Friday, December 6, 2013

ဒုတိယဗိုလ်မှူးကြီး ကျော်ဆန်း ၏ လမ်းခွဲရှင်းတမ်း


"ကျွန်တော်ဟာ အောင်စုတင် အဖွဲ့ဝင်ဖြစ်ခဲ့ပြီး NLD တွက် ဗဟိုဦးစီး အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း စည်းရုံးရေးအဖွဲ့ ဥက္ကဌ နှင့် သဘာပတိ တစ်ဦးလည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် NLD ကနေ ထုတ်ပယ်ခဲ့စဉ်က ကျွန်တော် ကန့်ကွက်ခဲ့ပါတယ်။
လက်ရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ နိုင်ငံရေးဦးဆောင်မှုများဟာ ဗဟိုဦးစီးစံနစ် လွန်ကဲ လွန်းပြီး ဗျူရိုကရေစီ စရိုက်လက္ခဏာများ လွှမ်းမိုးနေပါတယ်။ အုပ်စုဂိုဏ်းဝါဒများ တစ်စခန်းထ လာသလိုဖြစ်နေပါတယ်။ NLD ဟာ အရှိတရားကို လက်မခံ မျက်ကွယ်ပြုပြီး ဓမ္မဓိဌာန်ကျကျ မကြည့်မြင်ပဲ၊ ဆန္ဒစွဲများအပေါ်တွင် အခြေခံလျှက် အယူအဆခြင်း မတူသည့် အချို့ပုဂ္ဂိုလ်များ အပေါ်တွင် အဆိုးမြင်ဝါဒ လွှမ်းမိုးနေပါတယ်။
NLD ၏ နိုင်ငံရေးဦးဆောင်မှုဟာ တနေ့တခြားဗဟိုဦးစီးစနစ် လွန်ကဲလာပြီး ဒီမိုကရေစီသဘော တရားများနဲ့ ဆန့်ကျင်ဘက်ဖြစ်လာကာ ရေပေါ်ဆီ ဒီမိုကရေစီ အာဏာရှင် လမ်းကြောင်းဘက်ကို ဦးတည်သွားနေပါတယ်။ ဖြစ်စဉ်ဖြစ်ရပ်များအရ သာဓကများစွာ ပြနိုင်ပါတယ်။ ဒီမိုကရေစီ စနစ် နဲ့ ဒီမိုကရေစီ ကျင့်စဉ်များကို ပြောင်ပြောင်တင်းတင်း ဥပက္ခာပြုပြီး ဗျူရိုကရေစီ စနစ် နဲ့ ဗျူရိုကရေစီ စရိုက်တွေသာ လွှမ်းမိုးနေပါတယ်။ ဒါပေမယ့်လည်း ကာယကံရှင်များက အရှက်ကင်းမဲ့နေကြပြီး ရိုသူမရှက် မြင်သူ ရှက်သာ ဖြစ်နေပါတယ်။
NLD ပါတီဟာ နိုင်ငံရေး အောက်လမ်းနည်းများဖြစ်တဲ့ ကျိတ်ဝိုင်းများ၊ လက်တို့ဝိုင်းများ၊ ခြေပုန်း ခုတ်ခြင်းများ၊ ကွက်ကျော်ရိုက်ခြင်းများကို တွင်တွင်ကျယ်ကျယ် သိက္ခာမဲ့စွာ အတင့်ရဲစွာ ပြုလုပ်နေ ပါတယ်။ NLD ပါတီဟာ ၎င်း တို့ အာဏာရရှိဖို့အတွက် လုပ်ဖော်ကိုင်ဖက် စိတ် ကင်းမဲ့ခြင်း၊ ရဲဘော် ရဲ ဘက်စိတ်ကင်းမဲ့ခြင်း၊ အစဉ်အလာများကို တန်ဖိုးမထားခြင်း၊ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း စတဲ့ သရုပ်ပျက် ဒီမိုကရေစီ နဲ့ လမ်းသရဲ ဒီမိုကရေစီ စရိုက်လက္ခာများ လွှမ်းမိုးလာပြီး အများညီလျှင် ဤ ကို ကျွဲ ဖတ် လာကြတာကို မမြင်ချင်အဆုံး မြင်လာရပါတယ်။
အုပ်စု ဂိုဏ်း ဂဏ နိုင်ငံရေး အတွေးအခေါ်များကလည်း အဆင့်မြင့် အမျိုးသားနိုင်ငံရေး အတွေး အခေါ် များ မဟုတ်ပဲ အတ္တလွန်ကဲလွန်းသော အဆင့်နိမ့် ခွေးကတတ် နိုင်ငံရေး အတွေးအခေါ်များ သာ ဖြစ်နေပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဝိသမလောဘ (မတရားလိုချင်မှု) နိုင်ငံရေးသ မားတွေ၊ နိုင်ငံရေး သက္ကာယဒီဠိ စွဲကပ်နေသူတွေ၊ သရုပ်ပျက် ဒီမိုကရေစီ သမားတွေ၊ လမ်းသရဲ ဒီမိုကရေစီ အတုအယောင် သမားတွေ၊ ဂုဏ်းဥဏ အုပ်စု နိုင်ငံရေး သမားတွေ၊ ရေပေါ်ဆီ နိုင်ငံရေး သမားတွေ၊ အဓမ္မနိုင်ငံရေး ဝါဒ သမားတွေနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။
NLD အနေနဲ့ "ဖြုတ်၊ ထုတ်၊ သတ်" "ငါနဲ့မတူ ငါ့ရန်သူ" လို့ ဆက်လုပ်နေမယ်ဆိုရင် တရုတ်ကွန်မြူ နစ် ပါတီရဲ့ သင်ခန်းစာများကို လေ့လာရပါမယ်။ NLD ရဲ့ လုပ်ရပ်တွေနဲ့ ခံယူချက်တွေကို ယုံကြည် မှု လုံးဝ မရှိတော့တဲ့အတွက် ပါတီကနေ နှုတ်ထွက်ပါတယ်။ နှုတ်ထွက်ရခြင်းအကြောင်း အသေးစိတ် နဲ့ ယုံကြည်မှု ကင်းမဲ့ခဲ့ရတဲ့ ဖြစ်စဉ်များကို သီးခြား ရှင်းလင်း တင်ပြသွားပါမယ်။"


From:
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုမှ လျှို့ဝှက်သတင်းများ

No comments:

Post a Comment