Friday, February 7, 2014

“Unity ပြသနာ ဘယ်လို ရှင်းကြမလဲ”

စည်သူအောင်မြင့်
မြန်မာပို့စ် ဂလိုဘယ်လ်၊ ၆-၂-၁၃။ 

စာ- ၂၀။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် Unity သတင်းဂျာနယ် မျက်နှာဖုံးမှာ “ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာ

ရှင်နှင့် လက်ရှိ ကာချုပ်တို့ဇ။် ပေါက်မြို့
နယ်မှ လျှို့ဝှက် ဓာတုလက်နက် စက်ရုံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အတွင်းမှာ သတင်းဆောင်းပါး တစ်ပုဒ် ဖော်ပြ
ပါရှိပါတယ်။ စက်ရုံ ဓာတ်ပုံတစ်ချို့
အသုံးပြုထားပါတယ်။ ဒီ သတင်းဆောင်းပါးကိုပဲ နှစ်ပါတ် ဆက်တိုက် ဖော်ပြပါတယ်။ ခုတော့ အဲဒီ သတင်းရယူခဲ့မှု၊ ဖော်ပြခဲ့မှုတွေနဲ့ ပါတ်သက်ပြီး တပ်မတော်ဘက်က တိုင်ကြားခဲ့တဲ့အတွက် မြန် မာနိုင်ငံရဲ တပ်ဖွဲ့က ဒီ ကိစ္စ အရေးယူဆောင်ရွက်နေပါပြီ။ ဖမ်းဆီးမှုတွေ ရှိနေသလို တစ်ဖက် စာနယ်ဇင်း အဖွဲ့တွေကလည်း ကြေငြာချက်ထုတ်တာ၊ တောင်းဆိုတာတွေ လုပ်နေပါပြီ။ ဒီ ကိစ္စ ဘယ်လို ဖြစ်ခဲ့တာလဲ၊ အကြောင်းရင်းခံက ဘာလဲ၊ အာဏာပိုင်တွေဘက်က အရေးယူကိုင် တွယ်မှု ကရော ဥပဒေနဲ့ ညီညွတ်မှု ရှိပါရဲ့လား၊ ဒါကို ရှေ့ဆက် ဘယ်လို ဖြေရှင်းသင့်သလဲ ဆိုတာ ခုတစ် ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

သတင်းရေးသား ဖော်ပြပုံ

အခု ပြသနာပေါ်နေတဲ့ Unity ဂျာနယ်ရဲ့ သတင်းခေါင်းစဉ် ဖော်ပြပုံက အတော့်ကို ထိတ်လန့်စ ရာ ဖြစ်ပါတယ်။ အားလုံး သိကြတဲ့အတိုင်း “ဓာတုလက်နက်” ဆိုတာ လူသားမဆန် ဆိုးဝါးလွန်းလို့ ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ မသုံးဖို့ ပိတ်ပင်ထားတာပါ။ သိပ်မကြာသေးခင်တုန်းကပဲ ဆီးရီးယား အစိုးရက သူပုန်တွေကို ဓာတုလက်နက် သုံးစွဲတိုက်ခိုက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်အပြီး ဆီးရီးယားကို အမေရိကန်က ၀င်တိုက်မယ် တကဲကဲ ဖြစ်ခဲ့တဲ့ သာဓက ရှိပါတယ်။ ပြောရရင် ယူနတီ ဂျာနယ် မျက်နှာဖုံးမှာ ပါသလို အဲဒါ တကယ်ပဲ “ဓာတုလက်နက် စက်ရုံ” ဆိုရင် အတော့်ကို ခေါင်း ကြီးစရာပါ။ နောက်ဆက်တွဲ မတွေးရဲစရာပါ။ ဒါလောက်လား ဆိုတော့ မကသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့ဆိုပြီး အရင် စစ်ခေါင်းဆောင်နဲ့ အခု စစ်ခေါင်းဆောင်နာမည်တွေပါ ရောထွေး ဖော်ပြထားလိုက်ပါသေးတယ်။ ဒါတင်မက မျက်နှာ ဖုံးနဲ့ အတွင်းမှာ တရုတ်သမ္မတ နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ ဆုံတဲ့ပုံကို ပူးတွဲ ဖော်ပြထားလိုက်ပါသေးတယ်။ဒါပေမယ့် တကယ့်တကယ် အတွင်း  က သတင်းဆောင်းပါးကို ဖတ်ကြည့်လိုက်တဲ့အခါ ဓာတုလက်နက် ထုတ်လုပ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။ နောက်တစ်ပါတ် ထွက်လာတဲ့ ယူနတီဂျာနယ်မှာ “ ကပစ (၂၄) ဓာတုလက်နက် စက်ရုံ မဟုတ်ဟု စက်ရုံတာဝန်ခံ ငြင်းဆို၊ ဒေသ ခံများက ဓာတုလက်နက် စက်ရုံဖြစ်ကြောင်း အခိုင်အမာ ပြော” ဆိုပြီး ဆက် ဖော်ပြပါတယ်။ အဲဒီမှာတော့ စက်ရုံတာဝန်ခံ တပ်ကြပ်ကြီး စိုးမိုးသိန်းရဲ့ ဖြေရှင်းချက်ကိုပါ ဖော်ပြထားပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း ဓာတုလက်နက် စက်ရုံဖြစ်တယ် ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံ လုံ ဖော်ပြထားတာ မတွေ့ရပါဘူး။ အရင် ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်သမ္မတ တွေရဲ့ အဆက်အစပ်ကိုလည်း မတွေ့ရပါဘူး။ ပြောရရင် သတင်းဆောင်းပါး ဖော်ပြပုံဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ ဖော်ပြပုံ ဖြစ်နေပါတယ်။ ဒါက တစ်ပိုင်းပါ။

