Monday, May 12, 2014

ယုံကြည်သူများနဲ့ အမြဲစည်ကားနေတဲ့ ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်း


နတ်နန်းမှာ လာရောက်ဦးတိုက်တဲ့ ကားတစ်စီးကို ဘိုးဘိုးကြီးအား အပ်နှံကာ မေတ္တာရေစင် ပက်ဖျန်းပေးနေစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

ရန်ကုန်မြို့တွင်းကနေ ပြည်လမ်းမကြီး
တစ်လျှောက် ကားမောင်းသွားတဲ့အခါ ထောက်ကြန့်
လမ်းဆုံနားမရောက်မီ လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ ကြီးမားတဲ့ ညောင်ပင်ကြီးရဲ့အောက်မှာ ကားကြီး၊
ကားငယ်၊ ပန်းသည်တွေနဲ့ အဆောက်အအုံငယ်လေး တစ်ခုရဲ့ ရှေ့မျက်နှာစာတစ်ခုလုံး စည်ကား
နေတာကို ကားပေါ်ကမဆင်းမီမှာပဲ တွေ့လိုက်ရပါတယ်။
ပန်း၊ ကန်တော့ပွဲ၊ ဗောင်းနဲ့ ပ၀ါရောင်းချသူတွေ၊ နတ်နန်းထိန်းတွေနဲ့ စည်ကားနေတာကိုရှောင်ကွင်းပြီး

၂၅  ပေကျော်ကျော် အကျယ်ရှိတဲ့ နတ်နန်းထဲကို ၀င်လိုက်တဲ့အခါမှာတော့တောင်ဝှေးကိုယ်စီ ကိုင်ဆောင်ထားပြီး မတ်တပ် အနေအထားကိုယ်စီနဲ့ မျက်နှာချင်း ဆင်ဆင်တူတဲ့ ဘိုးဘိုးကြီး ရုပ်တု ငါးရုပ်ကို ကျောင်းဆောင်နဲ့ ပူဇော်ထားတာကို တွေ့ လိုက်ရ   ပါတယ်။

ပန်းသည်မိသားစုထဲက ကလေးတွေကလည်း နတ်နန်းရှေ့ မြေကွက်လပ်နေရာမှာ ပြေးလွှားကစား
နေကြပြီး ကလေးငယ်တစ်ဦးက အရှိန်လွန်ပြီး နတ်နန်းထဲဝင်ပြေးတဲ့အခါမှာတော့ ကလေးမိခင်က
ကျောကို သုံးလေးချက် ဆင့်ရိုက်လိုက်ကာ "ဘာလို့ နတ်နန်းထဲထိဝင်ပြီး ဘိုးဘိုးကြီးရှေ့ထိ
ရောက်အောင် ဆော့ရတာလဲ၊ ငရဲကြီးချင်လို့လား"လို့ သူ့ရဲ့သားငယ်ကို ဒေါသတကြီး
အော်ပြောနေသံကိုလည်း ကြားလိုက်ရပါတယ်။

အဲဒီနေရာလေးကတော့ ဗုဒ္ဓဘာသာဝင်တွေ သာမက အခြားသောဘာသာဝင် ယာဉ်ပိုင်ရှင်များပါ
မကျန် ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ ကားဦးတိုက် အပ်နှံတဲ့နေရာအဖြစ် ထင်ရှားတဲ့ ရွှေညောင်ပင်
ဘိုးဘိုးကြီးနတ်နန်းကို ရောက်တုန်းရောက်ခိုက် ပထမဆုံး မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေပဲ
ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက စတင်ခဲ့တဲ့ အန္တရာယ်ကင်းစေဖို့ ယာဉ်ဦးတိုက်တဲ့
ဓလေ့ကို လက်ရှိနတ်နန်းမှာ လုပ်ဆောင်နေတဲ့ နန်းထိန်း ကြီးဦးမြအေးရဲ့ ရှေးအစဉ်အဆက်
ဘိုးဘွား မိဘများက လုပ်ဆောင်ခဲ့ကြတယ်လို့ နန်းထိန်းကြီးက ပြောပြပါတယ်။

