Friday, February 26, 2016

ကိုဖေချစ်တို့ ...လုပ်ချလိုက်ပုံကတော့

February 25, 2016
ကျွန်တော်တို့နိုင်ငံရဲ့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းမှာတက်ရောက်နေတဲ့ လွှတ်တော် အမတ်တွေ ကို လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း  အစီအစဉ် ဆိုပြီး Sky Net က လွှတ်တော် Channel မှာ ၁၅-၂-၂၀၁၆ ရက်နေ့က ဖွင့်ပွဲပြုလုပ်မှုကို ထုတ်လွှင့်သွား တာတွေ့လိုက်ရတယ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့

 ကနေ၁၉ရက်နေ့ထိ၅ရက်ကြာသင်ကြားပို့ချ 
 ဆွေးနွေးခြင်းများကို လွှတ်တော်အတွင်းမှာ အဖွဲ့လိုက်ဆောင် ရွက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။
ဒီသင်တန်းနဲ့ပတ်သက်လို့ နိုင်ငံခြားသား

လွှတ်တော်ကိုယ်စားလှယ်ဆိုသူတွေက မြန်မာနိုင်ငံက လွှတ်တော် အမတ်တွေကို သင်တန်းလာပို့ချတယ်ဆိုတော့
စိတ်ဝင်တစားနဲ့ မေးမြန်းကြည့်လိုက်တော့ ပြည်ထောင်စု လွှတ်တော်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊ အပြည်ပြည်ဆိုင်ရာလွှတ်တော်များအဖွဲ့(IPU)တို့ ပူးပေါင်း ပြီး လွှတ်တော်အမတ်များကို ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ၊ ဒီမိုကရေစီ၊ လူထုခေါင်းဆောင်မှုနဲ့ ကိုယ်စား လှယ်တွေရဲ့ အခန်းကဏ္ဍ၊ အာဏာခွဲဝေခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်း၊ မဲဆန္ဒနယ် ကိုယ်စားပြုခြင်း၊ ဥပဒေပြုရေး၊ အမျိုးသမီးကိုယ်စားလှယ်တွေအတွက် အောင်မြင်မှုနည်းလမ်း တွေကို နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ပြည်ပကလွှတ်တော်ကိုယ်စားလှယ်တွေ လာရောက်သင်ကြားပေးတာ လို့ သိရပါတယ်။

နိုင်ငံတစ်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုမယ့် ဥပဒေပြုမယ့်သူတွေကို တခြားနိုင်ငံကလာပြီး သင်တန်းပို့ချ နေတာ လူကြားလို့မှကောင်းရဲ့လား၊ ကျွန်တော်တို့မြန်မာနိုင်ငံက အမတ်တွေအနေနဲ့ ဒီလောက်တောင် အရည်အချင်း တွေ ညံ့ဖျင်းနေကြပြီလားဗျာ၊ လွှတ်တော်မစတင်မီကလည်း ကုလား ကိုနီဆီမှာ သင်တန်းတွေ တက်ခဲ့ရပြီးပြီ၊ အခုလည်း မျက်နှာဖြူတွေလာပြီးပို့ချနေကြပြန်ပြီ ကိုယ့်နိုင်ငံကလွှတ်တော်အမတ်တွေ အရည်အချင်းမမီလို့ များလားဗျာ၊ လာပြီးပို့ချတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ဟောင်ကောင်က ဒိတ်ဒိတ်ကြဲမဂ္ဂဇင်းနှစ်ခုရဲ့ မျက်နှာဖုံးမှာ ကိုယ်တုံးလုံးနဲ့ ဓာတ်ပုံဖော်ပြခဲ့ပြီး ရှေ့နေလိုင်စင် တစ်နှစ်ဆိုင်းငံ့ ခံထားရဖူးတဲ့ Paul Tse wail-chan လို လူမျိုးတွေလည်း တွေ့ရပြန်တယ်။

