Thursday, February 19, 2015

မြန်မာယူ-၂၂ နှင့်ဖီဂျီယူ-၂ဝ အသင်းတို့ ခြေစမ်းမည်

မြန်မာယူ-၂၂ အသင်းနှင့် ဖီဂျီယူ-၂ဝ အသင်းတို့သည် ဖေဖော်ဝါရီ ၁၉ ရက် (ယနေ့) ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားမည်ဖြစ်သည်။ ယခု ခြေစမ်းပွဲမှာ ဖီဂျီယူ-၂ဝ အသင်း ၏ မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ်၏ ဒုတိယမြောက်ခြေစမ်းပွဲဖြစ်ပြီး ပထမ ခြေစမ်းပွဲ တွင် မြန်မာ ယူ-၂ဝ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့် ထားသည်။
ခြေစမ်းပွဲကစားမည့် မြန်မာယူ-၂၂ အသင်းကို ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး အုပ်ချုပ်သူ ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ဦးကြည်လွင်၊ လက်ထောက်နည်းပြ-ဦးကျော်လွင်နှင့် ဦးမြင့်ကို၊ ဂိုးနည်းပြ အဖြစ် ဦးအောင်သက်တို့က တာဝန် ယူကိုင်တွယ်လျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်း မှာ မတ်လအတွင်း၌ ကျင်းပမည့် အာရှယူ-၂၃ ခြေစစ်ပွဲ အတွက် ပြင်ဆင်နေသည့်အသင်း ဖြစ်ပြီး (၂၈)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းထား သည့် အသင်းဖြစ်သည်။ ယခု ဖွဲ့စည်းထားသည့် အသင်းတွင် ကျော်ဇင်ဖြိုး(ဂိုး)၊ ရဲဝင်းအောင်၊ စည်သူအောင်၊ နေလင်းထွန်း၊ ချစ်စုမိုး၊ ရဲကိုဦး၊ ဇင်မင်းထွန်းတို့ ပါဝင်လာသည်။
ဖီဂျီယူ-၂ဝ အသင်းမှာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင် နေသည့်အသင်းဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ အမေရိကန်နိုင်ငံသို့ သွားရောက် လေ့ကျင့်မည်ဖြစ်သည်။ ကွင်းဝင်ကြေး အဖြစ် အထူးတန်းကျပ် သုံးထောင်၊ ရိုးရိုးတန်းကျပ် နှစ်ထောင်သတ်မှတ် ထားသည်။
MOI Webportal Myanma

No comments:

Post a Comment