Saturday, November 2, 2013

သမ္မတကြီးဦးသိန်းစိန် အောက်တိုဘာလကုန် ရေဒီယိုမိန့်ခွန်း (အပြည့်အစုံ)

မိဘပြည်သူများခင်ဗျား-
ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ 
ဆက်သွယ် ပြောကြားတဲ့  အစီအစဉ်မှာ 
 လက်ရှိ ဖော်ဆောင်နေတဲ့ နိုင်ငံရေး
 ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေနဲ့
 ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေရဲ့   ဖြစ်
ထွန်း တိုးတက်မှုတွေကို ရှင်းလင်း 
တင်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဦးစွာ အောက်တိုဘာလ ကုန်ပိုင်းမှာ ကျင်းပ ပြုလုပ်လျက်ရှိသည့်   လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အစည်းများ ရဲ့ ခေါင်းဆောင်များ ပါဝင် တက်ရောက်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲကို  ကြိုဆိုကြောင်း ပြောကြား လိုပါတယ်။  ဒီဆွေးနွေးပွဲဟာ   များမကြာမီ ကျင်းပပြုလုပ်ရန်  ပြင်ဆင်နေတဲ့  တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ    သဘောတူညီချက် လက်မှတ်ရေးထိုးပွဲကို  ဦးတည်ကျင်းပ နေကြောင်းလည်း သိရှိရပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေဟာ အပြုသဘော ဆောင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားနေတဲ့ ရေရှည် ခိုင်မာတဲ့ ငြိမ်းချမ်းရေးရရှိရန် ဦးတည်ဆွေးနွေး နေတယ်လို့သိရတဲ့ အတွက်လည်း ကျွန်တော့်အနေနဲ့ အထူးပင် ဝမ်းမြောက်မိ ပါတယ်။ ရလဒ်ကောင်းများ ရရှိပြီး တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘော တူညီချက် လက်မှတ်ရေးထိုးပွဲသို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တက်ရောက်လာရန် ကြိုဆိုလျက်ရှိကြောင်းကိုလည်း ကျွန်တော့် အနေနဲ့ ဒီနေရာကနေ ထပ်လောင်း ပြောကြားလိုပါတယ်။

တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို အနည်းငယ် ရှင်းပြလိုပါတယ်။ ရည်ရွယ်ချက်များကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆို ချက်များကို ညှိနှိုင်းဖြည့် ဆည်းပေးလိုခြင်း၊  ရေးထိုးပြီးဖြစ်သည့်  အပစ်အခတ် ရပ်စဲရေးဆိုင်ရာ   သဘောတ ညီချက် အဆင့်ဆင့်ကို ထပ်လောင်း အတည်ပြုလိုခြင်းနှင့် လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ   လုပ်ငန်းစဉ် အဆင့်ဆင့်ကို စတင်လိုခြင်းကြောင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်မံအတည်ပြု ပြောကြားလိုတဲ့ ကိစ္စကတော့ ယခုအကြိမ် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကမ်းလှမ်းခဲ့ခြင်းသည် အပစ်အခတ် ရပ်စဲရေး အဆင့်တွင် ရပ်တန့်ထားရန် မဟုတ်ဘဲ ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးများကို    အခြေခံပြီး  နိုင်ငံရေး ဆွေးနွေးပွဲများကို တက်လှမ်းနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိကြောင်းပင် ဖြစ်ပါတယ်။ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ် တစ်လျှောက်တွင်    ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ ချမှတ်ခြင်းမရှိဘဲ တိုင်းရင်းသားများ၏ အဆိုပြုချက်အားလုံးကို  လက်ခံဆွေးနွေး ခဲ့ကြောင်းကိုလည်း ရှင်းလင်းပြောကြား လိုပါတယ်။ ဒီလိုလုပ်ဆောင် နိုင်ခဲ့တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုရရှိ အောင်မြင်ထားတဲ့ အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး များမကြာမီ ကာလက ဖြစ်ပွားခဲ့သည့်  စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ဖြစ်သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းနဲ့  ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တာကိုလည်း အများအသိပင် ဖြစ်ပါသည်။ ဒါ့ကြောင့် မိမိတို့ရရှိထားတဲ့ အပြန်အလှန်ယုံကြည်မှုကို အခြေခံပြီး လက်ရှိလိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အဓိကကျသည့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်ခြင်း အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု  ကျွန်တော့်အနေနဲ့   မျှော်လင့် ယုံကြည်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေး ဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို  နှေးကွေးသည်၊ မြန်ဆန်လွန်းသည်  အစရှိသည့် ပြောကြားချက် များသည်  ပြောကြားသူတို့၏ ရပ်တည်ချက်၊  ကြည့်မြင်သည့် ရှုထောင့်နဲ့ တိုင်းတာသည့် စံချိန်၊ စံညွှန်းများပေါ်တွင် မူတည်မည် ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အခြေခံ ဥပဒေဆိုင်ရာ နိုင်ငံရေး ဆွေးနွေးမှုများ၊ ပြောဆိုငြင်းခုံမှုများ၏ အနေအထားကို သုံးသပ်ကြည့်ရှုပါက မိမိတို့လူ့အဖွဲ့အစည်းတွင်ရှိရမည့် ဒီမိုကရေစီရေးဆိုင်ရာ အလေ့အကျင့်များ စတင်ရှင်သန်လာခြင်း ဖြစ်သည်ကို ငြင်းဆို၍ မရသည့် အချက်အဖြစ် တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဤအလေ့ အကျင့်များ  ဆက်လက်ရှင်သန် အမြစ်တွယ် ခိုင်မာရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အနေနှင့် မိမိတို့အားလုံး ကြိုးပမ်း သွားရမှာ ဖြစ်ပါတယ်။ ကြိုးပမ်း ဆောင်ရွက်ရာတွင်လည်း ဆောင်ရွက်မှုနှေးကွေးသဖြင့် ဒီမိုကရေစီအရေးကို နှောင့်နှေးစေသည့် အစွန်းနဲ့ မြန်ဆန်လွန်းသည့်အတွက်  အလှမ်းကျယ်၊  အလယ်လပ်သည့်  အစွန်း နှစ်ပါးကို ရှောင်ရှားပြီး မိမိတို့လူ့အဖွဲ့အစည်း အနေနှင့် လက်ရှိနိုင်ငံရေး အရှိတရားများကို အခြေခံသည့် လက်တွေ့ကျသည့် ရလဒ်များရရှိရန် ကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်၍လည်း အစွန်းရောက်ခြင်းကို ရှောင်ရှားပြီး ပြည်သူလူထုအများစု၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံရေးစေတနာ ကောင်းများဖြင့် မိမိဖြစ်လိုသည့် ဆန္ဒထက် မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့    ဖြစ်ပေါ်လာနိုင်သည့် အနာဂတ်ရဲ့  ကောင်းကျိုး ဆိုးကျိုးတွေကို စဉ်းစား တွက်ဆပြီး ဓမ္မဓိဋ္ဌာန်ကျကျ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါတယ်။  ကျွန်တော်တို့   ကြိုးပမ်း အကောင်အထည် ဖော်နေတဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွှတ်ရေးကို ရှေးရှုပြီး လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေ   နိုင်ငံရေးအကျဉ်းသား ၅၆ ဦးကို  လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား တစ်ဦးတစ်ယောက်မှ မကျန်ရှိစေရအောင်လည်း ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း  အသိပေးပြောကြား လိုပါတယ်။

ကျွန်တော့်အနေနဲ့  အောက်တိုဘာလအတွင်းမှာ   ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ကျွန်တော့်ခရီးစဉ် ကာလအတွင်း သံတွဲမြို့မှာ ပဋိပက္ခများ ဖြစ်ပွားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်များကို သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အားလုံး ကြိုးပမ်း တည်ဆောက်လျက်ရှိတဲ့  ပွင့်လင်း လွတ်လပ်သော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာရေးအတွက် စိန်ခေါ်မှုများ များစွာရှိနေသေးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံး အနေနှင့် အတူတကွ လက်တွဲ ရင်ဆိုင်ဖြေရှင်း ကြရဦးမှာဖြစ်ပါတယ်။ ပြဿနာများကို ဖြေရှင်းရာမှာ အခြေခံအကျဆုံး ဖြစ်သည့် တရားဥပဒေ စိုးမိုးရေးနှင့်  ဒေသတည်ငြိမ်ရေးကို  ယခုထက် ပိုမို တိုးမြှင့်လုပ်ဆောင်ရန် ဒေသအာဏာပိုင် များကို ကျွန်တော့်အနေနဲ့ ညွှန်ကြားထားပြီး ဖြစ်သလို လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များနဲ့  ရပ်မိရပ်ဖများ ကိုလည်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းပြောကြား ထားပြီးဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပြည်သူလူထုကို ကျွန်တော့်အနေနဲ့  တင်ပြလိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူးကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဘရူနိုင်းနိုင်ငံမှ လွှဲပြောင်းရယူခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဥက္ကဋ္ဌရာထူးကို ၁၇ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ခြင်းဟာ အာဆီယံအဖွဲ့ကြီး အနေနဲ့သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ မြန်မာနိုင်ငံ အစိုးရ၊ မြန်မာ ပြည်သူလူထုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ်မှာပါ ယုံကြည်မှု ရှိတဲ့အကြောင်းကို ပြသခြင်းလည်း ဖြစ်ပါတယ်။

