သူကား စက်ချုပ်ဆရာ ဦးမောင်အေးပင်။ အနောက်တိုင်းဝတ်စုံနှင့် စစ်ယူနီဖောင်းများ ချုပ်ရာတွင် မြန်မာပြည်ရှိ နာမည်ကျော်စက်ချုပ်ဆရာများထဲမှ တစ်ဦးဖြစ်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများအတွက် အနောက်တိုင်း ၀တ်စုံများကို တာဝန်ယူချုပ်လုပ်ပေးလျက် ရှိသည်။
သမ္မတ ဦးသိန်းစိန်သည် ရန်ကုန်မြို့လယ်ကောင်က ဖက်ရှင်ပဲလေ့စ် အပ်ချုပ်ဆိုင်တွင် ပိတ်စနှင့် ကိုယ်တိုင်း တို့ကိုပေး၍ ပုံမှန်အပ်နှံလေ့ရှိပြီး ထိုဆိုင်က ဦးမောင်အေးလို ပညာရှင်ကို လခပေး၍ တစ်ဆင့်ပြန်လည် အပ်နှံလေ့ရှိသည်။
‘‘သမ္မတကို တစ်ခါမှ ကိုယ်တိုင်မတိုင်းဖူးဘူး။ ဒါပေမဲ့ သူ့အတွက် ချုပ်ရတာများတော့ သူ့ကိုယ်တိုင်းကို အလွတ်တောင် ရနေပြီ။ အခုနောက်ဆုံး ဂျပန်သွားတုန်းက အနောက်တိုင်းဝတ်စုံနှစ်စုံ ချုပ်ပေးထားတယ်’’ဟု သမ္မတ၏ ကိုယ်တိုင်းကို နှုတ်ကအလွတ်ရွတ်ပြရင်း ဦးမောင်အေးကပြောသည်။
ဖက်ရှင်ပဲလေ့စ်က ဦးမောင်အေးထံ အပ်နှံချုပ်လုပ်စေသလို သမ္မတအား စပွန်ဆာပေးချင်သူများ လာအပ်ကြသည်များလည်း ရှိသည်။ ‘‘သမ္မတကိုယ်တိုင်းကို သိနေတော့ သမ္မတကို ကန်တော့ချင်တဲ့သူတွေက ချုပ်ပေးဖို့ လာအပ်တာလည်း ရှိပါတယ်’’ဟု ၎င်းကဆိုသည်။
ယခင်စစ်အစိုးရလက်ထက် ဖက်ရှင်ပဲလေ့စ်ဆိုင်တွင် လက်ခစားဝန်ထမ်းလုပ်ခဲ့စဉ် ဒုတိယဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်စောမောင် အပါအ၀င် စစ်ဗိုလ်ချုပ်ကြီးများအတွက် ယူနီဖောင်းဝတ်စုံများစွာ ချုပ်ပေးခဲ့ရသည်။ စစ်ဗိုလ်ချုပ်ကြီးများအတွက် ၀တ်စုံချုပ်ရာတွင် ကြုံတွေ့ခဲ့ရသည့် အမှတ်တရအဖြစ်အပျက်များကို သူကပြန်ပြောင်းပြောပြသည်။
‘‘သူတို့ PSO တွေက မှာတာပဲလုပ်။ ဘာစကားမှမပြောနဲ့ဆိုပြီး ပြောခွင့်လည်းမပေးဘူး။ ဗိုလ်ချုပ်ကြီးတွေကို ကိုယ်တိုင်းတိုင်းနေချိန်မှာ စိတ်ပူတာ၊ စိုးရိမ်တာတော့မရှိပါဘူး။ ကျွန်တော့်ပညာ ကျွန်တော်ယုံတယ်’’ဟု ယခု Right 2 အမည်ဖြင့် ကိုယ်ပိုင်အပ်ချုပ်ဆိုင်ကို အင်းစိန်ရွာမတွင် ဖွင့်လှစ်ထားသော ဦးမောင်အေးက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။ ထိုသို့ နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အ၀တ်အစားများကို ဖန်တီးချုပ်လုပ်ပေးနေသော