အဲဒီထဲမှာမှ ကျွန်တော်နဲ့ တစ်နယ်ထဲသား ကိုဖေချစ်ကြီးကလည်း ၁၇-၂-၂၀၁၆ ရက်နေ့ တတိယနေ့ ဆွေးနွေး ပွဲမှာ မဲဆန္ဒနယ်ကိုယ်စားပြုခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ အပြန် အလှန် ဆွေးနွေးခဲ့တယ်လို့သိရတယ်၊ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းကြီးက ခေသူမဟုတ်ဘူး၊ ဆွေးနွေးရတဲ့ ခေါင်းစဉ်နဲ့ ဘာမှမသက်ဆိုင်တဲ့အကြောင်းအရာတစ်ရပ်ကို သူထမေးတယ်လို့သိရတယ်။ သူမေးတာက လွှတ်တော်မှာ ပြည်သူကဆန္ဒမဲမပေးဘဲ တပ်မတော်မှ ကိုယ်စားလှယ် ၂၅ % ရောက်ရှိနေကြောင်း၊ အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်များကို နောက်ကြောင်းပြန်အရေးယူခြင်း မရှိစေရ ဆိုတဲ့ ဥပဒေလည်း ပြဋ္ဌာန်းထားခြင်း ရှိ/မရှိ သိရှိလိုကြောင်းဆိုပြီး မေးပါလေရောဗျာ။ အဲဒါနဲ့ပဲ အခမ်းအနားမှူး အဖြစ်ဆောင်ရွက်တဲ့ UNDP က ဦးအောင်မျိုးမင်းက အဲ့ဒီမေးခွန်းကိုတော့ အရင်နေ့က Check and Balllence စောင့်ကြည့် အကဲခတ်ခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးရမှာဖြစ်ပြီး ခေါင်းစဉ်နဲ့ အကျုံးမ၀င်တဲ့ အတွက် ဖြေကြားရန်မရှိကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ကြားသိလိုက်ရပါတယ်။

အဲဒီလိုမျိုး အဓိပ္ပာယ်သက်ရောက်မှုရှိတဲ့ အကြောင်းအရာကို ဖွင့်ပွဲနေ့ကပဲ ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ Han. Raza Rabbani က ပြောခဲ့တယ်လို့သိရတယ်၊ ၎င်းတို့ ပါကစ္စတန်နိုင်ငံ ဘနာဇီယာဘူတို လက်ထက် ကြုံတွေ့ရသည်များနှင့်တူကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယခုအချိန်မှာ ငြိမ်းချမ်းစွာအသွင် ကူးပြောင်းနေခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု၊ ဥပဒေများခိုင်မာ အားကောင်းအောင်ဆောင်ရွက်ရန် လိုကြောင်း၊ အာဆီယံနိုင်ငံများထဲမှာ အင်ဒိုနီးရှားနိုင်ငံတွင်လည်းရှိခဲ့ကြောင်း၊ အချိန်ကာလတစ်ခုအထိ တပ်မတော်အနေနဲ့ ပါဝင်နေအုံးမယ်ဆိုတာကိုလည်း လက်ခံရမှာဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို စည်းလုံး ညီညွတ်မှုအပြောင်းအလဲဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း ပြောကြားပါတယ်ဗျာ။ ကိုဖေချစ်ကြီးကတော့ ထုံးစံအတိုင်း အိပ်ငိုက်နေပြီး ဘာမှသိလိုက်တဲ့ပုံမပေါ်ပါဘူး။

ဇာတ်လိုက်ကျော် ကိုဖေချစ်ကြီးက တပ်အပေါ် အမြင်မကြည်လင်တဲ့သူတစ်ဦးပါ၊ အမြင်မကြည်လင်ရတဲ့ အကြောင်းရင်းကလည်း သူတပ်ထဲကို မ၀င်ခင်တုန်းက မော်လမြိုင်တက္ကသိုလ်ကနေ ၀ိဇ္ဇာဘွဲ့(ပထ၀ီ)နဲ့ ဘွဲ့ရ ပြီးမှ ကျွန်တော်တို့နဲ့အတူ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄၃)မှာ သင်တန်းတက်ခဲ့ကြတာ။ ကျောင်းဆင်းပြီး ခလရ(၂)၊ ဗိုလ်/ဗိုလ်ကြီးဘ၀နဲ့ ခလရ(၇၈)မှာ တာဝန်ထမ်းဆောင်နေတုန်း ပဲခူးဘူတာ လုံခြုံရေးတာဝန်ယူနေ တဲ့အချိန်မှာ သူ့ပစ္စတိုနဲ့ ကျည်ဆံတွေပျောက်သွားလို့ တိုင်းမှူးရဲ့ ပြစ်တင်ရှုတ်ချဒဏ် ချမှတ်ခံခဲ့ရဘူးပါတယ်။ အမှန်တကယ်ဆို ကျွန်တော်တို့ တပ်မတော်မှာ လက်နက်နဲ့စစ်သားဟာ လင်မယားလို တတွဲတွဲရှိနေရမှာ။ ကိုယ်ကမေ့လို့ ထားခဲ့တယ်ဆိုရင်တောင် နောက်ပါတပည့်တွေက သတိပေးတာတွေ၊ သိမ်းဆည်းပေးတာတွေ လုပ်ပေးကြတာပါ။ သူက လက်အောက်ငယ်သားကို ရဲဘော်ရဲဘက်စိတ်မရှိဘဲ ခေါင်းဆောင်မှုညံ့ဖျင်းလို့သာ ဒီလိုဖြစ်ရတာပါ။

ကိုဖေချစ်အနေနဲ့ ခေါင်းဆောင်မှုတင် ညံ့ဖျင်းတာလားဆိုတော့ တပ်ထဲမှာနေတုန်း တက်ခဲ့တဲ့ သင်တန်းတွေ ပြန်ကြည့်ရင်လည်း ထူးထူးချွန်ချွန်မဟုတ်ပါဘူး။ တပ်ပိုင်းဆိုင်ရာမှာ အလေးထားတက်ရောက် ကြရတဲ့ ခြေလျင် တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းတွေမှာ ထူးထူးချွန်ချွန်မဟုတ်ဘဲ သာမန်အဆင့်နဲ့ပဲ ဆင်းခဲ့တာပါ။ အဲ စစ်ဆင်ရေး မှာတော့ အများနဲ့ရောပြီး မကောင်းတတ်လို့ပေးလိုက်တာလားတော့ မပြော တတ်ဘူး။ ခလရ(၁၁) မှာ တပ်ရင်းက အခြားအရာရှိ၊ စစ်သည်တွေနဲ့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သူရဲကောင်း လက်မှတ်ကို ရခဲ့ဘူးတာရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်ရေးရာဇ၀င်မှာ ဖြည့်စွက်ထားတဲ့ သူရဲ ကောင်းဘွဲ့ဆိုတာ မဟုတ်ပါဘူး၊ နောက်ပြီး ယာယီတပ်ရင်းမှူးလည်း မဟုတ်ပါဘူး၊ ဒုတိယတပ်ရင်းမှူးပါ၊ မှားပြီးဖြည့်တာလား၊ တမင်သက်သက်လားဆိုတာ ကာယကံရှင်မှဘဲသိတော့မှာပါ။

အဲလိုနဲ့ ခလရ(၆၅)မှာ ဒုတိယတပ်ရင်းမှူးတာဝန်ထမ်းဆောင်တဲ့အချိန် မိုင်းတုံနယ်မြေ ပါချီးဒေသမှာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်တော့ အပြောအဆိုကမတတ်၊ ထုံးစံအတိုင်း နိုင်ငံတော်နဲ့ တပ်မတော်အကြီး အကဲတွေအပေါ် မဟုတ်မမှန်ဝေဖန်ပြောဆိုခဲ့တဲ့အတွက် သူ့လက်အောက်က တပ်ခွဲမှူး ဗိုလ်မှူးတွေ၊ ဗိုလ်ကြီး တွေ၊ ဆရာတွေက သတင်းပို့ခဲ့လို့ တပ်မတော်ကနေပြီး အငြိမ်းစားပေးခဲ့ရသူဖြစ်ပါတယ်။