၁၉၃၅ ခုနှစ်ဝန်းကျင်ခန့်က ရန်ကုန် - ပဲခူးလမ်းမကြီး (ထိုစဉ်ကအခေါ် ရန်ကုန် - ဒါးပိန်လမ်း)မှာ
လက်ရှိ နတ်နန်းနဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာ ပေါက်ရောက်နေပြီး အကိုင်း၊ အခက်နဲ့ အရွက်
တို့က နေရောင်အောက်မှာ ရွှေရောင်သန်းနေသောကြောင့် ရွှေညာင်ပင်လို့ ခရီးသွားများက
အမည်ပေးခဲ့ကြတဲ့ ညောင်ပင်မှာ လက်ရှိ နတ်နန်းထိန်းကြီး ဦးမြအေးရဲ့ မွေးစားမိခင် ဒေါ်အေးရင်က
စင်တစ်ခုထားပြီး ဘိုးဘိုးကြီးရုပ်တု ထားရှိပူဇော်ရာမှ ယာဉ်တွေအတွက် ပူဇော်ပသရာနေရာအဖြစ်
စတင်ခဲ့တာဖြစ်ပါတယ်။

"အဘိုးရဲ့ မွေးစားမိခင်ကြီး အဘွားဒေါ်အေးရင်က စင်အသေးလေး တစ်ခုထားပြီး မြန်မာလူမျိုးတို့ရဲ့
သစ်ပင်တစ်ပင်ရှိရင် ရုက္ခစိုးရှိတယ်ဆိုတဲ့ အယူအဆအတိုင်း ဘိုးဘိုးကြီးရုပ်တု ထားပူဇော်တာကို
လမ်းကဖြတ်သွားတဲ့ လှည်းယာဉ်ပိုင်ရှင်တွေက သိလိုစိတ်နဲ့ မေးတာပေါ့။ ဘာလုပ်တာလဲ၊
အဲလိုလုပ်ရင် ဘာဖြစ်လဲပေါ့။ အဲဒါနဲ့ အဘွားကလည်း ဘိုးဘိုးကြီးကို ပူဇော်ရင် ဘိုးဘိုးကြီးက
စောင့်ရှောက်တယ်။ အန္တရာယ်ကင်းတယ်လို့ပြောတော့ အဘွားကို ပိုက်ဆံပေးပြီး သူတို့
ယာဉ်တွေကို ပူဇော်ခိုင်းတယ်။ အဲဒီကနေ အခုအချိန်ထိ ယာဉ်ဦးတိုက်အပ်နှံတဲ့ အလေ့အထ
ဖြစ်ခဲ့တာပဲ"လို့ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမြအေးက ရှင်းပြပါတယ်။

အဲဒီရွှေညောင်ပင်ကြီးဟာ ၁၉၅၀ ပြည့်နှစ် ၀န်းကျင်လောက်မှာ ရာသီဥတုဒဏ်ကြောင့် လဲကျခဲ့
ဟန်တူတယ်လို့ ဦးမြအေးက ပြောပြပါသေးတယ်။



နန်းထိန်းကြီး ဦးမြအေး။ ဘူးသီး/မြန်မာတိုင်း(မ်)

အဲဒီနောက်မှာတော့ မလှမ်းမကမ်းနေရာမှာ လယ်ပေါ်နတ်နန်း (သစ်သားနဲ့ ပြုလုပ်ထားတဲ့
နန်းဆောင်ပုံစံ)တစ်ဆောင် ဆောက်လုပ်ပြီး ယာဉ်ဦးတိုက် အပ်နှံတဲ့အလုပ်ကို ဆက်လက်
လုပ်ဆောင်ခဲ့ပါတယ်။