ဥပဒေ ချိုးဖေါက်သလား
ဘယ်လိုပဲဖြစ်ဖြစ် သတင်းဖော်ပြပြီးနောက်ပိုင်း နယ်သတင်းထောက်၊ စီအိုးအို အပါအ၀င် စုစုပေါင်း (၅) ယောက်ကို အာဏာပိုင်တွေက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(က)/၉ နဲ့ အရေးယူ ဖမ်းဆီးထားလိုက်ပါပြီ။ အခြား ဖမ်းဆီးတာမျိုး မဟုတ်ပဲ ခေါ်ယူစစ်ဆေးမှု အလုပ်ခံရတဲ့သူတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တည်ဆဲဥပဒေ ချိုးဖေါက်တာ ဟုတ်မ ဟုတ် တရားရုံးကိုရောက်ရင်တော့ အဖြေပေါ်လာပါလိမ့်မယ်။

အဓိက ရည်ရွယ်ချက်က ဘာလဲ
ဂျာနယ် စီအီးအို ဦးတင့်ဆန်းကို အာဏာပိုင်တွေ မဖမ်းဆီးမီ သတင်းဌာန တစ်ချို့က မေးတော့ သူက ဓာတုလက်နက်စက်ရုံကိစ္စက အဓိက မဟုတ်ပါဘူး။ အဲဒီ လက်နက်စက်ရုံဆောက်ဖို့ တောင် သူတွေရဲ့ လယ်တွေကို အတင်းအားဓမ္မ သိမ်းယူတာကို အဓိက ပြောချင်တာ ဖြစ်တယ် လို့ ဆိုပါ တယ်။ ကောင်းပါပြီ၊ ဒါဆိုရင်လည်း လက်နက်စက်ရုံလုပ်တယ်၊ မြေဧကပေါင်း ၃ သောင်းကျော် မတရားသိမ်းယူထားတယ် ဆိုရင်လည်း ပြီးတာပါပဲ။ “ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့ဇ။် ပေါက်မြို့နယ်မှ လျှို့ဝှက် ဓာတုလက်နက် စက်ရုံ” ခေါင်းစဉ်မျိုး မတပ် ပဲ ပြည်သူတွေ စိတ်ဝင်စားအောင် စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြလို့ ရပါတယ်။ ဒါပေမယ့် အဲလို မရေးခဲ့တဲ့အတွက် ခုလို ပြသနာ ပေါ်ရတာလို့ အကြမ်းဖျဉ်း သုံးသပ်နိုင်ပါတယ်။

