Wednesday, February 5, 2014

နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနှင့် သတင်းမီဒီယာ

ပြီးခဲ့တဲ့ ရက်အတွင်းမှာပဲ Unity ဂျာနယ်မှ မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး နိုင်ငံတော်နှင့် အမျိုး သား အကျိုးစီးပွါးကို ထိခိုက်စေနိုင်သော၊ နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေနိုင်သော သတင်း ဆောင်းပါး အား ရေးသားဖော်ပြခဲ့ပါတယ်။  
Unity ဂျာနယ်ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့ နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” အမည်ရ သတင်းဆောင်းပါးတွင် ဓါတ်ပုံ၊ တည်နေရာနှင့် တကွ ရေးသားဖော်ပြခြင်းဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ် ထားသော တည်ဆဲဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ အဆိုပါ သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းနှင့် အဆိုပါ သတင်းဆောင်းပါး ရေးသားရာတွင် ပါဝင်သတင်း ရယူ ခဲ့ကြသော ယူနတီဂျာနယ်မှ အကြီးတန်း သတင်းထောက် ကိုရာဇာဦး၊ ကိုသက်ပိုင်ကျော်နှင့်၊ အငယ်တန်း သတင်းထောက် ကိုစည်သူစိုးတို့ သုံးဦး ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခံ ရကြောင်း သိရပါတယ်။
ထိုသို့ ဖမ်းဆီးမှုများနှင့်ပါတ်သက်ပြီး သတင်းဌာနအများစုနှင့် မီဒီယာများတွင် ယခုကဲ့သို့သော သတင်း သည် မရေးသင့်၊ မဖော်ပြသင့်သော အကြောင်းအရာ ဖြစ်ကြောင်း သတင်းထောက်များ က ပြောဆို ကြပါ တယ်။ ဒီလိုရေးသားဖော်ပြခြင်းဟာ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက် ချက်များ အက်ဥပဒေ များနှင့်ညှိစွန်းနေ ပါတယ်။ အက်ဥပဒေ၏ ပုဒ်မ(၃)မှာ_

၁။ မည်သူမဆို နိုင် ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံတော်၏ အကျိုးစီးပွားကိုဖြစ်စေ နစ်နာရန် အလို့ဌာ_

(က) ပိတ်ပင်ထားသော နေရာကို ချဉ်းကပ်လျှင်သော်လည်းကောင်း၊ ဖြတ်ကျော်လျှင်သော် လည်းကောင်း၊ ထိုအရပ်အနီးအနားတွင်ရှိနေလျှင်သော်လည်းကောင်း၊ ထိုအရပ်ကို ၀င်ရောက်လျှင်သော်လည်းကောင်း၊

(ခ) ရန်သူတစ်ဦးအားတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးကျစေလိုသည့်၊ အသုံးကျစေမည့်၊ အသုံးကျစေရန် ကြံရွယ်၍၊ ရုပ်ပုံ၊ နယ်ပုံ၊ မှတ်စုတစ်ခုခုကိုပြုလျှင် သော်လည်းကောင်း၊

(ဂ) ရန်သူတစ်ဦးအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးကျစေလိုသည့်၊ အသုံးကျစေမည့်၊ အသုံး ကျစေ ရန် ကြံရွယ်၍၊လျှို့ဝှက်သော အမှုထမ်းသုံး၊ အရာထမ်းသုံးစကားကို ဖြစ်စေ၊ စကားဝှက် ကိုဖြစ်စေ၊ ရုပ်ပုံ၊ နယ်ပုံရေးသားချက်၊ မှတ်စု၊ အခြားစာတမ်း အမှတ်အသား သတင်းတစ်ခုခုကိုဖြစ်စေ ရယူလျှင်သော် လည်းကောင်း၊ စုဆောင်းလျှင် သော်လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေလျှင်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦးအား သတင်းပေးလျှင်သော် လည်းကောင်း ပြစ်မှုမြောက်ပါတယ်။ ထိုကြောင့် Unity ဂျယ်နယ် သတင်းထောက်များ၏ လုပ်ရပ်သည် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ(၃)ကိုချိုးဖောက်ခဲ့ခြင်း ဖြစ်နေ ပါတယ်

တခြားသောနိုင်ငံများမှာ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ကို ချိုးဖောက် လျှင် သေဒဏ်အထိ ချမှတ်ပါတယ်။ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ_၃ မှာ ထိုသို့သောပြစ်မှု ကို ထောင်ဒဏ်(၃)နှစ်မှ(၁၄)အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ဥပဒေမှာ ပြဌာန်းထား ပါတယ်။ နိုင်ငံတော်တစ်ခုလုံး ၏ လုံခြုံရေးနှင့် ဆိုင်သော လျှို့ဝှက်သော အကြောင်းအချင်းအရာများအား မည်သည့် အကြောင်းအရာနှင့်မျှ ဖော်ပြခွင့် မရှိပါ။