၁၉၅၃ ခုနှစ်ခန့်က လယ်ပေါ်နတ်နန်းနဲ့ အနီးဝန်းကျင်မှာ မီးလောင်တော့ နတ်နန်းပါ မီးအတွင်း
ပါသွားခဲ့ပြီး အဲဒီအချိန်မှာ ပြည်လမ်းမကြီးကို ကတ္တရာလမ်းအဖြစ် ခင်းနေစဉ်နဲ့ တိုက်ဆိုင်နေတာ
ကြောင့် လမ်းဗိုလ်က လက်ရှိနေရာမှာ ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်တယ်လို့လည်း
ဦးမြအေးက ပြောပြပါတယ်။

နန်းထိန်းကြီး ဦးမြအေး လုပ်ဆောင်နေတဲ့ နတ်နန်းမှာ ထောက်ကြန့်ရွှေညောင်ပင်ဘိုးဘိုးကြီး
နတ်နန်းလို့ အမည်ရေးထိုးထားပြီး အဲဒီ နတ်နန်းမရောက်ခင်မှာ ပျဉ်းမပင်ရွှေညောင်ပင်ဘိုးဘိုးကြီး
လို့အမည်တွင်တဲ့ နတ်နန်းကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အဲဒီနတ်နန်းကို ကားသမားအများစုက နတ်နန်းအဟောင်းလို့ ခေါ်တွင်ကြပြီး ထောက်ကြန့်
ရွှေညောင်ပင်နတ်နန်းကို နတ်နန်းအသစ်လို့ ခေါ်ကြတာပါ။

"အဘိုးတို့ လယ်ပေါ်နတ်နန်းလေး မီးလောင်တဲ့ထဲ ပါသွားတော့ အခုလက်ရှိနေရာကို အားလုံး
ပြောင်းလာကြတာပဲ။ ဟိုဘက်မှာလည်း တခြားသူတွေက နတ်နန်းဆောက်ပြီး ထားကြတာပဲ။
အဲဒီနေရာက လယ်ပေါ်နတ်နန်း နေရာနဲ့ နီးတော့ အဲဒီနတ်နန်းကို နတ်နန်းဟောင်းလို့ခေါ်ကြပြီး
အဘိုးတို့ကို နတ်နန်းအသစ်လို့ခေါ်ကြတယ်"လို့ နန်းထိန်းကြီးက ပြောပါတယ်။

ဦးမြအေးက နှစ်တစ်နှစ်ရဲ့ 'စုံ'လများမှာ နတ်နန်းကို ဦးစီးလုပ်ကိုင်ခွင့်ရပြီး ဒေါ်အေးရင်ရဲ့ မွေးစား
သမီးဖြစ်သူ ဒေါ်ခင်နန်းနွယ်ဆိုသူက 'မ' လများတွင် လုပ်ကိုင်ခွင့်ရထားကြောင်းနဲ့ သူတို့ရဲ့
ရှေ့ပိုင်းမှာတော့ ဦးမြအေးရဲ့ မွေးမိခင် ဒေါ်တင်ရွှေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နတ်နန်းရှိရာကို ဟိန္ဒူဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များသာမက အစ္စလာမ် ဘာသာဝင်
များကပါ ကားများကို လာရောက်အပ်နှံကြပြီး အစ္စလာမ်ဘာသာဝင်များကတော့ ကားဦးတိုက်
ရာတွင် ကားကို သူတို့ ကိုယ်တိုင်မမောင်းနှင်ဘဲ အခြားတစ်ဦးကို ၀င်မောင်းစေကြောင်း ဦးမြအေး
ရဲ့ ဇနီးဖြစ်တဲ့ ဒေါ်သန်းသန်း က ပြောပြပါတယ်။

