါင်း ၅၀ ကျော်သေဆုံးခဲ့ရပါတယ်။ ရာဇီဒီ လူမျိုးတွေဟာ အိမ်ကို စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရပါတယ်။ သြဂုတ်လ ၆ ရက်နေ့ သတင်းဟာ သွေးပျက်စရာကောင်းလှပါတယ်။ ရာဇီဒီ လူမျိုး ၅၀ ကျော်က ဒိုလား ရွာပြင်မှာ၊ ၁၀၀ ကျော်က ခါနာစွာ ရွာထဲမှာ၊ ၃၀၀ နီးပါးက ဟာဒန်း ဒေသမှာ၊ ရွာအထွက်လမ်းတလျောက်မှာ ပြန့်ကျဲနေတဲ့ အလောင်းပေါင်း ၂၀၀ ကျော် ရှိပြီး တောတွေကြား ထဲ ပုန်းအောင်းနေတဲ့ ကလေးငယ် ၂၀၀ လောက်ဟာ အစာရေစာ ငတ်မွတ်ပြီး သေဆုံးကုန်ကြပါတယ်။ တစ်နေ့တည်း လူပေါင်း ထောင်ဂဏန်းနီးပါး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ (ကုလသမဂ္ဂက သြဂုတ်လ အကုန်မှာ ထုတ်ပြန်တဲ့ စာရင်းအရ ရာဇီဒီ အရပ်သား ၅၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရာဇီဒီ အမျိုးသမီးနဲ့ ကလေး ၇၀၀၀ ကျော် ဖမ်းဆီးခံရပါတယ်။) သြဂုတ် ၈ ရက်နေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားက IS အဖွဲ့ကို လေကြောင်းအရ ထိုးစစ်ဆင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ သြဂုတ် ၁၇၊ ၁၈ ရက်တွေမှာ ဆီးရီးယားလေတပ်နဲ့ အမေရိကန် လေတပ်ပူးပေါင်းတပ်ဖွဲ့တွေဟာ IS အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ IS အဖွဲ့ရဲ့ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း ထောက်ပံ့ရေးစခန်းတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် IS အဖွဲ့ကို ထိထိရောက်ရောက် မခြေမှုန်းနိုင်ခဲ့ပါဘူး။
![](https://scontent-a-kul.xx.fbcdn.net/hphotos-xpf1/v/t1.0-9/s720x720/1610846_534821856653755_8758847163356566673_n.jpg?oh=5238e59d15a4da442e32b76ab1f33d80&oe=55183DCB)
IS အဖွဲ့ရဲ့ အင်အားဟာ ဆီးရီးယား နိုင်ငံတွင်းမှာ ၅ သောင်းကျော်ရှိကြောင်း သတင်းတွေထွက်လာပါတယ်။ နာမည်ကျော် အကြမ်းဖက်အဖွဲ့ အယ်ကေဒါ ကိုယ်တိုင်က IS အဖွဲ့နဲ့ သက်ဆိုင်မှု မရှိတော့ကြောင်း ကြေငြာခဲ့တဲ့အပြင် အစ္စလာမ်နိုင်ငံတော် ကြေငြာချက်ကို ကန့်ကွက်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ၀င်ရိုးတန်းမိစ္ဆာလို့ အမေရိကန် က အမည်တပ်ခဲ့တဲ့ အစ္စလာမ်နိုင်ငံတွေ၊ အီရတ် နိုင်ငံက စေတန်ကြီး ရယ်လို့ အမည်တပ်ခံထားရတဲ့ အမေရိကန် နိုင်ငံတို့ဟာ IS အဖွဲ့ကိုတော့ ၀င်မလာရအောင် အတူပူးပေါင်းပြီး ကြိုးပမ်းနေရပြီဖြစ်ပါတယ်။
![](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/10685375_534822079987066_1775555945232324676_n.jpg?oh=677688423590b384f9d0e45b2c7efdcc&oe=5506AECC&__gda__=1426004752_707ea1e7d6c59140526b80bc654df742)