ဒီလို အာဆီယံ ဥက္ကဋ္ဌရာထူးကို  လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်နိုင်ခြင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း ဖြစ်သလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့  ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ တိုးတက်မှုတွေဟာ အာဆီယံဒေသတွင်းမှာ ဂုဏ်ယူနိုင်တဲ့အဆင့် ရောက်ရှိနေပြီဟု ယုံကြည်ပြီး တာဝန်လွှဲအပ်ခြင်း ခံရတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားများ အားလုံးအတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
အာဆီယံဥက္ကဋ္ဌ တာဝန်ဟာ  အာဆီယံအဖွဲ့ကြီးကို  ဦးဆောင်မှုပေးရုံ သာမဟုတ်ဘဲ  အာဆီယံအဖွဲ့ကြီးနဲ့  ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဥရောပသမဂ္ဂ၊ ရုရှားနိုင်ငံတို့နဲ့   ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း ဦးစီးဦးဆောင် ပြုလုပ်သွားရမှာ  ဖြစ်ပါတယ်။  ၂၀၁၅ မှာ အာဆီယံ စီးပွား ရေးအသိုက်အဝန်းကို ဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်းတွေ၊  တာဝန် တွေလုပ်ဆောင်ဖို့  ရှိနေတဲ့အတွက်  ကျွန်တော်တို့  အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရမယ့် လာမယ့် နှစ်ဟာဆိုရင်  အလွန်အရေးကြီးတဲ့  နှစ်တစ်နှစ် ဖြစ်ပါတယ်။  အာဆီယံ ဥက္ကဋ္ဌ တာဝန်ကိုယူထားချိန်မှာ အာဆီယံဆိုင်ရာ အဆင့်မြင့် တွေ့ဆုံပွဲတွေနဲ့ အစည်းအဝေးကြီးတွေကို လက်ခံကျင်းပပြုလုပ် သွားဖို့ရှိပြီး  နိုင်ငံတကာဆိုင်ရာ အရေးကြီး ကိစ္စရပ်များကိုလည်း ဦးဆောင် ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။
လာမယ့်နှစ် အတွင်းမှာ အာဆီယံအဖွဲ့ကြီးကို ဒေသတွင်း  အင်အားစု တစ်ခုအနေဖြင့် အင်အားကောင်းလာအောင် ဆောင်ရွက်သွားရမှာဖြစ်သလို အာဆီယံနဲ့ ကမ္ဘာ့အသိုင်းအဝိုင်း အကြား  ဆက်ဆံရေးတွေ မှာလည်း  ပိုမို တိုးတက်ကောင်းမွန် လာအောင် ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့အသိုင်း အဝိုင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး ပုံစံသစ်တစ်ရပ်ကို ပြန်လည် တည်ဆောက်နေခြင်းရဲ့ ပြယုဂ်တစ်ခု လည်း ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအရလည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား သက်သက်ကို အကာအကွယ်ပေးရုံ သာမကဘဲ   နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်သိတတ်တဲ့၊ တာဝန်ယူတတ်တဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင်လည်း ကြိုးပမ်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဒီလပြောကြားတဲ့  ကျွန်တော့်ရဲ့ တင်ပြပြောဆိုချက်များကို ခြုံငုံကြည့် မယ်ဆိုရင် မိမိတို့ လူ့အဖွဲ့အစည်းဟာ အရေးကြီးသည့် ကာလတစ်ခုကို ဖြတ်သန်းပြီး နိုင်ငံရေးဖြစ်စဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တည်ဆောက်နေရတာ ဖြစ်ပါ တယ်။ ဒီလုပ်ငန်းစဉ် အဆင့်ဆင့်မှာလည်း စိန်ခေါ်မှုများ ပြည့်နှက်နေပြီး ၎င်းစိန်ခေါ်မှုများကို အဆင့်အလိုက် ရင်ဆိုင်ဖြေရှင်း နေရချိန်လည်းဖြစ်ပါတယ်။ တစ်ဖက်တွင် ပြဿနာမျိုးစုံ ဖြေရှင်းကျော်လွှား နေရသော်လည်း အခြားတစ်ဖက်တွင် အာမခံချက်ရှိသည့် မျှော်လင့်ချက်များကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့်  ထိုမျှော်လင့်ချက်တွေကို အခြေခံပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံရေးဖြစ်စဉ်များ ရှင်သန်မှုကို မိမိတို့အားလုံး ပူးပေါင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုပါတယ်။  ကျွန်တော့် အနေနဲ့ ကတော့  ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ  ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့လူမှုစီးပွားဘ၀ ပိုမိုတိုးတက် ကောင်းမွန်လာ အောင် နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက်ပါ  ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘ၀တွေ ပိုင်ဆိုင်လာကြဖို့ အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ်  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း  ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
မိဘပြည်သူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။

No comments:

Post a Comment