Saturday, December 7, 2013

အာရှသစ်ရဲ့ အားအင်သင်္ကေတတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ(IMF နှင့် မေးမြန်းခန်း)


မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ရည်ရွယ်ချက် ကို ပြောပြပေး ပါ။

လမ်းတွေအားလုံးက အာရှကို တနည်းမဟုတ်တနည်းနဲ့ ဦးတည်နေ ကြ ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကဆိုရင် အလျင်အမြန် ဖွံ့ဖြိုးလာနေတဲ့ ဈေးကွက်တွေနဲ့ ဖွံ့ဖြိုးဆဲ စီးပွားရေးတွေက ကမ္ဘာ့ GDP ရဲ့ လေးပုံ တပုံလောက်ပဲ ရှိခဲ့ပါတယ်။ ဒီကနေ့မှာတော့ တဝက်လောက် ရှိနေပါပြီ။ ဆက်ပြီးတော့လည်း တိုးလာနေရာမှာ လာမယ့်ဆယ် စုနှစ်လောက်မှာဆိုရင် ကမ္ဘာ့ GDP ရဲ့ သုံး ပုံ နှစ်ပုံ ဖြစ်လာနိုင်ပါတယ်။အာရှရဲ့တွန်းအားနဲ့  ဖြစ်ပေါ် လာ ခဲ့တဲ့ ဒီအပြောင်းအလဲရဲ့ ပမာဏနဲ့ အရှိန်အဟုန်ဟာ အရင်က မရှိခဲ့ဖူးပါဘူး။ ကမ္ဘာမှာ လူ  လတ်တန်းစားတွေများလာတာကြောင့်လည်းတစိတ်တပိုင်း ပါပါတယ်။ ဒီကနေ့ သန်း   နှစ်ထောင်လောက် ရှိနေတဲ့ လူလတ်တန်းစားတွေဟာ သက္ကရာဇ် ၂၀၃၀ မှာ သန်း ၅ ထောင်ကျော် အထိ ရှိလာနိုင်ပါတယ်။ အဲဒီထဲက ၈၅ ရာခိုင်နှုန်းဟာ အာရှမှာ ဖြစ်မှာမို့ သူက ရှေ့က ဦးဆောင်နေ ပါတယ်။ ဒီတော့ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ကမ္ဘာ့လူလတ်တန်းစားရဲ့ အရေအတွက်ဟာ လူဆင်းရဲတွေရဲ့ အရေအတွက်ကို ကျော်လွန်သွားမယ့် အောင်မြင်မှု မိုင်တိုင်တခုကို ရောက်လာပါ လိမ့်မယ်။

ကျွန်မရဲ့ အာရှခရီးစဉ်ကို အာရှသစ်ရဲ့ အားအင်သင်္ကေတတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ အဆုံးသတ် ပါတယ်။ မြန်မာက ကမ္ဘာနဲ့ ဒေသတွင်းကို ပြန်လည်ဝင်ရောက်ပူးပေါင်းလာခဲ့တဲ့ပြီးခဲ့တဲ့ နှစ်အနည်း ငယ် က ဒီနေရာမှာ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေကို စပြီး တွေ့မြင်ခဲ့ရပါတယ်။ မြန်မာက အရှေ့တောင်အာရှအားကစားပွဲကို လက်ခံကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်နဲ့ အာဆီယံဥက္ကဌအဖြစ် စတင်တာဝန်ယူမယ့် စိတ်တက်ကြွဖွယ် ကောင်းတဲ့ အချိန်မျိုးမှာ ဒီနေရာကို လာရောက်ရတဲ့ အတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

ကျွန်မရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ၊ ဒေသတွင်းနဲ့ ကမ္ဘာရဲ့ လက်ရှိစီးပွားရေးတိုးတက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်သလို မြန်မာအမျိုးသမီးများ ဖော်ရမ်ကို တက်ရောက်ပြီးတော့လည်း စီးပွားရေးပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်း အထူးပြုပြောဆိုဖို့ ရှိပါတယ်။ ဒါပြီးရင် ရန်ကုန် စီးပွားရေးသိပ္ပံကို နောက်ဆုံးသွားရောက်ပြီး မြန် မာက လက်ရှိအောင်မြင်မှုအပေါ် ဘယ်လိုဆက်ပြီး တည်ဆောက်နိုင်မလဲ၊ ရေရှည် တည်တန့်တဲ့၊ ခိုင်မာတဲ့၊ အားလုံးပါဝင်တဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်းကို လျှောက်လှမ်းပြီး ဆင်းရဲမွဲတေမှုကို ဘယ် လို လျှော့ချမလဲ၊ မြန်မာနိုင်ငံသားတိုင်းရဲ့ အခွင့်အလမ်း အလားအလာတွေကိုဘယ်လို မြှင့်တင်ပေး မလဲ ဆိုတာတွေကို ဆွေးနွေးပါမယ်။