မြန်မာနိုင်ငံရှိ သတင်းမီဒီယာသမားများ အနေဖြင့် နိုင်ငံတော်ရှိ တည်ဆဲဥပဒေများအား သိထားသင့် ပါတယ်။ သတင်းထောက် တစ်ယောက် မီဒီယာ သမားတစ်ယောက် အနေဖြင့် အသိပညာ ဗဟုသုတ များစွာ လိုအပ်ပါတယ်။ သတင်းထူးရရှိရေး၊ ကိုယ့်ဂျာနယ် ကိုယ့် သတင်းတိုက် နာမည် ရဖို့ ရောင်းအားကောင်းဖို့ အတွက် စည်းလွတ်ဝါးလွတ် ရေးသားဖော်ပြနေရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်နေပါ လိမ့်မယ်။ ယခုကဲ့သို့သော လျှို့ဝှက်ချက်များအား ဖော်ထုတ်ရေးသားခြင်းသည် တခြားနိုင်ငံများရဲ့အန္တရာယ်များကို ဖိတ်ခေါ်နေသလို တခြားနိုင်ငံများသို့ သတင်းပေးနေခြင်း ဖြစ်ပါတယ်။
အခုခေတ်မီဒီယာကို အပြု သဘောနဲ့ အဓိပ္ပါယ် တိတိကျကျ ဖွင့်ဆိုမည်ဆိုလျှင် “မီဒီယာ ဆိုတာ အတိုက်ခံ နှင့်ပြည်သူအကြား၊ အစိုးရနဲ့အတိုက်ခံအကြား၊ အစိုးရနဲ့ ပြည်သူများအကြားမှာ အကြောင်းအမျိုးမျိုး နှင့် တို့မီး ရှို့မီးလုပ်ပြီး အောက်ဆီဂျင် ပေးနေသော ကြားခံအဖွဲ့အစည်းတစ်ခု“ ဟုပင် ပြောစရာ ဖြစ်လာပါ တယ်။ “နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကန့်သတ်ထားတဲ့ တည်ဆဲဥပဒေတွေကို သတင်းမီဒီယာ အပြင် နိုင်ငံသားအားလုံးက လေးစားလိုက်နာဖို့လိုပါတယ်၊ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို တားမြစ်ကန့်သတ်နေတာ မဟုတ်ပါဘူးဆိုတာ မီဒီယာများ နားလည်သဘောပေါက်ကြရမှာဖြစ်ပါတယ်။ မီဒီယာများ အနေဖြင့် မိမိက ဘယ်ကိစ္စကို ဖော်ပြချင်တာလဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကိုလား? နိုင်ငံတော် အကြီးအကဲများ၏ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ကိုလား? ဆိုတာကွဲကွဲပြားပြား ခွဲခြားပြီးမှ ဖော်ပြသင့်ပါတယ်။ ဒါမှသာ မီဒီယာ လောက၏ပုံရိပ် မညှိုးနွမ်းပဲ ပြည်သူအတွက် မီဒီယာဖြစ်ပါ လိမ့်မယ်။

Unity ဂျာနယ် သတင်းထောက်များ နှင့်ပါတ်သက်ပြီး မီဒီယာ လောက အတွက် သတိပြုဆင်ခြင်းစရာ သာဓက တစ်ခုအဖြစ်၊ ကိုယ်တွေ့မဟုတ်ပဲ ရလိုက်သောအတွေ့ အကြုံတစ်ခု အနေဖြင့် ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ တခြားသောနိုင်ငံများတွင် နိုင်ငံကလျှို့ဝှက်စွာ ပြုလုပ်နေသော တီထွင်ဆန်းသစ်မှုများ ကို နိုင်ငံတော်မှ အောင်မြင်စွာ စမ်းသပ်နိုင်ပြီး တရားဝင် ကြေငြာခြင်း မရှိဘဲ မည်သည် သတင်းမီဒီယာ များမှ ဖော်ထုတ် သတင်းယူကြေငြာခြင်းမျိုးမရှိကြပါ။ ဒါဟာ ဥပဒေကို လေးစား လိုက်နာသည့်အပြင် နိုင်ငံတော် ရဲ့ လုံခြုံရေး အတွက် အသိစိတ်ရှိခြင်းဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ မီဒီယာတွေရဲ့အခန်းကဏ္ဍ ဟာ နိုင်ငံသူ နိုင်ငံသားတို့ရဲ့မျက်စိ၊ နား သဖွယ် အားကိုး အားထားပြုနေကြပါတယ်။ ဒါကြောင့် မီဒီယာများအနေဖြင့် တိုင်းသူပြည်သားတို့ အထင်အမြင် မှား စေနို င်သော သတင်း မှားများ မသိရှိစေရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် တည်ဆဲဥပဒေ များအား သိရှိပြီး အထူးပင် လေးစားလိုက်နာ ဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါတယ် ။

ဇေယျာမြေ

No comments:

Post a Comment