Saturday, November 2, 2013

၂ဝ၁၂ ခုနှစ် အကယ်ဒမီဆု ချီးမြှင့်ပွဲ အတွက် အနုပညာရှင် တို့၏ အကြံပြုချက်


၂ဝ၁၂ ခုနှစ် မြန်မာရုပ်ရှင်ထူးချွန်ဆု
ချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်း
စဉ်များဖြစ်သည့် ဒစ်ဂျစ်တယ် စနစ်ဖြင့်
 စင်မြင့်တည်ဆောက်မှု၊ မီးအလှဆင် 
လုပ်ငန်းများဆောင်ရွက်မှု၊ ကျင်းပ
မည့်နေရာနှင့် ပတ်ဝန်းကျင် အလှုပြင်
ဆင်မှု၊ ဧည့်ခံကျွေးမွေးရေး အစီအစဉ်များ
 ဖျော်ဖြေရေး အစီအစဉ်များ၊ အစီအစဉ်
 ကြေညာသူနှင့် ဗန်းကိုင် တို့အတွက် 
လက်ဝတ်ရတနာ၊ မိတ်ကပ်နှင့် ပန်းအလှပြင် လုပ်ငန်းများ၊ ဖိတ်စာနှင့် မှတ်တမ်း စာအုပ်၊ လက်မှတ် ရောင်းချမှုများ၊ ရုပ်သံရိုက်ကူး ထုတ်လွှင့်မှုနှင့် မီဒီယာ များ၏ သတင်း ရယူမှု စသည့် လုပ်ငန်းရပ်များအတွက် အိတ်ဖွင့်တင်ဒါစနစ်ကို အောက်တိုဘာ ၂၈ ရက် မှ နိုဝင်ဘာ ၂၂ ရက် အတွင်း လျှောက်ထားနိုင်သည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှသိရသည်။ အကယ်ဒမီပွဲ အခမ်းအနား အတွက် အောက်တိုဘာ ၁၆ ရက်နေ့က ကျင်းပသော ဆွေးနွေးပွဲ၌ အနုပညာရှင်များ၏ အကြံပြုချက်များကို စုစည်း ဖော်ပြပေးလိုက်ပါသည်။
ဒါရိုက်တာအောင်မြင့်မြတ်

“အကယ်ဒမီ ရင်ခုန်သံကို ရုပ်ရှင်အစည်းအရုံးက ရိုက်မယ်လို့ တင်ပြထားကြောင်း သိရပါတယ်။ တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေ နဲ့ပဲ ရိုက်ကူးသင့်ပါတယ်။ ပထမဦးဆုံး လုပ်ရမှာက အကယ်ဒမီ စာရင်းဝင် (၇)ကား ရဲ့ ကောက်နုတ်ချက်တွေ ဘယ်နှမိနစ်ပြမယ် ဆိုတာမျိုး အရင် ဆုံးလုပ်ကြပါ။ ဟိုတစ်လော ကပြော တဲ့ People Choice ကရှိချင်လည်းရှိမယ်။ ဒါတွေက အစောကြီး ကတည်းက (၇)ကားထဲက လုပ်ကြပါ။ ဘယ်သူရယ် ဘယ်ဝါရယ်မဟုတ်ဘဲ နဲ့ အင်တာဗျူးလုပ်မယ့်သူက အစွန်းမရောက်အောင် မေးတတ်ဖို့တော့ လိုလိမ့်မယ်။ ပြောတဲ့သူကလည်း ဘယ်လိုကြိုးစားထားပါလဲဆိုတာမျိုးပဲ ပြောသင့်ပါတယ်။ အစွန်းရောက်တဲ့ အမေး အဖြေ မျိုးဖြစ်ခဲ့ရင် မတော်တဆ အကယ်ဒမီ ဆုနဲ့ လွဲချော်ခဲ့ရင် မကောင်းပါဘူး။ နောက်တစ်ခုက ဖျော်ဖြေရေး ကိစ္စပါ။ ရုပ်ရှင် ပွဲဖြစ်တဲ့ အတွက် ရုပ်ရှင်သီချင်းတွေကိုပဲ ဆိုစေချင်ပါတယ်။ အချိန်ရရင်ရသလို ရုပ်ရှင်သီချင်းတွေကို အကြိုလေ့ကျင့်စေချင်ပါတယ်။ ဒီလောက်လှပတဲ့ ရုပ်ရှင် သီချင်းတွေရှိရဲ့သားနဲ့ တခြား သီချင်းတွေမဆိုစေချင်ဘူး။ အနားနီးမှ ဟိုအနုပညာရှင်လား၊ ဒီအနုပညာရှင်လား ဆိုတာမျိုး မဖြစ် သင့်ပါဘူး။ ဒါတွေကို အပင်ပန်းခံလိုက်ရင် လှပတဲ့ရုပ်ရှင်ပွဲတစ်ခုဖြစ်သွားမှာပါ။ ကြိုတင်ပြင်ဆင်သင့် တာတွေ လုပ်သင့်ပါတယ်”