မြန်မာနိုင်ငံမှာ IMF ရဲ့ အခန်းကဏ္ဍဟာ ရံပုံငွေသစ်တရပ်ဆိုတဲ့ သရုပ်သကန်ကို ဖော်ဆောင်နေ တယ်လို့ ကျွန်မတကယ်ပဲ ယုံကြည်ပါတယ်။ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေ မယ့်၊ ရေရှည် ဆက်ဆံဆောင်ရွက်သွားကြမယ့် ရံပုံငွေအဖွဲ့ ဖြစ်ပါတယ်။ နိုင်ငံတွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်သွားနိုင်အောင် ကူညီတဲ့၊ လူတန်းစားအသီးသီးပါဝင်တဲ့ ပြည်သူတွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံဖို့ အရင်းအမြစ်တွေကို ကူညီရှာဖွေပေးတဲ့ ရံပုံငွေအဖွဲ့ ဖြစ်ပါတယ်။ ဒါက ကျွန်မဒီကို လာရောက်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ပါ။ ကျွန်မတို့တတွေရဲ့ လက်တွဲလုပ်ဆောင်မှုကို အုပ်မြစ် ချဖို့၊ အာရှသစ်ထဲမှာ မြန်မာက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့အတွက် ရံပုံငွေအဖွဲ့က ဘာတွေ ကူညီနိုင်သလဲဆိုတာကို မြန်မာအစိုးရနဲ့ ပြည်သူတွေထံကနေ နားထောင်ဖို့ အတွက် ဖြစ် ပါတယ်။

လက်ရှိမရေမရာဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေး အခင်းအကျင်းမှာ တိုးတက်အောင်မြင်လာစေဖို့ အတွက် အာရှက ဘာလုပ်နိုင်ပါသလဲ။

အာရှသစ်ဟာ အာရှရာစုနှစ်ဆိုတဲ့အထိ ဖြစ်လာအောင် တိုးတက်အောင်မြင်လာဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့အတွက် မြန်မာလိုနိုင်ငံမျိုးက သူ့ရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံရ ပါ လိမ့် မယ်။ ကမ္ဘာ့စီးပွားရေးထဲမှာ ဆက်လက်ပြီး ပူးပေါင်းပါဝင်ရပါလိမ့်မယ်။ နောက်ပြီး တိုးတက်လာ မယ့် ကြွယ်ဝချမ်းသာမှုတွေမှာ လူတိုင်းကို ထည့်သွင်းရပါလိမ့်မယ်။ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံ တဲ့နေရာမှာ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံတာနဲ့ အစပြုရမှာ ဖြစ်ပြီး အခြေခံအဆောက်အအုံ၊ ကျယ်ပြန့်တဲ့ စီးပွားရေး အမျိုးမျိုး၊ အားကောင်းတဲ့ အုပ်ချုပ်မှုနဲ့ အဖွဲ့အစည်းတွေ၊ ပိုပြီး ကောင်းမွန် တဲ့ စီးပွားရေးလုပ်ငန်း အခင်းအကျင်းတွေအတွက် မြှုပ်နှံရပါမယ်။ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေထဲကို ဆက်လက်ပူးပေါင်း ဝင်ရောက်မှုတွေကနေ အခွင့်အလမ်းတွေ တပုံတပင်ရလာနိုင်ပြီး ကြီးမားတဲ့ဈေးကွက်တွေကို ဝင်ခွင့်ရလာတာ၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံ မှုတွေကို ပိုပြီး ရရှိလာတာတွေကို မြန်မာနိုင်ငံမှာ အခု တွေ့နေရပါတယ်။ ကျယ်ပြန့်တဲ့ ဘဏ္ဍာရေး ပူးပေါင်းပါဝင်မှုက ပြည်တွင်းလိုအပ်မှုကို မြှင့်တင်နိုင်ပါတယ်။ ဒေသတွင်းက လုပ်ငန်း ငယ်လေးတွေဟာ ချေးငွေ ပိုလွယ်လွယ်ရတာကလည်း တစိတ်တပိုင်းပါဝင်နေပြီး ဒါကလည်း ဖွံ့ဖြိုးမှု မှာ အားလုံးပါဝင်လာစေတာ ဖြစ်ပါတယ်။