"နတ်နန်းကို လာတယ်ဆိုတာက ဘိုးဘိုးကြီးကို တကယ်ယုံကြည်လို့လာတာတွေလည်း ရှိသလို၊
တချို့ကလည်း အခုလို ဦးတိုက်အပ်နှံတာမျိုး မလုပ်ရင် ဘေးဖြစ်မှာကြောက်တဲ့အတွက်
လာလုပ်တာမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ထူးဆန်းလို့ စိတ်ဝင်စားလို့
လာကြည့်တာတွေလည်း ရှိတယ်။ ခုနောက်ပိုင်းဆို နိုင်ငံခြားသားတွေ တော်တော်များများက
လာလေ့လာကြတာတွေ ရှိတယ်" လို့လည်း ရှင်းပြပါတယ်။



နတ်နန်းရှေ့ ရွှေညောင်ပင်ကြီးတွင် ပူဇော်ပသနေသူများကို တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

နတ်နန်းဆီ ဦးတိုက်ဖို့ ရောက်ရှိလာတဲ့ ယာဉ်တွေကို နန်းထိန်းကြီး (သို့) သူ့ရဲ့ အကူနှစ်ဦး အနက်မှ
တစ်ယောက်ယောက်က ကားနံပါတ်ပြားနဲ့ ယာဉ်အမျိုးအစားကိုပြောပြပြီး ကားနဲ့ ကားပေါ်မှာ
လိုက်ပါစီးနင်းလာတဲ့သူတွေကို အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးပါရန် ဘိုးဘိုးကြီးအား
အပ်နှံကာ မေတ္တာရေစင်နဲ့ ပက်ဖြန်းပေးပါတယ်။

ပြီးတဲ့အခါ ကားကို ရှေ့တိုးနောက်ဆုတ် သုံးကြိမ်ပြုလုပ်ကာ ဘိုးဘိုးကြီးအား ကန်တော့စေပြီး
သပြေ၊ ချိတ်ပန်း (စံပယ်၊ ငွေပန်း စသည်)နဲ့ နတ်ဗောင်းတော် (အဖြူနှင့် အနီပိတ်စ)တို့ကို ကားမှာ
ချည်နှောင် ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ်။

"ရေစင်နဲ့ ဗောင်းတော်က အဓိကပဲ။ အဲဒါတွေကို ပြုလုပ်ပေးရင် ကျပ် ၁,၅၀၀ ကျတယ်။
တကယ်လို့ တချို့က ပွဲပေးချင်တယ်ဆိုရင်လည်း ပွဲတွေပြင်ဆင်ထားတယ်။ ပွဲနဲ့ဆိုရင်တော့
၃,၅၀၀ ကျပ်ကျတယ်။ ကားဦးတိုက်ဖို့ မဟုတ်ဘဲ အခြားစက်ဘီးတွေ၊ ဆိုင်ကယ်တွေကို
လာအပ်တာတို့၊ အိမ်အရောင်းအ၀ယ်ဖြစ်အောင် လာတာတို့အပြင် သားဆုပန်တဲ့သူတွေလည်း
လာကြပါတယ်"လို့ ဒေါ်သန်းသန်းက ပြောပါတယ်။

ရွှေညောင်ပင်နတ်နန်းဆီ တစ်ရက်လျှင် ကားအစီးရေ လေးဆယ်လောက်မှစပြီး အစိုးရ ရုံးပိတ်ရက်
လိုနေ့တွေမှာတော့ ကားအစီးရေ တစ်ရာကျော်ထိ လာရောက်ဦးတိုက်အပ်နှံကာ ခုနောက်ပိုင်း
အစိုးရက ကားတင်သွင်းမှုကို မူပြောင်းခွင့်ပြုပြီးတဲ့နောက်မှာ နတ်နန်းလာပြတဲ့ ကားအစီးရေ
ပိုများလာတယ်လို့ ဆိုပါတယ်။