မင်းသားကြီးအောင်လွင်

“အာဆီယံနိုင်ငံ ဖြစ်တဲ့ မလေး ရှားနိုင်ငံက ရုပ်ရှင် ပွဲတော်မှာ အကဲဖြတ်ဒိုင်အဖြစ် သွားလုပ်ဖူးပါတယ်။ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားက ဒိုင်တွေလည်း ပါဝင်ပါတယ်။ သူတို့ဆီက ဇာတ်ကား ပေါင်း ၂၅ကားကို ကြည့်ခဲ့ ရပါတယ်။ အဲဒီမှာ ဘာတွေ ရလဲဆိုတော့ ဇာတ်ကားထဲ မှာပါတဲ့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ နဲ့ ဆုံခဲ့ ရတယ်။ နိုင်ငံတကာက ဇာတ်ကားတွေ ကို ခေါ်ယူပြသခဲ့တယ်။ ဒီနိုင်ငံမှာရော အဲဒီလို အနုပညာရှင်တွေ ခေါ်ယူပြီး အကဲဖြတ်ခိုင်းရင် အခွင့်အလမ်း တွေ ပွင့်လာ မလား၊ နောက်တစ်ခု က ရုပ်ရှင် သီချင်းတွေကို သရုပ်ဆောင် တွေနဲ့ မရမက ကြိုတင် တိုက်ပြီး လုပ် ချင်ပါတယ်။ အဲဒီအတွက် အပင်ပန်း ခံပြီး လုပ်ပေးပါမယ်”

