From : .. MWD
ရန်ကုန်မြို့နှင့် မလှမ်းမကမ်း မြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ်ခဲ့သော နှစ်ပေါင်း ၄ဝဝ ခန့် ကြာမြင့်ပြီ ဖြစ်သည့်ဓမ္မစေတီ ခေါင်းလောင်း
တော်ကြီးကို သြဂုတ် ၁ဝ ရက်တွင် ဒုတိယအကြိမ် ရေငုပ်သမား များဖြင့် ရှာဖွေလျက်ရှိရာ သာကေတ မြို့နယ် ရှုခင်းသာနှင့် အေးရှားပွိုင့် ဘိုးလင်းစင် တာဝင်း အနောက်ဘက်ကမ်း မှ
လာရောက်ကြည့်ရှု လေ့လာသူ များပြားလျက်ရှိသည်။
အဆိုပါ ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးတွင် ဦးစံလင်းက ဦးဆောင်၍ ဆလုံ ရေငုပ်သမား များ၊ ကော့သောင်းမှ ရေငုပ်သမားများနှင့် တပ်မတော်မှ ရေငုပ်စစ်သည်များ အပါအဝင် စုစုပေါင်း လူအင်အား ၈ဝ ခန့်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ရှာဖွေရာတွင် ခေါင်းလောင်း ဆယ်ယူ မည့် နေရာသည် မြစ်လယ်၌ ရှိပြီး သြဂုတ် ၁ဝ ရက်တွင် ပထမနေ့ အဖြစ် စတင်ကာ နံနက် ၁၁ နာရီခွဲတွင် မြစ်ရေတက်ပြီး ရေလည်ချိန် ၁၂ နာရီတွင် တစ်ကြိမ်၊ ရေပြည့်ချိန် ၂ နာရီတွင် တစ်ကြိမ် ငုပ်ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ဒုတိယနေ့ အဖြစ် အဆိုပါ အချိန်ဇယား အတိုင်းထပ်မံ ငုပ်ခဲ့ကြောင်း ထိုခေါင်းလောင်း ဆယ်ယူရေး စီမံကိန်းမှ သိရသည်။
အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ၁၉၈၈ ခုနှစ် မတိုင်မီ ပထမဆုံး ပုဂ္ဂလိက သီးသန့် တူးဖော်ခြင်း အဖြစ် ရှာဖွေခဲ့သော ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သမိုင်း သုတေသနဌာနနှင့် အမျိုး သား စာကြည့် တိုက် ဦးစီးဌာန မြန်မာ့သမိုင်း အဖွဲ့မှ ပါမောက္ခ(ငြိမ်း) ဦးကျော်က ''ကျွန်တော်တို့ အဖွဲ့ က ၁၂ ဦး အဖွဲ့ဖြစ်ပြီး ရွှေတိဂုံ စေတီတော်မှာ ခေါင်းလောင်းကြီး ရှိခဲ့တာလည်း မှန်ကန်ကြောင်း၊ မြစ်ဆုံမှာ နစ်မြုပ်ခဲ့ပြီး ဆယ်ယူမည့်သူ မရှိခဲ့တာလည်း မှန်ကန်တဲ့အတွက် ၁၉၅၂-၅၃ ခုနှစ်မှာ နိုင်ငံတော် အကြီးအကဲထံ တူးဖော်ရှာဖွေခွင့် စာတင်ပြီး ပထမဆုံး ဆယ်ယူရေး လုပ်ခဲ့ကြပါတယ်'' ဟု ပြောကြားသည်။
''အဲဒီဆယ်ယူရေးမှာ သုံးပတ်ကြာပြီး ရေအောက်မှာ သင်္ဘောပျက်လို တွေ့ခဲ့ရတယ်။ ''တစ်ရက်မှာတော့ သင်္ဘောပျက် တွေ့ခဲ့ပြီး ဘေးမှာ ဂျင်ပုံလို့ ထင်ရတဲ့ မြေဝါကျောက် စရစ်တွေ ဖုံးအုပ်နေတဲ့ အရာတစ်ခုကို နင်းမိ စမ်းမိကြောင်း ရေနောက်ကျိနေတဲ့ အတွက် ရှင်းရှင်းလင်းလင်းတော့ မတွေ့ရပါဟု ကျွန်တော်တို့ အဖွဲ့ရဲ့ ရေငုပ်သမား တစ်ဦး ပြောလာတဲ့ အတွက် သေချာသိရအောင် ကျွန်တော်ကိုယ်တိုင် ဆင်းပြီး ငုပ်ခဲ့ပါတယ်။ အဲဒီအခါ ရေအောက်မှာ ရေစီးသန်ပြီး ရေတွေက နောက်ကျိနေတော့ ကိုင်စရာမရှိတဲ့ အတွက် ထိုဂျင်ပုံသဏ္ဌာန် အဝိုင်းကို ကိုင်တွယ်စဉ် ချော်သွားပါက သူ့ရဲ့နံဘေးမှာရှိတဲ့ သင်္ဘောပျက်အတွင်း ကျသွားရင် ပြန်ထွက်ဖို့ မလွယ်ဘူး၊ အောက်ခြေအထိ ငုပ်ရန်လည်း မလွယ်ကူတာကြောင့် ပြန်တက်ခဲ့ပါတယ်'' ဟု ပြောသည်။