သြဂုတ်လ ၁၉ ရက်နေ့မှာတော့ IS အဖွဲ့ က ဖမ်းဆီးထားတဲ့ အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေး ကို ခေါင်းဖြတ်သတ်ဖြတ်တဲ့ ဗီဒီယိုဖိုင် ထွက်လာပါတော့တယ်။ ဗီဒီယိုထဲမှာ IS အကြမ်းဖက်သမားက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့ လုပ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံသားတွေ အခုလို သတ်ဖြတ်ခံရမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတ အိုဘားမားအတွက်တော့ ခုလို ‘ဒဲ့’ စိန်ခေါ် ခံလိုက်ရတဲ့အတွက် အမေရိကန် ဂျာနယ်လစ်တွေကို ကယ်တင်ဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်ဖို့ ကြိုးပမ်းရပါတော့တယ်။ ဒီကြားထဲမှာပဲ IS အဖွဲ့က အမေရိကန် ဂျာနယ်လစ် နောက်တစ်ဦးဖြစ်တဲ့ စတီဗင် ဆော့လော့ဖ် ကို စက်တင်ဘာ ၂ ရက်နေ့မှာ ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပြန်ပါတယ်။ ဒါ့အပြင် IS အဖွဲ့ဟာ စက်တင်ဘာ ၁၃ ရက်နေ့မှာ ဗြိတိန် နိုင်ငံသား လူမှုရေးလှုပ်ရှားသူ ဒေးဗစ် ကော့သရုန်း ဟိန်းစ် ကိုလည်း ခေါင်းဖြတ်သတ်ဖြတ်တဲ့ ဗီဒီယို ထုတ်ပြန်ရင်း ဗြိတိန်အစိုးရကို စိန်ခေါ်ပြောကြားခဲ့ပါတော့တယ်။
![](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-xpf1/v/t1.0-9/10151255_534822286653712_6684572975608142723_n.jpg?oh=289b5c2d55a1100033abb55871a32c68&oe=55059DB3&__gda__=1427398617_1101f6fc7a6b4d5cfe8f13fe375cfe65)
![](https://scontent-b-kul.xx.fbcdn.net/hphotos-xfp1/v/t1.0-9/s720x720/10624975_534822476653693_9162797553499927050_n.jpg?oh=55cd69b76db5d8d42130d2fc33f0778c&oe=55197887)
![](https://scontent-b-kul.xx.fbcdn.net/hphotos-xpa1/v/t1.0-9/s720x720/10308589_534822683320339_9205003351385297784_n.jpg?oh=794fc1c814e0408f5ed71a324db8e5de&oe=5501B01A)
စက်တင်ဘာ ၁၂ ရက်နေ့မှာ IS အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူမိုဟာမက် အယ် အက်နာနီ က တစ်ကမ္ဘာလုံးက မူဆလင်တွေဟာ မူဆလင်မဟုတ်သူတွေကို သတ်ဖြတ်ပစ်ရမယ်လို့ ကြုံးဝါးပြောကြားခဲ့ပါတယ်။ အိုဘားမားရဲ့ လေကြောင်းတိုက်ခိုက်မှုကိုလည်း မစ်ဆိုင်း ဒုံးကျည်တွေပါ အသုံးပြုပြီး IS အဖွဲ့ကို ချေမှုန်းပစ်ဖို့ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ပါတော့တယ်။ စက်တင်ဘာ ၂၉ ရက်နေ့မှာ IS အဖွဲ့က နောက်ထပ် အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဂျွန်ကန်တိုင်းကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြန်ပါတယ်။
