မနေ့က ရွာ မှာ အကိုဝမ်းကွဲ က လှူတယ် ။ သား နဲ့ မြေး ကို ပေါင်း လှူ တာ တဲ့ ။ ကျွန်တော် က အဘိုးလေးဝမ်းကွဲ ဖြစ်ပြီး တော့ ၊ အဘွား ကတော့ ရှင်ပြု နိုင်တဲ့ “တီ” ရပြီပေါ့ ။ သူ့ရဲ့ “တီ” သာမဏေလေးကို ဖူးရင်း အဖွား တော့ အတော်လေး ကြည်နူးနေရှာမယ်ထင်တယ် ။ ရွာ ကို ဖုန်းဆက်တော့ ထူးထူးခြားခြား အဖွားနဲ့ စကားပြောချင်နေမိတယ် ။ အဖွား က အသက်လည်း ၉၀ ကျော်ပြီ ၊ လေဖြတ်ထားတာ ဆိုတော့ လမ်းလည်းကောင်းကောင်း
မလျှောက် နိုင် ၊ အိမ်မှာလည်း ဖုန်းရှိတာ မဟုတ်တော့ အဖွား နဲ့ စကားမပြောရတာ ၃ နှစ်ကျော်ပြီ ။ မနေ့ ကတော့ အဖွား လည်း သတိရတာနဲ့ နေကောင်းလား မေးရင်း မြန်းရင်း နဲ့ ဖုန်းရှိတဲ့ အိမ်က ဦးလေး က မင်း အဖွားနဲ့ ပြောချင် ငါ ဖုန်းသွားပေးပေးမယ် ၊ ဖုန်း က အားသွင်းတဲ့ ဟာ ဒီတိုင်းမယူသွားလို့ရတယ်တဲ့ ။ အဲဒါ ဆို သွားပေးပေးပါဗျာ ဆိုလို့ အဖွား နဲ့ စကားပြောရတယ် ။
သာကြောင်း မာကြောင်းလေးတွေ မေးပြီး … “ အဘွား တနေ့ တနေ့ ဘာတွေ လုပ်နေတုန်း ”ဆိုတော့ … “အဘွား ဆွမ်း ပို့ ရင်း သီလ ယူ ပေါ့ ” တဲ့ ။ “ဆွမ်း ပို့ ဆိုတော့ အဖွား က လမ်းကောင်းကောင်းလျှောက်နိုင်လို့လား ..ဆွမ်းအုပ်နိုင်လို့လား ”ဆိုတော့ “ မင်းနှမ လိုက်ပို့ ခိုင်းရတာ ..အမေကတော့ တောင်ဝှေးနဲ့ ကြိုသွားနှင့်ရတာပေါ့ ” တဲ့ ။
အညာဒေသ ချောင်ကျကျ ခပ်ခေါင်ခေါင် ကျွန်တော်တို့ ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိတယ် ။ ဘုန်းကြီးကျောင်း တောရကျောင်းမပါ အမြဲတမ်း ကျောင်းထိုင်ဆရာတော်ရှိတဲ့ ဘုန်းကြီးကျောင်းတိုက် ၄ ခုရှိတယ် ။ ခေတ် မတူ ၊ လက်ရာမတူတဲ့ စေတီပေါင်း က ၇၄ ဆူရှိတယ် ။ ဘုန်းကြီးကျောင်းတိုက် ၄ ခု မှာ ကျောင်းတိုက်တစ်ခုရဲ့ ကျောင်းဒယကာ တွေ က ကျွန်တော်တို့ အဘိုးရဲ့ အဆက်တွေ ပေါ့ ။ ကျွန်တော်တို့ရဲ့ ဘယ်နှ ဆက် မှန်းမသိတဲ့ ဘိုးကြီး ဘွားကြီးတွေ လှူခဲ့ ကြတာ ။ ရွာ အရှေ့ဘက် ထွက်လိုက် လို့ ဘုန်းကြီးကျောင်း ဝင်ရင် ၄ ဆူတန်း ဘုရားရယ် ၊ ဘုန်းကြီးကျောင်းတိုက် ကပ်လျက်ရှိတယ် ။ မွေးချင်း ၅ ယောက်မှာ မိန်းကလေး ၄ ယောက် ၊ ယောကျာင်္းလေးတစ်ယောက်ရှိခဲ့တယ်တဲ့ ။ မိန်းကလေး ၄ ယောက်ကတော့ အပျိုကြီးဖြစ်ပြီးတော့ ယောကျာင်္းလေး တစ်ယောက် က အိမ်ထောင်ကျပြီး ကျွန်တော်တို့ မျိုးဆက် ပြန့် လာခဲ့ကြတာလို့ ဆိုတယ် ။ ၄ ဆူတန်း ဘုရား ကတော့ ညီအစ်မ ၄ ယောက်ရဲ့ ယက်ကန်းယက်ခ ၊ ဗိုင်းငင်ခ နဲ့ တည်ခဲ့ ပီးတော့ မောင်ကတော့ ကျောင်းဆောက်ပီး လှူ ခဲ့တာတဲ့ ။
ဘ ကနေ ဘီ ၊ ဘီကနေ ဘေး ၊ ဘေးကနေ ဘင် ၊ ဘင်ကနေ ဘီ ၊ ဘီကနေ အဘိုး/အဘွား လက်ထက် ထိ လက်ဆင့် ကမ်း လာ ကြတာ ကတော့ အဖွားအိမ် က ဆွမ်းအုပ် လေးပဲ ။ မနက် ခင်း မိုးလင်းပြီ ဆိုတာနဲ့ အဖွား တို့ ၊ ဒေါ်လေး တို့ က ပိဏ္ဍပါတ် ဆွမ်းအတွက် ဆွမ်းချက် ၊ အဖွားအိမ်မှာ သွားအိပ် တဲ့ ကျွန်တော် တို့ ညီကို တတွေ ကတော့ အိမ်ရှေ့ က သံဃာတွေ ကြွ မဲ့ လမ်းမှာတံမြက်စည်း လှည်း ရတယ် ။ ပြီးတော့ လယ်တော သွားကြမဲ့လူတွေ အတွက် ထမင်းချိုင့် ထည့်ပေးရတယ် ။ သံဃာတွေ ပိဏ္ဍပါတ် ဆွမ်းလောင်းပြီး တဲ့ ချိန် ဆိုရင် အဖွား က ဆရာတော် ဆွမ်းအုပ် ပို့ ဖို့ အတွက်ပြင်ပြီ ။
အိမ်ရှေ့ ကကွပ် ပျစ် ကလေးမှာ လင်ဗန်း နဲ့ ဆွမ်းအုပ်ကလေးရယ် ၊ ဟင်းခွက်ကလေးတွေရယ် ကို အုပ်ဆောင်းလေး အုပ်ပြီးချထားတယ် ။ ရွာ အနောက်ပိုင်း မှာ နေတဲ့ အိမ်က အမေ ကလည်း မနက် ၉ နာရီ ခွဲ ၁၀ နာရီလောက် ထမင်းဟင်းကျက်ပြီ ဆိုတာနဲ့ ထမင်းလေးတစ်ခွက် ၊ ဟင်းလေး တွေ ယူပြီး ဆွမ်းအုပ်သွားပေါင်းတယ် ။ ရွာတောင်ပိုင်း နေတဲ့ ဦးကြီးတို့ အိမ်ကလည်း ဆွမ်းနဲ့ဟင်းလေးတွေ ယူလာပြီး အဖွားအိမ်ကိုလာပေါင်းတယ် ။ နောက် မြောက်ပိုင်းက အရီးကြီး တို့ အိမ်ကလည်း လာပေါင်း ။ အဖွားအိမ်ဘေးနား က အဘိုးရဲ့ မောင်နှမ ဝမ်းကွဲ တွေ ၊ ညီ ဝမ်းကွဲ တွေကလည်းလာပေါင်း ကြတယ် ။ အဲလို နဲ့ ဆွမ်း အုပ်လေး က ဟင်းကောင်း မပါ ပေမဲ့ ဟင်းခွက်လေးတွေ ၇ ခွက် ၊ ၈ ခွက် ၊ ဆွမ်း ချိုင့် နဲ့ ပြည့်သွားတယ် ။လူတွေ အားလုံး စုံပြီ ဆိုမှ အဖွား က ဆွမ်းအုပ်လေး ခေါင်းပေါ် ရွက်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့တယ် ။ သီလယူတယ် ။ ဘုန်းကြီးကျောင်း က ကျောင်းထိုင်ဆရာတော်ကလည်း တခြားဆွမ်းဟင်းတွေ နဲ့ ဆွမ်းဝိုင်း က အဆင်သင့် ဖြစ်နေပေမဲ့ အဖွားတို့ အိမ်က ဆွမ်းအုပ်လေးကို အမြဲစောင့် တတ်တယ် ။ တခါတခါ အဖွား က ဟင်းမကျက် သေးလို့ နောက်ကျတဲ့ခါ ၁၁ နာရီရှိပြီဆိုရင် ဆရာတော်က ဘုန်းကြီးကျောင်းသားလေး တစ်ယောက်ကို အဖွားတို့ အိမ် လွှတ် ပီး ခေါ်ခိုင်းတယ် ။ ဆွမ်းအုပ်ရောက်မှ ဆရာတော်က ဘုန်းပေးတယ် ။
ဒါက တစ်နေ့ တစ်ရက်မဟုတ်ဘူး ။ တစ်နှစ် တလ မဟုတ်ဘူး ။ တစ်ဘဝ တစ်လက်ထက်မဟုတ်ဘူး။ အစဉ်အဆက် ထိန်းသိမ်းခဲ့ ကြတဲ့ ဆရာဒကာ ဆက်ဆံရေး ။ ဒီဆွမ်းအုပ်လေး ကို အဘီ တို့ က … အဘိုးကို ဥစ္စာပစ္စည်း အမွေနဲ့ အတူ အမွေပေးခဲ့တယ် ။ အဘိုးဆုံး တဲ့ခါ အဘိုးရဲ့ ဇနီးမယားဖြစ်တဲ့ အဘွား က ဆက် ပြီး လက်ဆင့်ကမ်းယူခဲ့တယ် ။ ဆွမ်းအုပ်လေးနဲ့ ပက်သက်ပြီး ဘယ်ဆရာတော်လက်ထက်တုန်းက ဘယ်လိုလေးကြုံခဲ့တာ ၊ ဘယ်ဆရာတော် က တော့ ဘာကို မနှစ်သက်တာ ၊ ဘာကို နှစ်သက်တာ ။ ကမောက် ကမ အဖြစ်ပျက်လေးတွေ စ တာလေးတွေက မြေးမြစ်တွေ ဖြစ်တဲ့ ကျွန်တော်တို့ အတွက်အိပ်ယာ ပုံပြင်လေးတွေ ၊ ပုံတိုပတ်စ လေးတွေ အဖြစ် ရင်ထဲမှာ ဝင်ရောက် နေရာယူခဲ့ကြတာ ။ အဲဒီ နှလုံးသားလေးတွေ နဲ့ ကြီးပြင်းလာတဲ့ ကျွန်တော်တို့ ဟာ အရွယ်ရောက်လာတဲ့ခါ အဲဒီဆွမ်းအုပ်လေး ကို လက်ဆင့်ကမ်းအမွေဆက်ခံဖို့ မပင်မပန်းပဲ အလိုလို အဆင်သင့် ဖြစ်နေတတ် ခဲ့ ကြတာ ။
ဒီဆွမ်းအုပ်လေး ကို သားသမီး ၊ ဆွေမျိုးတွေ က ဟင်းလေးတွေလာပေါင်းတဲ့ခါ ။ အဘိုးတို့ ၊ အဘွားတို့ က ဟင်းလေးတွေ ကြည့်ပြီး ဘယ်သူ့အိမ်က ဟင်းကတော့ ဟင်းမကောင်းဘူးဟဲ့ ။ ဆီးမပြန်ဘူးကွ ။ မင်းတို့ စီးပွားရေးရောအဆင်ပြေကြရဲ့လား ။ အိမ်တွင်းရေးရော သာယာကြရဲ့လား မသိ ဆိုပြီး နှုတ်ထွက် စကားလေးတွေ နဲ့ သုံးသပ် တတ်ကြတယ် ။ ဆွမ်းကြမ်း ၊ ဟင်းကြမ်း ပဲ နေ့စဉ် ဆက် တိုက် လာပေါင်းတဲ့ချိန်ဆို ဆန်ထည့်ထားတဲ့ ခွက်တောင်းကလေး ကိုင် ၊ ငွေတိုငွေစ ကလေးတွေ လုံချည်ကြား လိပ်ပြီး အဖွား က အိမ်ဘက်ရောက်ရောက်လာ တတ်တယ် ။ ပီးတော့ သူ့သမီး ဖြစ်တဲ့ အမေ့ ကို တိုးတိုးတိတ်တိတ် မှာပေါ့ ။ တောသူတောင်သားတွေ မို့ ငွေကြေးပမာ ဏ များများစားစား မလှုဒါန်း နိုင်ကြပေ မဲ့ ဒီဆွမ်းအုပ်လေး ကတော့ ဘယ်နှ နှစ် မှန်းမသိအောင် အသက်ရှည်နေတုန်းပဲ ။ အဲဒီဆွမ်းအုပ် မှာ သုံးတဲ့ တချို့ ကြေးဇွန်း လေးတွေက အသက် ၄၅ ကျော် နေတဲ့ ကျွန်တော့် ဒေါ်လေးထက်အသက်ကြီးတယ်။
အသက် ၉၀ ကျော် လေဖြတ် လို့ ကောင်းကောင်းလမ်းမလျှောက် နိုင်တဲ့ ဆွမ်းဒါယိကာမ ကြီး ကျွန်တော့် အဘွား ကတော့ ဒီနေ့ ဒီချိန်ထိ ဇွဲ မလျော့ ပဲ တောင်ဝှေးတစ်ချောင်းနဲ့ ဆွမ်းပို့ နေတုန်းပဲ ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းထိုင်ခဲ့တဲ့ဆရာတော်ကြီးက ပြန်လွန်လို့ နောက်ထပ် ကျောင်းထိုင်တဲ့
ကျောင်းထိုင်ဆရာတော်ကြီးကလည်း အဘွားရဲ့ ဆွမ်းအုပ် လေး ကို စောင့်ပြီး ဆွမ်းပို့ပေးတုန်း
ပါ ပဲ ။ ခေတ်ဆိုး ၊ ခေတ်ကောင်း တွေ အလီလီ ဖြတ်ခဲ့ကြတယ် ။
ကျောင်းထိုင်ဆရာတော်တွေ အခါခါ ပြောင်း ခဲ့ ကြတယ် ။ ဆွမ်းဒကာ ၊ ဆွမ်းအမ တွေ ပြောင်း ခဲ့ ကြတယ် ။ ဆွမ်းအုပ်လေး ကတော့ အစဉ်းအဆက် ဆက်လက် အသက်ရှင်နေတုန်းပါပဲ ။ လက်ဆင့် ကမ်း နေကြတုန်းပါပဲ ။
Globalization ခေတ်မှာ ယဉ်ကျေးမှုတွေက ရောနှောစီးဆင်း ကုန်ကြတယ်တဲ့ ။ ပတ်ဝန်းကျင်မှာ တော့ ဘာသာပျောက်မှာ ကြောက်နေရှာသူတွေရော ၊ ငါတို့ဘုန်းကြီးက မှ ကတုံးပိုပြောင်တာ ဆိုသူတွေရော နဲ့ .. ဥပါသိကာ ဘွဲ့ ခံ ချင်သူတွေ အများကြီးပေါ့ ။ ဒါပေမဲ့ ကျွန်တော်ရဲ့ စိတ်ထဲမှာကတော့ မြန်မာနိုင်ငံ ကြီးမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားမှာ နည်းနည်းမှာ စိုးရိမ်စိတ်မဖြစ်မိ ပါ ဘူး ။ ဘာလို့လဲ ဆိုတော့ အဖွားလို့ဆွမ်းအမ တွေ၊ဆွမ်းအုပ်ကလေးတွေ မြန်မာပြည်တလွှား မှာ အများကြီးရှိနေဦးမယ်လို့ ယုံကြည်နေမိလို့ပဲ ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရဲ့ နှလုံးသားမှာ ဆွမ်းအုပ် ယဉ်ကျေးမှု လေးတွေ ကိန်းဝပ်နေသေးတယ်လို့ ယုံကြည် နေတုန်းမို့ပါပဲ ။
(ရုပ်ဆိုး)
No comments:
Post a Comment