ရေတိုအနေနဲ့ကတော့ အာရှဟာ ငွေကြေးအကြပ်အတည်းဒဏ်နဲ့ ပိုဆိုးလာတဲ့ ကမ္ဘာ့ငွေကြေးမတည်ငြိမ်မှုကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရပါလိမ့်မယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအရန်ငွေကို စတင်ပြီး လျှော့လာနေလို့ ဖြစ်တယ်။ ဒါက အထူးသဖြင့် အခြေခံအားနည်းပြီး ကုန်သွယ်မှုဘဏ္ဍာငွေများတဲ့ စီးပွားရေးတွေမှာ ပိုပြီး အရေးကြီးပါတယ်။

မူဝါဒချမှတ်တဲ့သူတွေက ဒီအကြောင်းကို ကောင်းကောင်းသိရှိထားပြီး အရေးကြီးတဲ့ ခြေလှမ်းရပ်တွေကို စတင် အကောင်အထည်ဖော်နေပါပြီ။ ဥပမာ- အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာပါ။ လာမယ့် လပိုင်းတွေမှာ ငွေကြေး ဘဏ္ဍာနဲ့ အခြေခံအဆောက်အအုံတွေမှာ တိုင်းတာတွက်ချက်ဖို့ လိုအပ်လာနိုင်ပါတယ်။ တနိုင်ငံချင်းစီရဲ့ စီးပွားရေးအခြေအနေပေါ် မူတည်ပြီးတော့ ဒီတိုင်းတာတဲ့ပုံစံတွေကတော့ ကွဲပြားကြမှာပါ။ ဖွံ့ဖြိုးမှုမရှိဘူးဆိုရင် ခုသာခံသာရှိအောင် ပြင်ဆင်ထားတဲ့ နိုင်ငံတွေမှာကတော့ ငွေကြေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေကို ပြောင်းလဲပြီး လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့အတွက် အခွင့်အလမ်းရှိမှာပါ။ ဒါပေမဲ့ ငွေဖောင်းပွမှုများနေတဲ့၊ လူတွေအကြွေးများနေတဲ့ နိုင်ငံတွေမှာကတော့ ဖွံ့ဖြိုးမှုကို ပြန်လည် တွန်းအားပေးနိုင်အောင်လို့ ဖွဲ့စည်းပုံပြောင်းလဲမှုအပေါ်မှာပဲ အမှီပြုရမှာ ဖြစ်တယ်။ ဒီလိုနေရာမှာ အတော်လေး တည်ငြိမ်တဲ့ ကမ္ဘာ့ငွေကြေးဈေးကွက်ကနေ အခွင့်အလမ်းတွေကို ပေးကမ်းလာနိုင်ပါတယ်။

မြန်မာက အခုဆိုရင် အာဆီယံရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ မြန်မာနဲ့ ဒေသတွင်း စီးပွားရေးအလားအလာ ကောင်းလာစေဖို့အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုက ဘာတွေ လုပ်ပေးနိုင်ပါသလဲ။

ကျွန်မတို့ယုံကြည်တာကတော့ စီးပွားရေးမှာ ပြင်ပရဲ့ရိုက်ခတ်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့၊ ဖွံ့ဖြိုးမှုကို ခိုင်မာအောင် တွန်းအားပေးတဲ့နေရာမှာ အာဆီယံနိုင်ငံတွင်း စီးပွားရေး ဆက်လက် ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

အာဆီယံစီးပွားရေးတွေဟာ ကုန်သွယ်မှုကတဆင့် အတော်လေးကို ပူးပေါင်းချိတ်ဆက်ပြီး ဖြစ်ပါတယ်။ ရှေ့အလားအလာကို ကြည့်မယ်ဆိုရင်လည်း တိုးတက်ပြီးနိုင်ငံတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ကုန်ကြမ်းထုတ်တဲ့ အဆင့်မဟုတ်ဘဲ အာရှတွင်းက လိုအပ်ချက်ကို ပိုပြီးအခြေခံတဲ့ ကုန်သွယ်မှုမျိုး ဖြစ်လာသင့်ပါတယ်။