![](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xfp1/v/t1.0-9/s720x720/10403693_534823099986964_4796832373219330996_n.jpg?oh=deb522b1bdb29c6bce5e6db3e9087f71&oe=5520342E&__gda__=1426030366_0cfb77affbb24e521ef0c4db845bdc4d)
စက်တင်ဘာလ တစ်လအတွင်းမှာ IS အဖွဲ့ရဲ့ လက်ချက်ကြောင့် လူပေါင်း ၁၁၀၀ ကျော် သတ်ဖြတ်ခံရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်းမှာတော့ တူရကီ၊ သြစတြေးလျ နိုင်ငံတွေပါ IS ကို တိုက်ခိုက်ရာမှာ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ IS အဖွဲ့ရဲ့ ခေါင်းဖြတ်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကတော့ ရပ်တန့်မသွားပါဘူး။ အောက်တိုဘာ ၃ ရက်နေ့မှာ ဗြိတိန် လူမှုရေးဝန်ထမ်း အလန်ဟန်းနင်းကို ထပ်မံ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါတယ်။
IS အဖွဲ့ လှုပ်ရှားနေတဲ့ ဆီးရီးယား၊ အီရတ် တ၀ိုက်မှာ သက်ဆိုင်ရာ နိုင်ငံအသီးသီးက စစ်တပ်တွေအပြင် ဆီးရီးယား (အစိုးရ ကို ဆန့်ကျင်တဲ့) အဖွဲ့၊ ကဒ် အဖွဲ့၊ အီရတ်အဖွဲ့ စတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမြောက်အမြားရှိနေပါသေးတယ်။ သမ္မတ အိုဘားမား ဟာ တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးအဖြစ် IS ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကို စစ်ရေးအရ အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိုဘားမား ရဲ့ ပေါ်လစီဟာ အချိန်မရွေး အသွင်ပြောင်းသွားနိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကြောင့် နောင်တစ်ချိန်မှာ စိတ်မချရနိုင်ဘူး လို့ ဝေဖန်ကြပါတယ်။ အိုဘားမားရဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ချင်တဲ့ သဘောထားကို ကာတွန်းဆရာက ခုလို ဝေဖန်ထားပါတယ်။
![](https://scontent-a-kul.xx.fbcdn.net/hphotos-xap1/v/t1.0-9/10373952_534823519986922_2014314196908702018_n.jpg?oh=5cb1e87f1721c60983aac0b76ccfb6ba&oe=54FFF36A)
IS အဖွဲ့ဟာ ဓါးပြတိုက်၊ ပြန်ပေးဆွဲတာအပြင် အီရတ်အခြေစိုက် အဖွဲ့အစည်းတစ်ချို့ရဲ့ ငွေကြေးကူညီ ထောက်ပံ့မှုကို ရရှိထားတယ်လို့ ဆိုကြပါတယ်။ IS အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ရေနံတွင်းတွေ၊ ရေနံချက်စက်ရုံတွေ ပိုင်ဆိုင်ထားပြီး အဲဒီစက်ရုံတွေကတဆင့် ၀င်ငွေတွေလည်း ရရှိနိုင်တဲ့အပြင် IS အဖွဲ့ လည်ပတ်ဖို့ စက်သုံးဆီတွေကို အပူအပင်ကင်းကင်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် အီရတ်နိုင်ငံ အတွင်းက မိုဆူး (Mosul)မြို့ ဗဟိုဘဏ်အပါအ၀င် IS အဖွဲ့သိမ်းပိုက်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်း