အာဏာပိုင်တွေရဲ့ ကိုင်တွယ် အရေးယူပုံ
ဒီ ပြသနာနဲ့ ပါတ်သက်ပြီး စာနယ်ဇင်းအဖွဲ့(၃) ဖွဲ့နဲ့ ပင်မြန်မာ အဖွဲ့တို့က ကနဦးကြေငြာချက် ထုတ်ခဲ့ပါတယ်။ အဲဒီကြေငြာချက်ထဲမှာ အာဏာပိုင်တွေရဲ့ အရေးယူမှုပုံစံဟာ အရင် စစ်အစိုးရခေတ်ကအတိုင်း မပြောင်းမလဲပဲ လို့ ပစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီ ထုတ်ပြန်ချက်ကြောင့်ဖြစ်စေ၊ အခြား အကြောင်းကြောင့်ပဲ ဖြစ်စေ၊ နောက်ပိုင်း အာဏာပိုင်တွေဟာ သူတို့ ကိုင်တွယ်ဆောင်ရွက်ပုံ တရားဥပဒေအတိုင်း လုပ်နေတယ် ဆိုတာ ပေါ်လွင်အောင် ကြိုးစားခဲ့တာတော့ တွေ့ရပါတယ်။ ဥပမာ ဖမ်းဆီးထားသူတွေကို ရမန်ယူပြီး ထောင်ပို့တာ၊ ထောင်ပို့ပြီးတဲ့နောက် သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးတာ၊ စစ်ဆေးစဉ်ကာလ ညှဉ်းပန်းနှိပ်စက်တာမျိုး မလုပ်ခဲ့ဘူးလို့ ကာယကံရှင်တွေက ထွက်ဆိုတာ စတာတွေလုပ်ပြခဲ့ပါတယ်။ ဒါကတော့ အရင် စစ်အစိုးရခေတ်ကနဲ့ ကွာခြားပါတယ်။ ဒါပေမယ့်လည်း တစ်လျောက်လုံး ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တာ အလေ့အကျင့်မရှိခဲ့တဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ ခုလို ပြသနာကျမှ ဥပဒေနဲ့အညီ ဆောင်ရွက်
တာမှာ ချို့ယွင်းချက် ရှိကောင်း ရှိနိုင်ပါတယ်။
နောက်ထပ် ထူးခြားတာ တစ်ခုက ဒီ ဖမ်းဆီးအရေးယူ ဆောင်ရွက်မှု သတင်းတွေကို ပြည်တွင်း စာနယ်ဇင်း တွေကနေ အဆီးအတား မရှိ၊ ခြိမ်းခြောက်မှုမရှိ ဖော်ပြခွင့်ရနေတာပါ။ ဒီလို ဖော်ပြနေကြလို့လည်း ပြည်သူတွေဟာ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှုကို အချိန်နဲ့ တပြေးညီ သိခွင့်ရနေတာ ဖြစ်ပါတယ်။ ဒါဟာ အရင်တုန်းက ရခဲ့ဖူးတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရှိနေဆဲ ဆိုတာ ပြနေဆဲလည်း ဖြစ်ပါတယ်။