အလားတူပဲ အာရှတွင်းနဲ့ အာဆီယံအချင်းချင်းကြား ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ကျယ်ပြန့်လာခြင်းက ဒေသတွင်းရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ ဒေသတွင်း စုဆောင်းမှုတို့အကြား ပိုပြီး ညီညွတ်လာစေပြီးတော့ ဒေသတွင်းဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်ပါလိမ့်မယ်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှုရရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးတို့အတွက် အကောင်းဆုံး အခွင့်အလမ်းပါပဲ။ အိမ်နီးချင်းနိုင်ငံတွေကို ကုန်တင်ပို့ဖို့တဲ့နည်းနဲ့ ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရာမှာ မြန်မာရဲ့ ပထဝီအနေအထားနဲ့အတူ ငယ်ရွယ်ပြီး အပြိုင်အဆိုင်ရှိတဲ့ လုပ်သား အင်အားကြောင့် အားသာချက်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍ အစပြုတဲ့အချိန်မှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကျွမ်းကျင်မှုတွေနဲ့အတူ သူတို့စုဆောင်းငွေတွေနဲ့ လုပ်ငန်းတွေမှာ ရင်းနှီးခြင်းအားဖြင့် လာမယ့် မျိုးဆက်တွေအတွက် စီးပွားရေး စိတ်ချလုံခြုံရမှု၊ အလုပ်အကိုင်တွေကို ဖန်တီးပေးမှုဆိုတဲ့ အကျိုးအမြတ်တွေ ရလာနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအလားအလာကို ဘယ်လိုမြင်ပါသလဲ။ လာမယ့်နှစ်မှာ အစိုးရက ဘာတွေကို ဦးစားပေးလုပ်ဆောင်သင့်ပါသလဲ။

မြန်မာရဲ့ စီးပွားရေးအလားအလာက အင်မတန်ကောင်းပါတယ်။ မြန်မာဟာ သဘာဝဓာတ်ငွေ့၊ အဖိုးတန်တွင်းထွက်ကျောက်၊ ဓာတ်သတ္တုနဲ့ သစ်တောထွက်ပစ္စည်းတွေ အပါအ၀င် သဘာဝသယံဇာတ ကြွယ်ဝတယ်။ နိုင်ငံရဲ့ အသက်ငယ်ရွယ်တဲ့ လုပ်သားအင်အားက စက်မှုစီးပွားရေးအတွက် အဓိက တွန်းအားဖြစ်နိုင်တယ်။ အာရှနဲ့ ကမ္ဘာတို့နဲ့ ပိုပြီးပူးပေါင်းလာမှုကလည်း ဝင်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်လာနေပါတယ်။

ဒါပေမဲ့ စီးပွားရေးအပြောင်းအလဲ ကာလဦးပိုင်းမှာပဲ ရှိနေပါသေးတယ်။ စိန်ခေါ်မှုတွေက ရှိနေပါသေးတယ်။ စီးပွားရေးခတ်ကွင်းကြီးထဲမှာ ပထမဆုံးကတော့ အာဏာပိုင်တွေလက်ထဲမှာ မက်ခရိုစီးပွားရေးမူဝါဒ လက်နက်ရယ်လို့ ပြည့်စုံအောင်ချမှတ်တာ မရှိသေးတဲ့အချက်ပါပဲ။ အထူးသဖြင့် ငွေဖောင်းပွမှုကလည်း တိုးလာနေတဲ့ အချိန်မှာ ဗဟိုဘဏ်က အခုမှ ငွေကြေးဆိုင်ရာ မူဝါဒသတ်မှတ်ချက်တွေကို ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ ခြုံပြောရရင် စီးပွားရေးပြုပြင်ပြောင်းလဲမှု အမျိုးမျိုးအတွက် အစီအစဉ်တွေ၊ များပြားတဲ့ ကူညီပံ့ပိုးမှုတွေ၊ ဝင်ရောက်လာနေတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို စီမံခန့်ခွဲဖို့အတွက် အာဏာပိုင်ရဲ့ လုပ်ကိုင်နိုင်မှုက အကန့်အသတ်ရှိနေပါတယ်။