ကားလာရောက်အပ်နှံသူများထဲမှာ တချို့က ကားသစ်တစ်စီး ၀ယ်ပြီးချိန်တွင်သာ လာရောက်ကြပြီး
တချို့က တစ်နှစ်တစ်ကြိမ်၊ တချို့ ကတော့ နတ်နန်းရှေ့ဖြတ်တိုင်း ၀င်ရောက်ဦးတိုက်ကြတာမို့
နှစ်ဆယ့်လေးနာရီပတ်လုံး နတ်နန်းကို ဖွင့်လှစ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော် ဒီမှာကားလာပြနေတာ ကျွန်တော့် ကားမောင်းသက်တမ်း တစ်လျှောက်ပဲ။
အနှစ်နှစ်ဆယ်ကျော်ပြီ။ ပုံမှန်ဆိုရင်တော့ တစ်နှစ်တစ်ခါပေါ့။ ဒီရှေ့ကဖြတ်တိုင်းလည်း ၀င်ဦးတိုက်
တယ်။ အဲလိုလုပ်ပြီးမှလည်း ကားမောင်းရတာ လုံခြုံတယ်လို့ ခံစားရတယ်။ ကုန်ကျစရိတ်ကို
ကျွန်တော် မတွက်ပါဘူး။ ဒါတွေက ပါးပါးလေးပါ"လို့ ဦးတင်မောင်သိန်း က ကားဦးတိုက်အပြီးမှာ
ပြောပါတယ်။

ကားပိုင်ရှင် တစ်ဦးဖြစ်တဲ့ ကိုခိုင်ထက်အောင် ကတော့ ကားတစ်စီးဝယ်လာပြီးတိုင်း ဦးတိုက်
ဖြစ်တယ်လို့ပြောပါတယ်။

သွင်းလာတဲ့ကားမှာ တကယ်လို့များ ယာဉ်တိုက်မှုများဖြစ်ခဲ့ဖူးတယ်ဆိုရင် မကောင်းသော
ဝိညာဉ်များ ဆက်လက် မရှိစေဖို့ ဘိုးဘိုးကြီးထံမှာ သွားရောက်အပ်နှံခြင်း ဖြစ်တယ်လို့လည်း
သူ့ယုံကြည်ချက်ကို ပြောပြပါတယ်။



လာရောက်ဦးတိုက်သည့် ကားတစ်စီး၏ ကားဦးပိုင်း၌ အောင်သပြေများ ချည်နှောင်ပေးနေစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

အငှားယာဉ်မောင်း ကိုစိုးနိုင် ကတော့ ကားစမောင်းစဉ်ကပင် ဦးတိုက်တဲ့အကျင့် မရှိခဲ့တာမို့
တစ်ခါမှ ဦးမတိုက်ဖူးဘူးလို့ ပြောပါတယ်။

နတ်နန်းရှေ့မှာတော့ ဟိုးအရင်က ကောက်ညှင်းထုပ်ရောင်းသူများနဲ့သာ စည်ကားခဲ့ပေမယ့်လည်း
ခုချိန်ခါမှာတော့ ပန်းရောင်းချသူ ပေါင်း ၁၁၀ ဦးခန့်ရှိကာ ထိုသူများက အလှည့်ကျစနစ်နဲ့ ရောင်းချ
ကြတာဖြစ်ပါတယ်။

ပန်းရောင်းချရာမှာ အလွန်အဆင်ပြေတာကြောင့် နတ်နန်း နေရာမှာ လူသစ်လက်မခံဘဲ
တစ်နေရာစာကို ကျပ် ၁၅ သိန်းခန့်ဖြင့်ပင် ရောင်းချနိုင်ကြောင်း ဦးမြအေးရဲ့ သားဖြစ်သူ ကိုဇာနည်
က ပြောပါတယ်။

"ပန်းသည်တွေက မနက်၊ ည အလှည့်နဲ့ ရောင်းကြတယ်။ သူတို့အလှည့်ကို ညနေ ၄ နာရီဆို
မဲနှိုက်ကြတယ်။ သူတို့ အချင်းချင်း လူသစ် ထပ်မတိုးဖို့လည်း ညှိထားပြီးသား။ တစ်နေရာကို
၁၅ သိန်းလောက် ပေးဝယ်တာတောင် မရောင်းကြဘူး" လို့လည်း သူက ဆက်ပြောပါတယ်။

Myanmar Times

No comments:

Post a Comment