စာနယ်ဇင်း အဖွဲ့အစည်းတွေရဲ့ တုန့်ပြန်မှု
ဖမ်းဆီးမှုတွေ ဖြစ်ပြီးနောက် MJN, MJA, MJU နဲ့ ပင်မြန်မာ ပေါင်း (၄) ဖွဲ့ကနေ အစိုးရ အာဏာပိုင်တွေရဲ့ ဒီ ဖမ်းဆီးမှု လုပ်ရပ်ဟာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း မမှန်ဘူး၊ အရင် စစ်အစိုးရ လုပ်ပုံအတိုင်းပဲလို့ ထုံးစံအတိုင်း ဝေဖန် ပစ်တင်လိုက်ပါတယ်။ ထူးထူးခြားခြား ကြေငြာချက် နောက်ဆုံး အပိုဒ်မှာမှ သတင်းမီဒီယာတွေ အနေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို သိရှိပြီး ကျင့်သုံးလိုက်နာကြဖို့ တိုက်တွန်းပါတယ် ဆိုပြီး ဖော်ပြထားတာလည်း တွေ့ရပါတယ်။ ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာတော့ ယာယီ စာနယ်ဇင်းကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပပြီး ဒီ ကိစ္စ ဘယ်ဘက်ကမှန်တယ် မှားတယ် မှတ်ချက်ပေးခြင်းထက် ဒါဟာ အသွင်ကူးပြောင်းရေးကာလမှာ ဖြစ်တတ်တဲ့ ပြသနာလို့ ရှုမြင်တဲ့အကြောင်း၊ ဒါကြောင့် ဒီပြသနာကို ပြေလည်အောင် ဘယ်လို စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်မလဲ ဆိုတဲ့ ရှုဒေါင့်ကနေ သုံးသပ်တဲ့အကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမှုနဲ့ ပါတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတိုင်းရဲ့ လွတ်လပ် တရားမျှတစွာ တရားစီရင်ပိုင်ခွင့်အတိုင်း ကျင့်သုံးပေးဖို့နဲ့ အပြစ်မရှိရင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အထူးမေတ္တာ ရပ်ခံပါကြောင်း ဖော်ပြထားပါတယ်။
ဒါတင်မက ခုနောက်ပိုင်း CPJ လို နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်းတွေကလည်း ခုလို သတင်းထောက်တွေကို ဖမ်းဆီးတဲ့ ကိစ္စ ကန့်ကွက်တဲ့ ကြေငြာချက် ထုတ်လာကြပါပြီ။ ဖမ်းထားတဲ့သူတွေအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုပါနေပါပြီ။ ဒါကလည်း ဒီ ပြည်တွင်း သတင်းမီဒီယာ တစ်ချို့ရဲ့ သတင်းပေးပို့မှု အပေါ်မူတည်ပြီး ထုတ်ပြန်တဲ့ ကြေငြာချက်လို့ မှန်းဆ ရပါတယ်။ သတင်းထောက် မခိုင်ပြသနာ တုန်းကလိုပဲ တကယ့်အခြေအနေမှန် သိကြ၊နားလည်ကြပုံ မရပါဘူး။

အရင်းခံပြသနာ
တကယ့်အရင်းခံပြသနာကတော့ ဒီ သတင်းရယူ ဖော်ပြခဲ့သူတွေအနေနဲ့ ဥပဒေကို နားမလည်မှု၊ စာနယ်ဇင်းကျင့်ဝတ်ကို မသိမှုတွေဟာ တကယ့် အကြောင်းရင်းခံပဲ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့ နယ်သတင်းထောက်ဆို အလုပ်ဝင်တာ နှစ်လ သာသာလောက် ရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကျန် သတင်းထောက်တွေကလည်း ငယ်ရွယ် အတွေ့အကြုံ မရှိသေးသူတွေပဲ ဖြစ်ပါတယ်။ တာဝန်အရှိဆုံး ဂျာနယ် စီအီးအို ကိုယ်တိုင်လည်း သူ့ပြောပုံဆိုပုံအရ ဒီ ဥပဒေသဘော၊ စာနယ်ဇင်းကျင့်ဝတ် မသိဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် ဒီ ပြသနာ ဖြစ်သွားရတာပါ။ ဘယ်လောက်တောင် မသိဘူးလဲဆို ပြသနာဖြစ်လာရင် အရေးယူခံရနိုင်တယ်ဆိုတာ မသိလို့ သတင်းဆောင်းပါး ရေးယူနေရာမှာ နာမည်အရင်းတွေ တန်းစီ ဖော်ပြခဲ့တာ ကြည့်ရင် သိနိုင်ပါတယ်။