သာကေတသား ဦးမောင်အေးမှာ ငယ်စဉ်က ဖခင်၏ လက်ငုတ်လက်ရင်းဖြစ်သော စက်ချုပ်အလုပ်ကို လုံးဝစိတ်မ၀င်စားပေ။ ကလေးသဘာဝ လည်ရင်းပတ်ရင်း ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါးရောင်းသည့်အိမ်ကို ၀င်ထွက်သွားလာမိရာမှ ဆေးခြောက်လာဝယ်သော လူမိုက်ကြီးများနှင့် ပေါင်းသင်းမိသည်။ အရွယ်နှင့်မလိုက် ဆေးခြောက်အသယ်အပို့လုပ်ခြင်းဖြင့် ငွေလေးငါးခြောက်ကျပ် လွယ်လွယ်ကူကူရသည့်ဘ၀ကို သာယာခဲ့သည်။ လွယ်လွယ်ရ၊ လွယ်လွယ်ဖြုန်းရင်းက ရန်ကုန်ခါးပိုက်နှိုက်လောကတွင်လည်း ကျင်လည်ခဲ့သည်။
၁၉၈၀ မှ ၈၈ ကာလအထိ ခါးပိုက်နှိုက်လောကတွင် ‘‘ကုလားမဟေ့’’ဆိုလျှင် မသိသူမရှိ။ ရန်ကုန်ကို ဒီလိုခါးစောင်းတင်ခဲ့သော မောင်အေးဖြစ်သည်။ ခါးပိုက်နှိုက်ဆရာတစ်ဆူဖြစ်သော်လည်း တစ်ခါမှ ခါးပိုက်နှိုက်မှုဖြင့် ထောင်မကျ။ ခိုးမှု၊ မသင်္ကာမှု၊ လူရိုက်မှုတို့ဖြင့်သာ ထောင်ကျခဲ့သည်။ ၁၉၈၈ အရေးအခင်းအပြီးတွင် ဆရာတော်ဦးဝိမာလနှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓ၏အဆုံးအမများ၊ တရားတော်များကို ယုံကြည်သက်ဝင်လိုက်စားလာကာ ခါးလောကကို အပြီးတိုင်စွန့်လွှတ်၍ စက်ချုပ်ဆရာဘ၀ကိုသာ ယတိပြတ်ရွေးချယ်ခဲ့သည်။
သူချုပ်ပေးလိုက်သော ၀တ်စုံများကို အကြီးအကဲများက တစ်ခါမှ Complain မတက်ခဲ့ဖူးပေ။ သို့သော် မောင်အေးထံ အပ်နေရာမှ အခြားလူကို စက်ဆိုင်ကြီးများက ပြောင်းအပ်လျှင်တော့ ပြဿနာတက်တတ်သည်ဟု ဆိုပါသည်။ ‘‘စက်ဆရာပြောင်းတာနဲ့ လူကြီးတွေက ချက်ချင်းသိတယ်။ ဘောင်းဘီက ထိုင်လိုက်တာနဲ့ ဖိနပ်အပေါ်တက်လာပြီး ခြေစွပ်ပေါ်လာတာတို့၊ ထိုင်ခါနီး ဘောင်းဘီဆွဲတင်ရတာတို့ ဖြစ်တာပေါ့။ ကိုယ်ချုပ်ပေးထားတဲ့ သမ္မတတို့၊ ၀န်ကြီးဦးအုန်းမြင့်တို့၊ ဦးမြင့်လှိုင်တို့ဆို တီဗီမှာတွေ့ရင် တစ်ချိန်လုံးဂရုစိုက်ကြည့်တယ်။ ကိုယ်ချုပ်ပေးတာကို သူတို့ဝတ်ထားတာ ဘယ်နေရာလိုအပ်နေလဲ။