အစိုးရရဲ့ အဓိက ဦးစားပေးလုပ်ရမယ့်ကိစ္စကတော့ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံနေတဲ့ တချိန်တည်းမှာပဲ မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ထိန်းထားဖို့ ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တာတွေကတော့ ခေတ်မှီတဲ့ ဗဟိုဘဏ်ကို ထိရောက်တဲ့ ငွေကြေးဆိုင်ရာ မူဝါဒပြဌာန်းချက်တွေနဲ့ တည်ဆောက်ဖို့၊ နိုင်ငံက တတ်နိုင်တဲ့ ငွေနဲ့ပဲ ဘတ်ဂျက်ချမှတ်သုံးစွဲဖို့၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံတွေမှာ တိုးမြင့်သုံးစွဲနိုင်ဖို့ အတွက် အခွန်ပိုပြီးကောက်ခံဖို့ လိုပါတယ်။ မြန်မာပြည်သူတွေအတွက် အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ အရင်းအမြစ်တွေကို စီးပွားရေးလုပ်ငန်းတွေဆီကို တိုက်ရိုက်ပေးပို့နိုင်တဲ့ အလုပ်ဖြစ်တဲ့ စနစ်တစ်ခုချမှတ်ဖို့ ဒါတွေလိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုမှာ IMF အနေနဲ့ ဘာတွေကူညီနိုင်ပါသလဲ။

အထက်က ပြောခဲ့တဲ့ကဏ္ဍတွေအားလုံးမှာ IMF က မြန်မာအစိုးရနဲ့ အတူ လက်တွဲလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဆက်ပြီးတော့လည်း ကျွန်မတို့ရဲ့ ပံ့ပိုးကူညီမှုတွေကို တိုးမြှင့်သွားမှာဖြစ်တယ်။ ကျွန်မတို့ရဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့အတွေ့အကြုံတွေကို မြန်မာနိုင်ငံက အဖွဲ့အစည်းတွေနဲ့ အဆုံးအဖြတ်ပေးမယ့်သူတွေ အသုံးချနိုင်အောင် ယူလာဖို့ ရည်ရွယ်ထားပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံအတွက် အလုပ်ဖြစ်မယ့် နည်းလမ်းတွေအပေါ် သူတို့က သတ်မှတ်ဆုံးဖြတ်ပြီး အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

ကျွန်မတို့က နည်းလမ်းအမျိုးမျိုးနဲ့ ကူညီရာမှာ မူဝါဒဆိုင်ရာ အကြံပြုမှုတွေနဲ့ လက်တွေ့ကျကျ နည်းပညာပိုင်း ဆိုင်ရာ လေ့ကျင့်မှုသင်တန်းတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံကို ကူညီပံ့ပိုးရာမှာ IMF ရုံးချုပ်မှာ အခြေစိုက်တဲ့၊ မြန်မာနိုင်ငံကို အခါအားလျော်စွာ လာရောက်ကြတဲ့ ကျွန်မတို့အဖွဲ့တွေ အပြင် မြန်မာနိုင်ငံမှာလည်း ကျွန်မတို့ရဲ့ ဌာနေကိုယ်စားလှယ်တစ်ဦး ရှိပါတယ်။ ပြည်တွင်းက နည်းပညာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကလည်း အာဏာပိုင်တွေ လက်ရှိ ဖွဲ့စည်း လုပ်ဆောင်နေချိန်မှာ လိုအပ်ရင် လိုအပ်သလို အကူအညီပေးဖို့ အဆင်သင့် ရှိနေပါတယ်။ ဘန်ကောက်မြို့မှာလည်း ကျွမ်းကျင်သူ အများအပြားရှိတဲ့ ကျွန်မတို့ရုံးတရုံးရှိပြီး အများအားဖြင့် မြန်မာနိုင်ငံကို ထောက်ပံ့ကူညီပေးဖို့အတွက် ဖြစ်ပါတယ်။

ရံပုံငွေအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ကိုင်မှုတွေကို ဘယ်တုန်းကမှ မရပ်တန့်ခဲ့ပါဘူး။ ကျွန်မတို့ဟာ ရေရှည်ပူးပေါင်းသွားမယ့် လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ခိုင်မာပြတ်သားပြီး စိတ်အားတက်ကြွဖွယ်ကောင်းတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကူးအပြောင်းကို ဆက်လက်ကူညီပံ့ပိုးသွားဖို့ မျှော်လင့်ထားပါတယ်။

No comments:

Post a Comment