ဒီလိုစိတ်ဓာတ်ရှိတဲ့သူဟာ အခုတော့ မူလ “ ဗီဇ ” ပေါ်လာပြီး လွှတ်တော်စွမ်းရည်မြှင့်သင်တန်းမှာ တပ်မတော် ကို ထိပ်တိုက်ဝေဖန်တဲ့ မေးခွန်းတွေမေးလာခဲ့ပါတယ်၊ သူ့အနေနဲ့ ထူးခြားတဲ့သူရဲကောင်း တစ်ဦး(Hero) အဖြစ် ဖောက်ထွက်ချင်နေတာပါ၊ ဒါပေမယ့် ရာဇ၀င်မကောင်းခဲ့သူတစ်ဦးဖြစ်နေလို့.. ခွေးမြီးကောက်ကို ကျည်တောက် စွပ်ပေးလဲ မထူးခြားပါဘူး။ ကျည်တောက်ပြန်ချွတ်ရင် နဂိုအတိုင်းပဲ ပြန်ဖြစ်နေအုံးမှာပါ။ ကိုယ့်လက်အောက် ငယ်သား အပေါ်မှာတောင် မျှတတဲ့ခေါင်းဆောင်မှု မပေးနိုင်ခဲ့တဲ့သူ၊ သံယောဇဉ်ဆိုတာ မသိတဲ့သူက ပါတီထဲ မှာလည်း ဦးဆောင်မှုပေးနိုင်ပါ့မလား၊ ကြောက်စရာတော့ ကောင်းသား ခင်ဗျ။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြမယ်ဆိုတဲ့ အာဏာရ ပါတီနဲ့ တပ်မတော်ကြားမှာထားရှိတဲ့ အခြေအနေကောင်းတွေဟာ ကိုဖေချစ်တို့လို တပ်မတော်မှာ ကိုယ်ကျင့် တရား၊ စိတ်ဓာတ်ညံ့ဖျင်းလို့ ပစ်ဖဲဖြစ်နေတဲ့သူ၊ အမတ်တွေကြောင့် နားလည်မှုတွေ၊ အထင်အမြင်တွေ လွဲမှား သွားစေနိုင်တယ်ဆိုတာ အာဏာရပါတီအနေနဲ့ သဘောပေါက်သင့်ပါတယ်၊ ဘာပဲပြောပြော ခုလို အကူး အပြောင်းကာလမှာ အင်မတန်မှဂရုစိုက်ရမယ့် အချိန်ကာလဖြစ်နေလို့ပါ၊ ဒီလိုပါပဲ ကိုဖေချစ်လို လူစားတွေကို ခွင့်လွှတ်ပေးထားမယ်၊ ထိန်းကျောင်းမှုမရှိဘူးဆိုရင်တော့ ရှေ့လျှောက်ပြီး ဆက်ဆံရေးတွေ ဘယ်လိုဖြစ်လာ မလဲ ဆိုတာတော့ မခန့်မှန်းနိုင်ဘူး၊ မတွေးဝံ့တော့ပါဘူး။

အခုလို ဆွေးနွေးပြောဆိုမှုတွေဟာ အာဏာရပါတီထဲမှာ အငုတ်တစ်ခုပေါ်ထွက်လာတာပဲဖြစ်တယ်လို့ မြင်ပါ တယ်၊ အဲဒီအငုတ်ကတော့ ရှင်သန်ကြီးထွားပြီး ဖူးပွင့်ဝေဆာလာမဲ့အငုတ်တော့ မဖြစ်နိုင်ဘူး၊ အန္တရာယ်ဖြစ် စေမယ့် ဆူးညှောင့်ခလုပ် အငုတ်သာဖြစ်ပါတယ်၊ ဒီအငုတ်ကို ရှင်းသင့်တယ်လို့မြင်ပါတယ်၊ ဒါမှမဟုတ် ဒီလို မေးခွန်းတွေကို ဘယ်သူကမေးမြန်းခိုင်းတာလဲ၊ ပါတီကလည်း မခိုင်းဘူး၊ သူသဘောနဲ့သူ မေးတာဆိုရင်တော့ ဘယ်လို လုပ်ကြမှာလဲ၊ အန္တရာယ်အငုတ်နော်၊ ဒါကြောင့်မို့ ကိုဖေချစ်တို့ လုပ်ချလိုက်ပုံကတော့ ဦးနှောက်မရှိသူ တစ်ဦးလို၊ ဇီကာဗိုင်းရပ်စ်ကူးစက်ပြီး မွေးဖွားလာတဲ့ ကလေးတစ်ဦးလို ဖြစ်နေပါ တယ်လို့ ...။
-
ဗိုလ်ထိန်(၄၃)
-
(အဆိုပါ ဆောင်းပါးသည် နေ့စဉ်သတင်းထံသို့ ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်)

No comments:

Post a Comment