Friday, December 13, 2013

ကချင်ပြည်နယ် မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်ရှိ ရှမ်းရွာ ၁၄ ရွာတွင် ကေအိုင်အေက တစ်ရွာလျှင် ၁၅ ဦးပေးရန် အကြောင်းကြားထားဟု ဒေသခံများဆို

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာတစ်ဝိုက်ရှိ ကျေးရွာ ၁၄ ရွာတွင် ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေမှ တစ်ရွာလျှင် လူ ၁၅ ဦးကျပေးရန် အကြောင်းကြားထားကြောင်း ဒေသခံများက The Daily Eleven သို့ ပြောကြားသည်။

ယင်းကျေးရွာများမှာ မန်းဝိန်းကြီးကျေးရွာမှ တရုတ်နိုင်ငံ နောင်တောင်းမြို့သို့ သွားရာလမ်းတစ်လျှောက်နှင့် နန့်ခမ်းသို့သွားရာ လမ်းတစ်လျှောက်ရှိ ကွက်လုံ၊ တန်ခမ်း၊ ကုန်းခမ်း၊ နောင်မွန်၊ နန့်ဟီး၊ ဆွန်ခါး၊ မန်အိုက်တိုက်၊ နောင်စွဲ၊ မန်ဖြတ်၊ ဟိုဟင်၊ နောင်နွန်၊ နောင်လွတ်၊ ဖာဆန့် စသော ရှမ်းတိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာများ
 ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါကျေးရွာများမှ ဒေသခံများက " အကြောင်းသိရတာက ၄ ရက်လောက်ပဲ ရှိသေးတယ်။ အကြောင်းကြားတာတော့ ၁၀ ရက်လောက်ရှိတော့မယ်။ ကေအိုင်အေရဲ့ စစ်အထောက်အကူပြု ပြည်သူစစ်ပုံစံ ဖွဲ့စည်းချင်ပုံရှိနေတယ်။ ဆွေးနွေးညှိနှိုင်းကြတော့ ဘယ်သူ့မှမလိုက်ချင်တော့ ပြဿနာတက်ပြီ။ ပေးမယ်။ မပေးဘူး အကြောင်းမပြန်ရသေးဘူး။ ကျွန်တော်တို့ ဒေသမှာတော့ လက်နက်ကိုင် နှစ်ဖက်စလုံးကို ကြောက်နေရတယ်။ ကေအိုင်အေကတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက တစ်အိမ်ထောင် ဆန်နှစ်တင်းခွဲ၊ ဆားတစ်ထုပ်ပေးရင်ရပြီ။ ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေကြတယ် " ဟု ပြော ကြားကြသည်။

ယင်းကိစ္စအား ကေအိုင်အိုပြန်ကြားရေးဌာနနှင့် ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့မှ ငြင်းဆိုထားပြီး စုံစမ်းမှုများပြုလုပ်ခဲ့ကြောင်း အကြောင်းပြန်ကြားခဲ့သည်။ ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က " ကျွန်တော်တို့ဆီကိုတော့ ဒီသတင်းတွေ တင်ပြတာမရှိဘူး၊၊ မန်ဝိန်းကြီးနားမှာဆိုရင်တော့ အစိုးရတပ်မတော်ကပဲ နေရာယူထားလို့ မဖြစ်နိုင်ဘူး။ ကေအိုင်အေကလည်း ဒါမျိုးတွေမလုပ်ပါဘူး " ဟု ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

ဗန်မော်ခရိုင်အုပ်ချုပ်ရေးဌာနမှ အရာရှိတစ်ဦးက " စိန်လိန်က ခြောက်ယောက်မှာ သုံးယောက် ပြန်ရပြီလို့ အခုပဲသတင်းရတယ်။ မန်ဖွက ၂၃ ဦး၊ပါတော်မှာ ခြောက်ဦး၊ မောရ၀တီ လေးဦး၊ ဗန်းမော် သုံးဦး ဒါတွေက စာရင်းရှိပါ။ ကျန်တဲ့အကြောင်းတွေကတော့ ဘာအကြောင်းမှ မကြားရသေးဘူး။ ကွင်းဆင်းလေ့လာနေတဲ့ အဖွဲ့တွေလည်း ရှိပါတယ် " ဟု ဒီဇင်ဘာ ၁၂ ရက်က ပြောကြားသည်။

ကချင်ပြည်နယ် ရှမ်းရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည်က မန်စီနယ်အတွင်း အဓမ္မခေါ်ဆောင်ခြင်းခံရသည့် လူငယ်များမှာ ရှမ်းလူမျိုးများဖြစ်ပြီး တစ်ရွာလျှင် ၁၅ ဦးကျ ပါဝင်ရန် အကြောင်းကြားခံရသည့် ရွာများမှာလည်း ရှမ်းရွာများသာဖြစ်ကြောင်း၊ အစိုးရဘက်မှ မည်သို့မျှမတတ်နိုင်သော်လည်း လူမှုအသင်းအဖွဲ့အချို့က ယင်းဒုက္ခများလွန်မြောက်အောင် ဆောင်ရွက်နေကြောင်းThe Daily Eleven ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့ အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းထွန်းရင်က " မန်စီဒေသကို ဒီအဖြစ်အပျက်တွေ ဟုတ် မဟုတ် ကွင်းဆင်းခဲ့ပါတယ်။ ကျွန်တော်တို့ စာရင်းအရ ၄၉ ဦး ရှိပါတယ်။ အပြင်စာရင်း တွေမပါဘူး။ ရှမ်းနီတွေပါပဲ။ ကေအိုင်အိုရဲ့ နည်းပညာအကြံပေးအဖွဲ့ကို တောင်းဆိုထားပေမယ့် အထက်ကိုတင်ပြပေးမယ်လို့ ပြောပါတယ်။ မြောက်ပိုင်းတိုင်းမှူးနဲ့ေ တွတာကတော့ ဖြစ်သွားတဲ့နေရာဟာ တပ်မတော်နဲ့ နီးနီးဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သွားတင်ပြတာပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ လူအင်အား လေးသောင်းနဲ့ ဆန္ဒပြဖို့ရှိပေမယ့် တင်ပြထားတုန်းရှိပါသေးယ် " ဟု ပြောကြားသည်။

No comments:

Post a Comment