အဆိုပါ ရေငုပ်သမား၏ ထပ်မံပြောကြား ချက်အရ ရေငုပ်ခဲ့စဉ် ထွေထွေထူးထူးတွေ့ ကြုံခဲ့မှုမရှိဘဲ ခေါင်းလောင်းလို့ ယူဆရသော ဂျင်ပုံသဏ္ဌာန် အလုံးကြီးနှင့် စီဘီပျက် (သင်္ဘောပျက်) ရှိနေတာကတော့ အခိုင်အမာ ဖြစ်ကြောင်း ရွှေဆင်းတု ရုပ်ပွားတော်တွေနဲ့ ရတနာပစ္စည်းတွေ၊ အခြားခေါင်းလောင်းနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေကိုတော့ မတွေ့ခဲ့ရကြောင်း ဦးကျော်၏ ပြောကြားချက် များအရ သိရသည်။
နာဂစ်မုန်တိုင်း အပြီးတွင် ရန်ကုန်မြစ်ကြောင်း ရှင်းလင်းရေး လုပ်ငန်းစဉ်များတွင် သင်္ဘောပျက်များ ရှာဖွေဆယ်ယူရေး၌ အမေရိကန် ခေတ်မီ သင်္ဘောများဖြင့် ဆယ်ယူခဲ့မှုများတွင် အဆိုပါ ခေါင်းလောင်းနှင့် ပတ်သက်၍ မည်သည့် အချက်အလက် တစ်စုံတစ်ရာမှ မတွေ့ရကြောင်း သိရသည်။ ရေငုပ်သမား ဦးကျော်တို့အဖွဲ့ ဆယ်ယူပြီးနောက် ထပ်မံ၍ အဖွဲ့(၁၂)ဖွဲ့ ဆယ်ယူခဲ့ပြီး ပြည်ပမှ အဖွဲ့(၃)ဖွဲ့ ပါဝင်ကြောင်း သိရသည်။ အစိုးရသစ် လက်ထက် ယခုနှစ်ဆန်းပိုင်းတွင် ကျိုက်ထီးဆောင်း ဆရာတော်ကြီးမှ ရှာဖွေခဲ့ပြီး ယခုအခါ ဦးစံလင်းမှ ထပ်မံရှာဖွေ ဆယ်ယူ ခြင်း ဖြစ်ကြောင်း သိရသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး ရှိသည်ဟု ယူဆရသော မြစ်ဆုံနေရာတွင် အင်္ဂလိပ် လက်ထက်၌ ပုစွန်တုပ်ကွေး ခေါင်းပိုင်း ပေါ်နေပြီ ဟူ၍ ပြောဆိုခဲ့ဖူးကြောင်း၊ အင်္ဂလိပ်နှင့် ရုရှားမှ သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းများဖြင့် ရှာဖွေ ထောက်လှမ်းခဲ့ရာတွင် သံထည်ပစ္စည်း ရှိကြောင်း သိရှိခဲ့ပြီး သင်္ဘောပျက်များ ရှိသည်ကိုလည်း လက်ခံကြောင်း၊ ပြည်ပ အကူအညီဖြင့် ခေါ်ယူကာ တူးဖော် မည်ဆိုလျှင် ငွေကြေးကုန်ကျမှု များပြားနိုင်ပြီး စင်ကာပူ ကုမ္ပဏီမှ အကုန်အကျခံ၍ တူးဖော် ရေး ကိစ္စအား ညှိနှိုင်းခဲ့ရာ တောင်းဆိုချက်များ များပြားသည့်အတွက် မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သမိုင်း သုတေသန၏ အစီအစဉ်ဖြင့်သာ ရှာဖွေလေ့လာခဲ့ခြင်း ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန နှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်
No comments:
Post a Comment