ဒါရိုက်တာပန်းချီစိုးမိုး

“ပြည်ပနိုင်ငံတွေမှာ က နာမည် ကြီး သရုပ်ဆောင် တစ်ယောက် လာတယ် ဆိုရင် ပရိသတ်က ဘယ် ဘက်နဲ့ ညာဘက် မှာရှိတယ်။ အဲဒီ မှာ သရုပ်ဆောင်က သူ့ ကားမောင်း သမားနဲ့ သူလာတယ်။ ဒီသရုပ် ဆောင်က ကားပေါ်က ဆင်းတာ နဲ့ သူ့ဘာသာ ဆင်းပြီး ကော်ဇောပေါ် လျှောက်လာတယ်။ အဲဒါကို ဓာတ်ပုံ ဆရာတွေက အဝေး ကြည့်မှန်ပြောင်း တွေနဲ့ ဓာတ်ပုံ ရိုက်ကြတယ်။ ဒီမှာက ဓာတ်ပုံ ဆရာတွေက Normal Lens လောက်နဲ့ ရိုက်ကြတဲ့အတွက် အနီးကပ် ရိုက်ကြတာများတယ်။ သဘောက အဝေးကြည့် မှန်ဘီလူးနဲ့ ဆိုရင် အဝေးတစ်နေရာကနေ စောင့်ရိုက်လို့ရတယ်။ တည်ပြီးရိုက်လို့ ရတယ်။ သတင်းဓာတ်ပုံလို အနီးကပ် ရိုက်စရာ မလိုဘူး။ တကယ်တမ်း ဒီလောက် ရှုပ်ထွေးစရာ အကြောင်းမရှိဘူး။ အထဲမှာ ဝင်ရိုက်မယ့် သူကလည်း နိုင်ငံပိုင် သတင်းစာနဲ့ အထင်ကရရှိတဲ့လူလောက်သာ ပေးဝင်သင့်တယ်။ နောက်ဆုံး ဖုန်း ကင်မရာနဲ့ပါ ဓာတ်ပုံဝင်ရိုက်တော့ အနုပညာရှင်ပါ ပျောက်နေတယ်။ ပရိသတ်ကလာ ကြည့်တာက အနုပညာရှင် ကိုလေ၊ အနုပညာရှင်က ကျော့ကျော့မော့ မော့နဲ့ လျှောက်လာကြတာ၊ လျှောက် လမ်း ကိုလည်း ရှည်ရှည်လေး ပေးလို့ ရတယ်။
 နိုင်ငံတကာမှာ လျှောက်လမ်းကို ကိုက်(၅ဝ) ကျော်လောက်ထားကြတယ်။ အဲဒီလျှောက်လမ်း တစ်လျှောက်မှ အနုပညာရှင်က လမ်းလျှောက်လာတဲ့အခါ ပရိသတ် က အနီးကပ် မြင်ခွင့်ရကြတယ်။ ဒီကိစ္စ ကိုတော့ သေချာလေး လုပ်ပေးစေချင်တယ်။ ပိတ်ဆို့ပြီး ဓာတ်ပုံရိုက် ကူးခွင့် မပေးသင့်ပါဘူး။ နောက်တစ်ချက် က လောကကြီးမှာ အမှား တစ်ခုကို သုံးသပ်ပြီးမှ အမှန်တစ်ခုကို လုပ်လို့ ရမှာလေ။ အမှားကို အမှားလို့ မမြင်ရင် အမှန်ကို ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး။ ရှေ့မှာ လုပ်ခဲ့တဲ့ အမှား တွေကို မြင်ဖို့ လိုပါတယ်။ လူကြီးတွေ ထိုင်ရတဲ့ ထိုင်ခုံတွေက စတိတ် စင် ထက် နိမ့်နေတာ တွေ့ရပါတယ်။ အဲဒီမြင်ကွင်း က တော်တော်ရုပ် ပျက်ပါတယ်။ စင်ရဲ့အကွာအဝေး ကို ထည့်သွင်း စဉ်းစားစေချင်ပါတယ်။ စင်ရှေ့မှာ ဝရုန်း သုံးကားဖြစ်တဲ့ အတွက် အနုပညာရှင်တွေ ရဲ့ လက် ဝတ် ရတနာတွေလည်း ပျောက်ဆုံး တတ်ပါတယ်။ အကယ်ဒမီ ပွဲကိုဖြစ် နိုင်ရင် နိုင်ငံတကာ အနုပညာရှင် တွေကို မ ဖိတ်နိုင်ရင်တောင်မှ အိမ် နီးချင်နိုင်ငံတွေက အနုပညာရှင်တွေ ကိုတော့ ဖိတ်ကြား သင့်ပါတယ်။ ပွဲ တစ်ပွဲ စည်ကားဖို့ အတွက် ကိုယ့် အနုပညာရှင်တွေပဲ ကျင်းပတာ ထက် နိုင်ငံ တကာက အနုပညာရှင်တွေ လည်း ပါဝင်သင့်ပါတယ်”

မင်းသားကြီးခင်မောင်ချင်း

“မနှစ်က အကယ်ဒမီ ပေးပွဲမှာ ဖျော်ဖြေရေးပိုင်း ကို တာဝန်ယူခဲ့ရ ပါတယ်။ တကယ်တမ်း တိုက်ထား တာက ရုပ်ရှင် သီချင်းတွေပါ။ သူတို့ က ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာ ရှင်တွေ စတင် ဝင်လာကတည်းက ရုပ်သံတွေ၊ စာနယ်ဇင်းတွေက အင်တာဗျူးတွေ လုပ်ကြတော့ သူတို့ ဖျော်ဖြေရမယ့် အချိန်ကို ရောက်မလာနိုင်ဘူး။ အချိန် ကလည်း ကွက်တိ လုပ်ရတယ်။ ဒါကြောင့် နီးစပ်ရာ အနု ပညာရှင်ကို ခေါ်တင်ပြီး ဖျော်ဖြေခိုင်း ရတယ်။ ဒီနှစ်တော့ အဆင်ပြေမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီလိုမျိုး အခက် အခဲတွေ မရှိအောင် ဝိုင်းဝန်းစဉ်းစား ပေးဖို့လိုအပ်ပါတယ်”