ပြောရရင် ဒီ ပြသနာမှာ စာနယ်ဇင်းသမားတွေရဲ့ အကျိုးစီးပွားအတွက် ဖွဲ့စည်းထားတယ်ဆိုတဲ့ စာနယ်ဇင်းအဖွဲ့တွေရဲ့ တာဝန်လည်း မကင်းပါဘူး။ ဒီအဖွဲ့အစည်းတွေဟာ စာနယ်ဇင်းတွေမှာ ဖော်ပြတာတွေနဲ့ ပါတ်သက်ပြီး ဘယ်လောက် ဆဲဆဲ၊ ဘယ်လောက် လူမျိုးရေး ၊ ဘာသာရေး မုန်းတီးမှုတွေပါပါ၊ ဘယ်လောက် ပုဂ္ဂိုလ်ရေး တိုက်ခိုက် တိုက်ခိုက်၊ ဘယ်လောက်ပဲ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီ ရေးသားဖော်ပြနေပါစေ၊ ဘာတစ်ခုမှ ဝေဖန်သုံးသပ် ပြောဆိုလေ့မရှိတဲ့
ပြသနာပါ။ ပြသနာဖြစ်မှ ကြေငြာချက်ထုတ်၊ လမ်းလျောက်ပြတဲ့ အဖွဲ့တွေပါ။ တကယ် တာဝန်သိ အဖွဲ့အစည်းတွေဆို ဂျာနယ် ပထမ အပါတ်မှာ ခေါင်းစဉ် ပြူးတူးပြဲတဲ တပ်ပြီး “ ဓာတုလက်နက်စက်ရုံ” လို့ ဖော်ပြလိုက်တာနဲ့ အဲဒီ ဂျာနယ်ကို မေးမြန်း ပြောဆို ဆွေးနွေးသင့်ပါတယ်။ အဲဒီ ဂျာနယ်ဘက်က လက်ခံတာ လက်မခံတာက တစ်ပိုင်းပါ။ ပြောဆိုလို့ မရရင် ကြေငြာချက်ထုတ် ဝေဖန်ထောက်ပြလို့လည်း ရပါသေးတယ်။ အဲလို လုပ်ခဲ့ရင် ပြသနာ ဒီထက် မကြီးအောင် ထိန်းသိမ်းကောင်း ထိန်းသိမ်းနိုင်ဖွယ် ရှိပါတယ်။ အခုတော့ ထုံးစံအတိုင်း ဥပဒေချိုးဖေါက်တယ်၊ ဖမ်းဟယ် ဆီးဟယ် ဆိုတော့မှ ထုံးစံအတိုင်း ကြေငြာချက်ထုတ် ရပ်တည်ပြတာမျိုးပဲ လုပ်နိုင်ပါတော့တယ်။

ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ
ဒါနဲ့ ပါတ်သက်ရင် စာနယ်ဇင်းကောင်စီရဲ့ မေတ္တာရပ်ခံချက်ဟာ သင့်မြတ်ပါတယ်။ စာနယ်ဇင်းကောင်စီကို အမှုတိုင်ကြားထားတဲ့ တပ်မတော် အဖွဲ့အစည်း ကိုယ်စားလှယ်နဲ့ ကြားဝင် ညှိနှိုင်းဆောင်ရွက်ခွင့်ပေးသင့်ပါတယ်။ ဒါက ဒီ တစ်မှုတည်းအတွက်ပါ။ ရေရှည်အတွက်ကိုတော့ စာနယ်ဇင်း အဖွဲ့အစည်းတွေဟာ ထုတ်ဝေနေတဲ့ စာနယ်ဇင်းတွေ စာနယ်ဇင်းကျင့်ဝတ် လိုက်နာလာအောင် နည်းပေါင်းစုံနဲ့ လုပ်ကိုင်သင့်ပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ စာနယ်ဇင်း ပိုင်ရှင်တွေ၊ စီအီးအိုလို့ ဆိုသူတွေ၊ အယ်ဒီတာချုပ်တွေ အခြေခံ စာနယ်ဇင်း ကျင့်ဝတ် လိုက်နာ ထုတ်ဝေပါ့မယ်လို့ သဘောတူ လက်မှတ်ထိုးလာသည်အထိ ဆောင်ရွက်သင့်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ် လိုက်နာမှုနဲ့ ပါတ်သက်ပြီး စာနယ်ဇင်းလောကထဲမှာ ဝေဖန်မှု ဆိပ်သုဉ်းနေတာကို ပြုပြင်ဖို့ လိုပါတယ်။ ဒါဟာ ချက်ခြင်းလက်ငင်း လုပ်နိုင်တဲ့ ကိစ္စပါ။ ထုတ်ဝေသူ တစ်ဦးဦး မီဒီယာ တစ်ခုခုကို ကြောက်ပြီး စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ ကိစ္စ၊ မပြောဆိုရဲ မထောက်ပြရဲ မဝေဖန်ရဲ ကြရင်ဖြင့် ခုလို ပြသနာမျိုး နောက်ထပ် တန်းစီပြီး ဆက်ပေါ်ပေါက်လာဦးမှာ ဖြစ်ပါကြောင်း၊ အခြားနယ်ပယ် အသီးသီးရဲ့ ကဲ့ရဲ့ ပြစ်တင်ရှုံ့ချမှုကိုပါ ခံလာရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

No comments:

Post a Comment