Thursday, April 3, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၃/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်
၁၃၇၅ ခု၊ တန်ခူးလဆန်း ၃ ရက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ စကားပြောကြေး နန်းဖြင့် ဆက်သွယ်ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

၁။ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် စကားပြောကြေးနန်းဖြင့် ဆက်သွယ်၍ အောက်ပါ အတိုင်း ဆွေးနွေး ပြောကြားခဲ့သည်-
(က)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်များ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်မီ ထိန်းသိမ်းမှုကို ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေတည်ငြိမ်၍ တရားဥပဒေ စိုးမိုးမှု ပြန်လည်ရရှိနေပြီဖြစ်ကြောင်း၊
(ခ)
ယင်းဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဘေးကင်း လုံခြုံရေးနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် အဆောက်အအုံများ လုံခြုံရေးတို့ အတွက် အပြည့်အဝကာကွယ်စောင့်ရှောက်ပေးထားကြောင်း၊
(ဂ)
စစ်တွေမြို့မှ ပြန်လည်ထွက်ခွာလိုသော အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများနှင့် လုပ်သားများ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသူများနှင့် အဆောက်အအုံများ လုံခြုံရေး အပါအဝင် လိုအပ်သော ပံ့ပိုးမှုများကိုလည်း အစိုးရက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
(ဃ)
ကုလသမဂ္ဂမှ လူသားချင်း စာနာထောက်ထားသော ထောက်ပံ့ ကူညီမှု များအတွက် ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက်၍လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူသားချင်း စာနာ ထောက်ထားရေးဆိုင်ရာ ကူညီမှုများအား ထိရောက်စွာ ထောက်ပံ့နိုင် စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
(င)
စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အပေါ် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေး၍ စစ်ဆေးစေလျက်ရှိပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံ တင်ပြစေရန် ဆောင်ရွက်ထားကြောင်း၊
(စ)
နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေနှင့် မညီညွတ်သော မည်သည့် ချိုးဖောက်မှုမျိုးကိုမဆို တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း၊
(ဆ)
မြန်မာနိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို နိုင်ငံတကာ အဆင့်အတန်းနှင့် ညီညွတ်စေရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊
(ဇ)
ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား လေ့လာနိုင်ရန် နိုင်ငံ တကာမှ လေ့လာသူ ၂၀ ဦးကို လက်ခံထားရှိကြောင်း၊
(ဈ)
ဒုတိယသမ္မတဦးစီး၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ပါဝင်သောအဖွဲ့အား ရခိုင်ပြည်နယ်သို့ စေလွှတ်၍ လိုအပ်သည့် စီမံခန့်ခွဲမှု များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်စေ ခဲ့ကြောင်း။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကုလသမဂ္ဂ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

From:သမ္မတရုံး

No comments:

Post a Comment