ဇာတ်ညွှန်းခင်လေးသိမ့်

“မနှစ်က ဗန်းကိုင်တွေ ကို စပြီး ရွေးတဲ့ အချိန်ကနေ ပွဲပြီးတဲ့အထိ ပါဝင်ခဲ့ပါတယ်။ ဒီမှာ အစီအစဉ် ကြေညာတဲ့ သူတွေက စတိတ်စင်ရဲ့ အနောက်ဘက် ကနေ ကြေညာ ရတဲ့ အတွက် အမှားမှား အယွင်းယွင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အစီအစဉ် ကြေညာတဲ့သူ ကို စင်မြင့်ရဲ့ ရှေ့ဘက် ထောင့်တစ်ထောင့် မှာ ရှိသင့်ပါတယ်။ မနှစ် က ဒေါ်ဆွေဇင်ထိုက် က အင်္ဂလိပ်လို အစီအစဉ် တင်ဆက်တာ တအားကောင်းပါတယ်။ စင်ရှေ့က ကြေညာရင် ပွဲတစ်ခုလုံး ကို မျက်ဝါး ထင်ထင် မြင်ရမှာ ဖြစ်သလို၊ စာရွက် ထဲက အတိုင်း မဟုတ်ရင်လည်း ကြို တင်ပြင်ဆင်နိုင်မှာပါ။ ဗန်းကိုင်တွေ အတွက် အဝင် အထွက်လည်း မမှားနိုင်တော့ဘူး။ မနှစ်က အနုပညာရှင် နဲ့ ပရိသတ်တအားနီးသွားပါတယ်။ နောက်တစ်ခု က အကယ်ဒမီ ပြကွက် တွေပြတဲ့အခါမှာ ဘေးက လူတွေက မမြင်ရပါဘူး။ တကယ် တမ်းပြတော့ လည်း ကုန် ပစ္စည်းကြော်ငြာတွေ ပဲ တွေ့ရပါတယ်။ ဒီပွဲ တက်ရောက်သူ အားလုံးက ဝန်ကြီး မိန့်ခွန်းတို့၊ အကောင်း ဆုံးပြကွက်တွေ၊ ဆုချီးမြှင့်တာတွေ၊ ကျေးဇူးတင်စကားပြော ကြားတာမျိုး တွေကိုပဲ ကြည့်ချင်ကြတာပါ။ အဲဒါတွေကို မမြင်ရတဲ့အခါ ကျတော့ ကိုယ့်အချင်းချင်းပဲ စကားတွေ ပြောနေကြတဲ့အတွက် ပွဲကနည်းနည်း ဆူသ လို ဖြစ်နေတယ်။ ဖြစ်သင့် ဖြစ်ထိုက်၊ မြင်သင့်တဲ့ ဟာတွေကို လွှင့်ပေးဖို့လို အပ်ပါတယ်။ မီးထွန်းညှိ ပုံကလည်း အဝင်မှာတော့ မျက်နှာပန်းလှပါတယ်။ ဒါပေမဲ့ အကယ်ဒမီ ပွဲပြီးလို့ ပြန်ထွက်တဲ့ အချိန် အပြင်ရောက်တဲ့ အချိန်မှာ မှောင်မည်းနေပါတယ်။ ဘာမီးမှ မရှိတော့ပါဘူး။ ဒါကြောင့် ပွဲပြီးတဲ့အထိ မီးတွေ ထွန်းထားပေးဖို့ လိုအပ်ပါတယ်”

သရုပ်ဆောင်အရိုင်း

“စတိတ်စင် ရဲ့ အရောင်အသွေး ကိုတော့ သေချာလေး လုပ်ဖို့ လိုအပ် ပါတယ်။ ဒီအကယ်ဒမီ ပွဲကြီးက တစ် နှစ်မှာ တစ်ကြိမ်ကျင်းပသလို၊ နိုင်ငံတော်ပွဲလည်းဖြစ် ပါတယ်။ အရောင်အသွေးရွေးချယ်မှုနဲ့ ဒီဇိုင်း ရွေးချယ်မှုက အရေးကြီးပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စတိတ်ရဲ့ အရောင်အဆင်း ရွေးချယ်မှုကို မကြိုက်ပါဘူး။ ပြင်ပက ဒီဇိုင်းပညာရှင်တွေကို အခကြေးငွေပေးပြီး ခေတ်နဲ့ လျော်ညီတဲ့ စတိတ်စင် ပုံစံမျိုးဖြစ်သင့်ပါတယ်။ ပွင့်ပွင့်လင်းလင်းဖြစ်တဲ့ အရောင်လား၊တက်ကြွတဲ့ အရောင်လား၊ တည်ငြိမ်တဲ့ အရောင်လား စတဲ့ အရောင်ရွေးချယ်မှုမျိုးရှိသင့်ပါတယ်”

No comments:

Post a Comment