ရုံးစိုက်ရာဒေသ တွေမှာ IS အဖွဲ့အတွက် ငွေကြေး လုံလုံလောက်လောက် ရရှိခဲ့ပါတယ်။ အီရတ်နိုင်ငံ မိုဆူး ဘဏ်ကို သိမ်းပိုက်ခဲ့တဲ့ အတွက် IS အဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၄၂၉ သန်းကျော် ရရှိခဲ့ပြီး ဘဏ်ထဲမှာ သိမ်းဆည်းထားတဲ့ ရွှေတုံးတွေပါ သိမ်းပိုက်ရယူနိုင်ခဲ့တယ် လို့ ဆိုပါတယ်။ ၂၀၁၄ ဇွန်လပတ်ဝန်းကျင် မှာ တွက်ချက်ထားတဲ့ စာရင်းတွေအရ IS အဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ ထောင်ကျော်၊ မြန်မာငွေ ကုဋေ ၂ သိန်းကျော်) ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်မှာ အကြွယ်ဝဆုံး ဂျီဟတ် အကြမ်းဖက်အဖွဲ့ပါပဲတဲ့ ခင်ဗျာ။ ကာတွန်းဆရာ Taher Shabani ကတော့ IS အဖွဲ့ကို အစ္စလာမ်ရေနံသူဌေးတွေက ထောက်ပံ့ပေးထားတယ်လို့ ထောက်ပြရေးဆွဲထားပါတယ်ခင်ဗျား။
![](https://scontent-b-kul.xx.fbcdn.net/hphotos-xap1/v/t1.0-9/10675747_534823886653552_3213455622562475174_n.jpg?oh=67ec56454cc3e51a566aabdbbc36632b&oe=551E9D07)
IS ကို စစ်ဆင်နေတဲ့ စစ်ဆင်ရေးကို နိုင်ငံအသီးသီးက ပါဝင်လာသလို IS အဖွဲ့ထဲကိုလည်း လူအင်အား အသစ်တွေ ထပ်ပြီးတော့ ၀င်ရောက်နေပါသတဲ့။ အောက်တိုဘာ တစ်လ ထဲမှာကိုပဲ IS အဖွဲ့ထဲကို လူအင်အား ၁၅၀၀၀ ကျော် ထပ်မံ ပူးပေါင်းခဲ့ပါသတဲ့။ အခုဒီဆောင်းပါးရေးနေတဲ့ အချိန်အထိ IS အကြမ်းဖက် အစွန်းရောက်အဖွဲ့ကလည်း ကားမိုင်းခွဲလိုက်၊ လူသတ်လိုက်၊ ဗုံးထောင်လိုက်၊ လုပ်နေတုန်း၊ IS ကို တိုက်ခိုက်တဲ့ အဖွဲ့တွေကလည်း တန်ပြန်တိုက်ခိုက်နေရတုန်း..။ ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ စာရင်းတွေအရ အောက်တိုဘာ လအတွင်း IS ကြောင့် သေဆုံးသူ ၁၂၇၃ ယောက်ရှိပါသတဲ့။ IS နဲ့ အီဘိုလာ ဟာ မကောင်းဆိုးဝါး အမျြွှာ ညီအစ်ကို တွေပါပဲ လို့ ကာတွန်းဆရာက ရေးဆွဲပြထားပါတယ်။
![](https://scontent-b-kul.xx.fbcdn.net/hphotos-xap1/v/t1.0-9/1507083_534824166653524_6235988124638311408_n.jpg?oh=db6f2e30f640f5aff525d15b2fefaf5b&oe=551FEBF1)
IS အကြမ်းဖက်အဖွဲ့ကို အစ္စလာမ်ဘာသာဝင်တွေကလည်း လက်မခံကြပါဘူး။ IS အဖွဲ့ဟာ အစ္စလာမ်ဘာသာ ကို အကြမ်းဖက်တဲ့ဘာသာ ရယ်လို့ အထင်အမြင်လွဲအောင် လုပ်ဆောင်နေတာဖြစ်လို့ ကမ္ဘာအသီးသီးက အစ္စလာမ် အဖွဲ့အစည်းအသီးသီးကလည်း ကြေငြာချက်တွေ ထုတ်ပြန်ကြပါတယ်။ ဒါပေမယ့်လည်း IS အဖွဲ့ကတော့ သူတို့ရဲ့ အစ္စလာမ် ကမ္ဘာကြီး၊ တည်ထောင်ဖို့ အစ္စလာမ် နိုင်ငံတော်ကြီး တည်ထောင်ဖို့ ကြိုးပမ်းနေကြဆဲပါပဲ။ ၂၀၁၄ တစ်နှစ်လုံးမှာ တရားဝင်ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ IS အဖွဲ့ဟာ အပြစ်မဲ့ အရပ်သားတွေ သောင်းနဲ့ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေ၊ ဒဏ်ရာ ရတဲ့သူတွေ၊ စာရင်းပေါင်းလိုက်ရင် သိန်းနဲ့ချီတဲ့ ပမာဏ အထိ ရှိနိုင်ပါတယ်။ IS အဖွဲ့ရဲ့ ရပ်တည်ချက်အတိုင်း စစ်ဆင်ရေးတွေ ထပ်လုပ်နေဦးမယ် ဆိုရင်တော့ သူမျှော်မှန်းထားတဲ့ အစ္စလာမ်ကမ္ဘာကို မတည်ထောင်ခင် တစ်ခြမ်းပဲ့နေတဲ့ ကမ္ဘာကြီး အဖြစ်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ကျွန်တော်ရေးထားတဲ့ ကာတွန်းကို ကမ္ဘာတစ်ဝှမ်းက ကာတွန်းဆရာတွေရဲ့ website ဖြစ်တဲ့cartoonmovement.com မှာ ဖော်ပြထားပါတယ်။
![](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xap1/v/t1.0-9/s720x720/10690102_534824523320155_2581925947502547809_n.jpg?oh=f55a01852536d513695b745ab6c72ab1&oe=550E9B3C&__gda__=1426769762_312bc2ca5d9541a6023e401b21d89ead)
ဒီဆောင်းပါးကို ဒီနေရာမှာပဲ လက်စသတ်လိုက်ပါတယ်ခင်ဗျာ။ ဆောင်းပါးရေးဖို့ IS အဖွဲ့ရဲ့ သတင်းတွေကို အင်တာနက်က တဆင့် ဖတ်ရှုရတဲ့အခါ နေ့စဉ်နဲ့အမျှ အပျက်အစီးသတင်းတွေ၊ အထိအခိုက် သတင်းတွေကို ဖတ်နေရတာ စိတ်ထိခိုက်ရပါတယ်။ ဆောင်းပါးကို နိဂုံးမချုပ်ခင် အချိန်လေး အထိကိုပဲ ဗုံးဒဏ်ကြောင့် သေဆုံးကြရတဲ့ သတင်းတွေ ဖတ်နေရပါတယ်။ ဒီအချိန် အီရတ်တစ်နေရာ၊ ဆီးရီယား တစ်နေရာ.. ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ မျက်ရည်တွေ မသုတ်နိုင်ကြသေးဘူး။ ယမ်းခိုးတွေ ယမ်းငွေ့တွေနဲ့ ကောင်းကင်ကြီးတစ်ခုလုံး အုံ့မှိုင်းလို့ နေရော့မယ်။ ကျွန်တော့ မိတ်ဆွေ ကဗျာဆရာ ဘုန်းနေသွန်းကတော့ သူ့ရဲ့ ကမ္ဘာတစ်ပုဒ်မှာ ကမ္ဘာဟာ စစ်ကို မလိုအပ်ဘူး လို့ ရေးခဲ့ဘူးပါတယ်။ စစ် ကတော့ ကမ္ဘာကို လိုအပ်ပုံရပါတယ်။ ကမ္ဘာကြီးမှာ စစ်မဖြစ်တဲ့ နေရာ ကို ပြပါ ဆိုရင်တောင် အတော်လေး ခက်နေဦးမလား မသိဘူးဗျာ။ ကဲ.. ကမ္ဘာကြီး ငြိမ်းချမ်းပါစေ လို့ ဆုတောင်း မယ်ဆိုရင်လည်း အကြမ်းဖက်ဝါဒ ကျဆုံးပါစေ လို့ ကျွန်တော်ကတော့ ထပ်ပြီး ဖြည့်စွက်ချင်မိပါရဲ့ဗျာ။
ခင်မင်လေးစားစွာဖြင့်
ကျော်သူရိန်
Ref:
www.en.m.wikipedia.org/wiki/Ottoman_Empire
www.en.m.wikipedia.org/wiki/Islamic_state_of_Iraq_and_the_Levant
www.en.m.wikipedia.org/wiki/Timeline_of_Islamic_State_of_Iraq_and_the_Levant_Events
Encyclopedia Britannica Ultimate Reference Suite – Caliphate, Caliph, Salafi, Ottoman Empire
www.cartoonmovement.com
www.irancartoon.com
www.cagle.com
www.politicalcartoons.com
www.cnn.com/2014/08/08/world/isis-fast-facts/
No comments:
Post a Comment