နောက်တစ်ခါ ဘယ်လိုပိုကောင်းအောင်ချုပ်မလဲ အမြဲလေ့လာတယ်’’ သူ့လက်ရာကို လူကြိုက်များရခြင်းက ဂျပန်နည်းဖြင့် ပိတ်စညှပ်ခြင်း(Cutting)ပိုင်း ကျွမ်းကျင်၍ ဖြစ်သည်။ Cutting ကျွမ်းကျင်သပ်ရပ်မှုကြောင့် သူချုပ်သည့် အနောက်တိုင်းဝတ်စုံများမှာ ခန္ဓာကိုယ်ပေါ်တွင် အမြဲသပ်ရပ်စမတ်ကျနေတတ်သည်။ စက်ဆရာဘ၀အမှတ်တရအဖြစ်ဆုံးက ၁၉၈၄ ခုနှစ်တွင် အင်ဒိုနီးရှားသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ၃၆ လမ်းထိပ်က အခမီးအပ်ချုပ်ဆိုင်တွင် အနောက်တိုင်းဝတ်စုံ လာအပ်သည်။ ထိုစဉ်က မောင်အေးမှာ အခမီး၏ လက်ခစားစက်ချုပ်သမား။ ညနေမှလာအပ်သည့်ဝတ်စုံကို မနက်ဖြန်မနက် ၇ နာရီယူမည်ဆို၍ တစ်ညလုံးမအိပ်ဘဲ ချုပ်ပေးခဲ့ရသည်။ ‘‘မနက်ခြောက်ခွဲမှာ အင်ဒိုသမ္မတက လာဝတ်ကြည့်တယ်။ ကြိုက်လို့ Tailor ခေါ်ပါဆိုပြီး အဲဒီတုန်းက ဒေါ်လာတစ်ရာ မုန့်ဖိုးပေးသွားတယ်။ ဒါပေမဲ့ ကျွန်တော်က လက်ခစားဆိုတော့ အဲဒီပိုက်ဆံ ဆိုင်ရှင်ပဲယူထားတယ်’’
သူချုပ်ပေးရသူထဲတွင် မင်းသားနေအောင်၊ လွင်မိုး၊ အဆိုတော်ဇော်ဝင်းထွဋ်၊ မျိုးကြီးတို့လို အနုပညာသမားများလည်း ပါဝင်သည်။ ‘‘၁၉၈၄ မှာရိုက်တဲ့ မီလာရှီကာစိုင်းဗေဒါတစ်ကားလုံး နေအောင်ဝတ်တဲ့အ၀တ်အစားတွေ ကျွန်တော်ချုပ်ပေးခဲ့တာပေါ့’’ဟု ဆိုသည်။ ထိတ်ထိတ်ကြဲလူကြီးပိုင်းနှင့် နာမည်ကျော်များအတွက် ၀တ်စုံချုပ်လုပ်ပေးရသော ဦးမောင်အေးတွင် ငွေကြေးဥစ္စာပိုင်ဆိုင်မှုက သိပ်များများစားစားမရှိ၊ နာမည်ကြီးဆိုင်ကြီးတွေကဲ့သို့ ငွေသိန်းထောင်ပေါင်းများစွာ မရင်းနှီးနိုင်၍ မောင်အေးအပါအ၀င် စက်ဆရာပညာရှင်အချို့ ယခုထိဆိုင်ကြီးတွေ၏ လက်ဝေခံအလုပ်သမားအဆင့်ကနေ မတက်နိုင်သေး။
အသက်ငါးဆယ်ကျော်စအရွယ်တွင် သားသမီးတွေ လက်လွတ်သွားပြီဖြစ်၍ ဆိုင်ကြီးတွေ မျက်နှာကြည့်ပြီး ၀န်ထမ်းဘ၀ဖြင့် မကျင်လည်လိုတော့။ ထမင်းတစ်နပ်အတွက် ရှစ်ပေပတ်လည် ဆိုင်ခန်းကျဉ်းလေးငှားပြီး တစ်နိုင်တစ်ပိုင်အပ်ထည်လေးများ နားနားနေနေလက်ခံချုပ်ရင်း တစ်ဖက်က ရပ်ရေးရွာရေး၊ လူမှုရေးလုပ်သည်။ လူကောင်းဖြစ်အောင် လမ်းညွှန်ပေးသော ဗုဒ္ဓအဆုံးအမကို နာယူကျင့်ကြံအားထုတ်ပြီး ဘ၀ကို သက်သောင့်သက်သာဖြတ်သန်းရန် ရည်ရွယ်ထားသည်ဟုဆိုသည်။
‘‘ဆိုးခဲ့ဖူး၊ မိုက်ခဲ့ဖူးပြီ။ အလုပ်တွေလည်း အများကြီးလုပ်ခဲ့ဖူးပြီ။ လူငယ်တွေကို မှာချင်တာက ဆိုးတဲ့မိုက်တဲ့ဘ၀ ဘယ်တော့မှ ကောင်းကောင်းအိပ်လို့မပျော်၊ စားလို့မ၀င်ဘူး။ ကျွန်တော့်လို အသက်မွေးဝမ်းကျောင်းမတတ်လည်း သမ္မာအာဇီဝအလုပ်ကို ကြိုးစားကြည့်ကြပါ’’
No comments:
Post a Comment